ထိုင်းနိုင်ငံကို ရောက်နေတဲ့ ခရီးသွားဧည့်သည် ပြင်သစ်နိုင်ငံသူ အမျိုးသမီးဆီမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း တွေ့ရှိခဲ့တယ်လို့ ရောဂါထိန်းချုပ်ရေးဌာန (DDC) က သတိပေး ပြောဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံတွင်း ၁၇ ရက်ကြာပြီးနောက် Koh Samui အရောက် နေထိုင်မကောင်းရာကနေ ရောဂါပိုးကူးစက်ခံရကြောင်း တွေ့ခဲ့ကြတာပါ။
ကူးစက်ခံရတဲ့ အမျိုးသမီးဟာ ထိုင်းနိုင်ငံက နိုင်ငံခြားသားခရီးသွားတွေအပေါ် ထုတ်ပြန်ထားတဲ့ ၁၄ ရက်ကြာ Quarantine ဝင်ခဲ့စဉ်မှာ မတွေ့ခဲ့ရတာကြောင့် ကျန်းမာရေးတာဝန်ရှိသူတွေက ပြည်တွင်းကနေ ကူးစက်ခံရတာ ဖြစ်နိုင်တယ်လို့ သံသယ ဝင်နေကြပါတယ်။
ရောဂါကူးစက် ပျံ့နှံ့မှုဌာန အကြီးအကဲ Sophon Iamsirithavorn က အသက် ၅၇ နှစ်အရွယ် အဆိုပါအမျိုးသမီးဟာ ၁၄ ရက်ကြာ Samut Prakan ခရိုင်မှာ Quarantine ဝင်စဉ် Negative အဖြေ ၂ ကြိမ်ထွက်ခဲ့ပြီးနောက်မှ ကူးစက်ခံရတာဖြစ်လို့ ပြည်တွင်းကူးစက်မှု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ပြင်သစ်နိုင်ငံသူဟာ နိုင်ငံတွင်း ၁၇ ရက်ကြာ နေထိုင်ပြီးနောက် အောက်တိုဘာ ၁၇ ရက်ကစပြီး ဖျားနာခဲ့တာပါ။ ဒါပေမဲ့ သူဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း အနိမ့်ဆုံးမှာရှိနေတဲ့ Limoges ကနေ ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ဒေါက်တာ Sophon ကတော့ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့လမ်းကြောင်းကို စုံစမ်းဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။ “ရောဂါထိန်းချုပ်ရေးလုပ်ငန်းစဉ်အဖြစ် ဒီကူးစက်မှုမှာ သံသယရှိသူ အားလုံးကို ကျန်းမာရေးတာဝန်ရှိသူတွေက စုံစမ်းနေပါတယ်” လို့ ပြောပါတယ်။
အစောပိုင်းကလည်း ထိုင်းနိုင်ငံကို သြဂုတ်လ ၁၁ ရက်က ရောက်လာခဲ့တဲ့ Buriram United ကစားသမား Akbar Ismatullaev လည်း ၁၄ ရက်ကြာ Quarantine ဝင်ပြီးနောက် စက်တင်ဘာလထဲမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ဖူးပါတယ်။
ရောဂါကူးစက်ခံထားရတဲ့ ပြင်သစ်အမျိုးသမီးဟာ အမျိုးသား၊ သားဖြစ်သူတို့နဲ့အတူ စက်တင်ဘာ ၃၀ ရက်က ထိုင်းလေကြောင်းလိုင်းနဲ့ ရောက်လာခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာ ၃ ရက်နဲ့ ၁၁ ရက် ဆေးစစ်ချက်မှာ Negative အဖြေ ထွက်ထားခဲ့ပြီးသူပါ။
Quarantine ကာလအပြီး အောက်တိုဘာ ၁၅ မှာ ပြင်သစ်သံရုံးကို သွားရောက်ခဲ့ပြီး၊ အဲ့ဒီ့နေ့မှာပဲ ဘန်ကောက် လေကြောင်းလိုင်းနဲ့ Samui ကို ရောက်လာခဲ့တာပါ။ နေမကောင်းဖြစ်ပြီး ၃ ရက်အကြာ အောက်တိုဘာ ၁၇ မှာ ပုဂ္ဂိုလ်ကဆေးရုံတခုကို သွားပြခဲ့ပြီးနောက်မှာ COVID-19 ကူးစက်ခံရကြောင်း တွေ့ခဲ့ကြပါတယ်။
ပြင်သစ်အမျိုးသမီးရဲ့ အမျိုးသားနဲ့ သားဖြစ်သူ ဆေးစစ်ချက်မှာတော့ ရောဂါကူးစက်ခံရကြောင်း မတွေ့ခဲ့ရသလို၊ အတူလိုက်ပါလာတဲ့ မိတ်ဆွေ အမျိုးသမီးကိုလည်း ဆေးစစ်ထားဆဲ ဖြစ်ပါတယ်။ ပြည်သူ့ကျန်းမာရေးဝန်ကြီး Anutin Charnvirakul က ပြင်သစ်နိုင်ငံသူ ဆေးရုံတက်ရောက် ကုသနေတဲ့ Samui ဆေးရုံကို ရောက်လာခဲ့ပြီး Favipiravir ဆေးအလုံး ၁,၀၀၀ ပေးခဲ့ပါတယ်။
Ref: Bangkok Post
You may also like these stories:
ထိုင်းနိုင်ငံသို့ ပြည်ပခရီးသွားများ ပြန်လည် ဝင်ရောက်ခွင့်ပြု
စင်ကာပူမှာ အယောက် ၂၀ ထိ အဖွဲ့လိုက် လည်ပတ်ခွင့်ပြုတော့မည်
Thai Airways ရဲ့ လေယာဉ်စီးပြီး နိုင်ငံအနှံ့ လည်ပတ်ခံစားနိုင်မယ့် ခရီးစဉ်