တရုတ်နိုင်ငံဟာ ကမ္ဘာအနှံ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု များလာတာကြောင့် တရုတ်နိုင်ငံသား မဟုတ်တဲ့ ဗြိတိန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ အိန္ဒိယ၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေကို ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ပါတယ်။ ဗီဇာခွင့်ပြုထားသူတွေ၊ နေထိုင်ခွင့်ရထားသူတွေနဲ့ ပြည်ဝင်ခွင့်ပြုထားဆဲ နိုင်ငံတွေက သူတွေကိုလည်း အရင်ထက် ပိုမို တင်းကျပ်တဲ့ ကျန်းမာရေးဆေးစစ်ချက်တွေ တောင်းခံသွားမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရှိ ဗြိတိန်ကုန်သည်ကြီးများအသင်းဘက်က သက်ဆိုင်ရာ တရုတ်သံရုံးတွေကနေ ပြည်ဝင်ခွင့် ကန့်သတ်လိုက်ကြောင်း ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေနဲ့ ပတ်သက်ပြီး နောက်ထပ် ကြေညာချက်အသစ်တွေကို စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။
ဗြိတိန်နိုင်ငံမှာ ကူးစက်မှုတွေ များလာတာကြောင့် တလကြာမယ့် Lockdown ကို ကြာသပတေးနေ့က စတင်ခဲ့ပါတယ်။ နေ့စဉ် ကူးစက်မှုနှုန်း ၂၀,၀၀၀ ကျော် ရှိနေပြီး သေဆုံးနှုန်းကလည်း ဥရောပတိုက်မှာ အများဆုံး ဖြစ်နေပါတယ်။
နောက်ထပ် ဥရောပနိုင်ငံ တနိုင်ငံ ဖြစ်တဲ့ ဘယ်လ်ဂျီယံဟာ COVID-19 ကူးစက်မှုများတဲ့ နိုင်ငံစာရင်းထဲ ဝင်လာနေပါပြီ။ ပြင်သစ်နဲ့ အိန္ဒိယနိုင်ငံကလည်း ကမ္ဘာပေါ်မှာ ကူးစက်မှုအများဆုံး နိုင်ငံ ၅ နိုင်ငံအတွင်းမှာ ပါဝင်ပါတယ်။
တရုတ်နိုင်ငံဟာ မတ်လတုန်းကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် နိုင်ငံခြားသား ပြည်ဝင်ခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။ စက်တင်ဘာ ၂၈ မှာတော့ ပြည်ဝင်ခွင့်တွေ နိုင်ငံအားလုံးကို ပြန်ဖွင့်ပေးခဲ့ပေမယ့် အခုတော့ ကူးစက်မှု အများဆုံးဖြစ်နေတဲ့ နိုင်ငံတွေကို ကန့်သတ် ပိတ်ပင်လိုက်ပြန်ပါတယ်။
ပြည်ဝင်ခွင့် ကန့်သတ်ချက် တချို့ကြောင့် နိုဝင်ဘာလထဲ တရုတ်နိုင်ငံကို လာရောက်မယ့် ခရီးသွားတွေဟာ သတ်မှတ်ရက်ထက် ပိုစောပြီး ရက်ရွှေ့ခဲ့ကြပါတယ်။ နိုဝင်ဘာလလယ်လောက်မှာ အမေရိကန်နိုင်ငံ၊ ဆီယက်တယ်ကနေ တရုတ်ပြည် ပြန်လာမယ့် တရုတ်လူမျိုး Linyi Li က သူမ ခရီးစဉ်ကို နိုဝင်ဘာ ၆ ရက်ထိ ရှေ့တိုးလိုက်တယ်လို့ ဆိုပါတယ်။
“သွားမယ့်သူတွေအားလုံးက ရက်ရွှေ့လိုက်တော့ လေယာဉ်လက်မှတ်တွေ အားလုံး စက္ကန့်ပိုင်းအတွင်း ကုန်သွားပါတယ်။ ကျမလည်း တကယ်လို့ အမေရိကားကို ပြန်လာလို့ မရခဲ့ရင်ဆိုပြီး ဒီက မိသားစုပိုင်ပစ္စည်းလေးတွေကိုတောင် အမြန်သွားရောင်းလိုက်တယ်” လို့ Linyi Li က ပြောပါတယ်။
နိုဝင်ဘာ ၆ ရက်ကစပြီး အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ နဲ့ ထိုင်းနိုင်ငံကနေ တရုတ်ပြည်တွင်း ပြန်ဝင်လာမယ့်သူတွေဟာ ၄၈ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကင်းရှင်းကြောင်း Nucleic acid test နဲ့ သွေးတွင်းပဋိပစ္စည်း ဆေးစစ်ချက်တွေကို မဖြစ်မနေ ယူဆောင်လာရမှာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၈ ရက်ကစလို့ ဂျပန်၊ သြစတြေးလျနဲ့ စင်ကာပူနိုင်ငံတွေကိုပါ လုပ်ဆောင်ဖို့ အစီအစဉ် ရှိနေပါတယ်။
တရုတ်နိုင်ငံရှိ ဥရောပသမဂ္ဂ ကုန်သည်ကြီးများအသင်းကတော့ ပဋိပစ္စည်း စမ်းသပ်စစ်ဆေးမှုဟာ တွင်တွင်ကျယ်ကျယ် မရှိသေးဘူးလို့ ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ အကြီးဆုံးလေကြောင်းလိုင်း China Southern Airlines ကလည်း အာရှနဲ့ အာဖရိကရှိ နိုင်ငံ ၂၁ နိုင်ငံက ခရီးသွားတွေကို Transit Services ရပ်နားထားတယ်လို့ ဆိုပါတယ်။
Ref: Bangkok Post
You may also like these stories:
ဗြိတိန်မှာ ကိုဗစ်ကူးစက်သူ ၁ သန်းကျော်သွားတာကြောင့် တနိုင်ငံလုံး Lockdown ချ
အမေရိကန်မှာ ရွေးကောက်ပွဲကာလအတွင်း ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်လာ
ထိုင်ဝမ်မှာ ပြည်တွင်းကူးစက်မှု မရှိတာ ၆ လကျော်ပြီ