အီဂျစ်နိုင်ငံရဲ့ သမိုင်းဝင် ပိရမစ်တွေကို ကြည့်ရင်း အပန်းဖြေ စားသောက်နိုင်မယ့် နေရာတခုကို ဖန်တီးထားပါတယ်။ ရှေးဟောင်းနေရာတခုဖြစ်တဲ့ Giza ပိရမစ် ဧရိယာထဲမှာ ပထမဆုံး စားသောက်ဆိုင်ကို ဖွင့်လှစ်ထားတာပါ။
“Nine Pyramids Lounge” လို့ နာမည်ပေးထားတဲ့ စားသောက်ဆိုင်ကို အောက်တိုဘာ ၂၀ ရက်ကစတင် ဖွင့်လှစ်ခဲ့ပြီး ၂ ရက်အကြာမှာပဲ ပထမဆုံး ဧည့်သည်တွေကို ဝန်ဆောင်မှု ပေးနိုင်ခဲ့တယ်လို့ အီဂျစ်ခရီးသွားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ယူကရိန်းနဲ့ ဘီလာရုစ်နိုင်ငံက ခရီးသွားအဖွဲ့တွေဟာ သမိုင်းဝင် ပိရမစ်တွေကို လာရောက် ကြည့်ရှုရင်း အသစ် ဖွင့်လှစ်လိုက်တဲ့ စားသောက်ဆိုင်မှာ အပန်းဖြေ အနားယူခဲ့ကြပါတယ်။ ဆိုင်အကျယ်အဝန်း ၁,၃၄၁ စတုရန်းမီတာ ရှိပြီး အတွင်းအပြင် စားသောက်နိုင်မယ့် နေရာတွေ ခွဲခြားပေးထားပါတယ်။
ဆိုင်ကတော့ ရိုးရှင်းစွာ သစ်သား အဆောက်အအုံ ဖြစ်ပြီး ဧည့်သည်တွေက ထိုင်ခုံပေါ်မှာ ထိုင်စားနိုင်သလို၊ Bedouin-style ခေါင်းအုံးလေးတွေ စီထားတဲ့ မြေပြင်ပေါ်မှာလည်း စီစဉ်ပေးထားပါတယ်။ Nine Pyramids Lounge ဟာ Orascom Investment Holding Company လက်အောက်က Orascom Pyramids ကနေ စီမံခန့်ခွဲနေတာ ဖြစ်ပါတယ်။
ဥက္ကဋ္ဌဖြစ်သူ Naguib Sawiris က အဆိုပါ စားသောက်ဆိုင်ဟာ သူတို့ကုမ္ပဏီရဲ့ပထမဆုံး ခြေလှမ်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မှာ အီတလီ စားသောက်ဆိုင်၊ ကော်ဖီဆိုင်နဲ့ အရှေ့တိုင်း စားသောက်ဆိုင်တွေကိုပါ ထပ်မံ တိုးချဲ့ဖွင့်လှစ်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
အီဂျစ်နိုင်ငံမှာ ခရီးသွားလာခွင့်တွေကို ခွင့်ပြုခဲ့ပြီး ၃ လကြာတဲ့အထိ ကူးစက်မှုတွေ မတွေ့ရကြောင်း ခရီးသွားဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် စက်တင်ဘာ ၁ ရက်ကစလို့ နိုင်ငံအားလုံးက ခရီးသွားတွေကို ခွင့်ပြုလိုက်ပြီး ၇၂ နာရီအတွင်း COVID-19 ကင်းစင်ကြောင်း ထောက်ခံချက် လက်မှတ် မူရင်း ပြသရမယ်လို့ ဆိုပါတယ်။
ခရီးသွားဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ခရီးသွားလုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်ဖို့အတွက် အစိုးရပိုင်းက ကူညီထောက်ပံ့ပေးနေပြီး ခရီးသွားနဲ့ ဟိုတယ်လုပ်ငန်းရှင်တွေ ပေးသွင်းရမယ့် ရေခွန်၊ လျှပ်စစ်ခွန်၊ ဂတ်စ်ခွန် စတဲ့ အခွန်အခတွေကိုလည်း လျှော့ပေါ့ပေးထားတယ်လို့ ဆိုပါတယ်။
နိုင်ငံတွင်း သွားလာလည်ပတ်ခွင့် ပြန်ခွင့်ပြုပြီးနောက် ၁၅ နိုင်ငံက ခရီးသွားဧည့်သည် ၃ သိန်းကျော် လာရောက် လည်ပတ်ပြီးပြီလို့ ဆိုပါတယ်။ အီဂျစ်နိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေ ၁၅ ရာခိုင်နှုန်းဟာ ခရီးသွားလုပ်ငန်းအပေါ် မှီတည်နေတာပါ။
COVID-19 ကူးစက်မှုတွေကြောင့် မတ်လကနေ စတင်ပြီး လအတော်ကြာ ခရီးသွားခွင့် ကန့်သတ်ခဲ့တာကြောင့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံလောက် ဆုံးရှုံးခဲ့ရတယ်လို့ ခရီးသွားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Ref: Egypt Independent
You may also like these stories:
စင်ကာပူလေကြောင်းပိုင် လေယာဉ်ကို စားသောက်ဆိုင်အဖြစ် ပြောင်းလဲ
ထိုင်းကို လာရောက် လည်ပတ်နေတဲ့ ပြင်သစ်နိုင်ငံသူ ကိုဗစ် ကူးစက်ခံရ
ထိုင်းနိုင်ငံသို့ ပြည်ပခရီးသွားများ ပြန်လည် ဝင်ရောက်ခွင့်ပြု