ထိုင်းနိုင်ငံဟာ နိုင်ငံတကာက ခရီးသွားတွေကို ဝင်ရောက်ခွင့်ပြုလိုက်ပါပြီ။ လာရောက်မယ့် နိုင်ငံတွေရဲ့ COVID-19 ကူးစက်မှု အခြေအနေကို မကြည့်တော့ဘဲ မည်သူမဆို ရက်ရှည် Special Tourist Visa (STV) နဲ့ ဝင်ရောက်ခွင့် ပြုလိုက်တာပါ။
လာရောက်မယ့် ခရီးသွားတွေဟာ ထိုင်းနိုင်ငံရဲ့ ၁၄ ရက် Quarantine အစီအစဉ်ကို လိုက်နာရဦးမှာဖြစ်တယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ Rachada Dhnadirek က ဒီဇင်ဘာ ၈ ရက်မှာ ပြောကြားလိုက်ပါတယ်။ ခရီးသွားလုပ်ငန်း စည်ကားလာဖို့အတွက် ဖြေလျှော့ရေး ပေါ်လစီ ထင်ဟပ်ရေးမှာ အစိုးရဘက်က အလှည့်ပြောင်း တခုလည်း ဖြစ်ပါတယ်။
ဒါ့အပြင် STV ကိုင်ဆောင်ထားတဲ့ ခရီးသွားတွေကို နောက်ထပ် ရက် ၃၀ ဒါမှမဟုတ် ပေါင်း ရက် ၆၀ နေထိုင်ရေး အချိန်ကာလ တိုးမြင့်ပေးထားတယ်လို့ မစ္စ Rachada က ဆိုပါတယ်။
ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာကလည်း ထွက်ပေါ်နေတဲ့ ကောလဟာလတွေလို ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်း ကြုံတွေ့နေတာမျိုး မရှိသလို၊ အစုလိုက် ကူးစက်ပျံ့နှံ့တဲ့ အခြေအနေလည်း မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။
ပြည်သူတွေကိုလည်း အခြေအနေ ပိုးဆိုးသွားသယောင် အထိတ်တလန့် မဖြစ်ကြဖို့နဲ့ မီဒီယာတွေရဲ့ လွန်ကျူး ရေးသားချက်တွေကြောင့် စိုးရိမ်လွန်ပြီး ဟိုတယ်မှာ တည်းခိုဖို့ ကြိုတင်ဘိုကင် အများအပြား ဖျက်သိမ်းသွားကြတယ်လို့ ဝန်ကြီးချုပ် ချန်အိုချာက ဆိုပါတယ်။
ရောဂါထိန်းချုပ်ရေးဌာန ဒေါက်တာ Chakrarat Pittayawonganon က လက်ရှိ ကူးစက်ခံနေရသူတွေဟာ ဘန်ကောက်မြို့တော်က ပုဂ္ဂိုလိကဆေးရုံနဲ့ State Quarantine က ကျန်းမာရေးဝန်ထမ်း ၄ ဦးဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေ ကူးစက်ခံရတာနဲ့ ပတ်သက်ပြီး သူတို့ကိုယ်တိုင် ပေါ့ဆမှုကြောင့် ဒါမှမဟုတ် တခြား အကြောင်းရင်းကြောင့် ဆိုတာကို စုံစမ်းဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးတာဝန်ရှိသူတွေကနေ ဒီဇင်ဘာ ၈ ရက်က COVID-19 ကူးစက်ခံရသူ ၁၉ ဦးရှိပြီး ဒီထဲက ၁ ဦးက မြန်မာနယ်စပ် တာချီလိတ်မြို့နဲ့ ဆက်စပ်နေတဲ့ ၃၉ ဦးမြောက် ကူးစက်ခံရသူလည်း ဖြစ်ပါတယ်။
Chiang Rai မှာနေတဲ့ အဆိုပါအမျိုးသားဟာ နိုင်ငံတွင်းကို တရားမဝင် ဝင်ရောက်လာတဲ့ထဲက COVID-19 ကူးစက်ခံထားရတဲ့ နောက်ဆုံး ထိုင်းလူမျိုးဖြစ်ပြီး ရောဂါလက္ခဏာ မပြဘူးလို့ ဒေါက်တာ Chakrarat က ဆိုပါတယ်။
ထိုင်းနိုင်ငံဟာ လက်ရှိအချိန်ထိ COVID-19 ကူးစက်ခံရသူပေါင်း ၄,၁၅၁ ဦးရှိပြီး သေဆုံးသူ ၆၀ ဦးရှိကာ ပြန်လည် သက်သာလာသူ ၃,၈၈၀ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
Ref: Bangkok Post