စင်ကာပူနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းကို အောင်မြင်စွာ ထိန်းချုပ်နိုင်တဲ့ ထိုင်ဝမ်နိုင်ငံက လာမယ့် ခရီးသွားတွေအတွက် ပြည်ဝင်ခွင့် ကန့်သတ်ချက် စည်းမျဉ်းတွေကို ဖြေလျှော့ပေးသွားမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၁၁ ရက်က ကြေညာလိုက်ပါတယ်။ ဒါဟာ နှစ်နိုင်ငံကြား အပြန်အလှန် ခရီးသွားလာခွင့် Travel Bubble ကိုလည်း မြှင့်တင်ပေးရာ ရောက်တယ်လို့ ဆိုပါတယ်။
နှစ်နိုင်ငံကြား အပြန်အလှန် ခရီးသွားလာခွင့်အပြင် နှစ်နိုင်ငံ ကုန်သွယ်ရေး ကဏ္ဍကိုလည်း တိုးမြင့်ပေးရာရောက်တယ်လို့ ဝန်ကြီးဌာနရဲ့ ပြောကြားချက်မှာ ပါရှိပါတယ်။ ဒါ့အပြင် ထိုင်ဝမ်ဘက်ကလည်း နိုင်ငံရဲ့ COVID-19 ထိန်းချုပ်ရေး အောင်မြင်မှုအပေါ် ရပ်တည်ပေးတဲ့ စင်ကာပူ အစိုးရကိုလည်း ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။
ထိုင်ဝမ်နိုင်ငံဟာ စင်ကာပူကို ဒီနှစ်အစောပိုင်းတုန်းက နှာခေါင်းစည်း Mask ချုပ်လုပ်ရေးအတွက် Nonwoven အထည်သားတွေ တင်ပို့ပေးခဲ့ပါသေးတယ်။ ရောဂါကာကွယ် ထိန်းချုပ်ရေးမှာ “နယ်စည်းခြားခြင်း မရှိစေရ”ကို ဖော်ပြတဲ့အနေနဲ့ ဆေးဘက်သုံး Mask တွေနဲ့ N95 တွေကိုပါ ပေးပို့လှူဒါန်းခဲ့တာပါ။
စင်ကာပူနိုင်ငံဟာလည်း ထိုင်ဝမ်ရဲ့ ကူးစက်ရောဂါဖြစ်ပွားမှု ထိန်းချုပ်ရေးဗဟို Central Epidemic Command Center (CECC) ကထုတ်ပြန်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု နိမ့်တဲ့ ၁၆ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။
စင်ကာပူရဲ့ အပြန်အလှန် ခရီးသွားခွင့် ပေါ်လစီအသစ်အရ လာရောက်မယ့် ထိုင်ဝမ်ခရီးသွားတွေကို အိမ်မှာသီးခြား အရင် နေထိုင်ရမယ့် လိုအပ်ချက် မလိုအပ်တော့ဘဲ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းကို တိုးမြင့်အောင် ဆောင်ရွက်သွားမယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။ အဆိုပါ စနစ်သစ်ကို ထိုင်ဝမ်ရဲ့ CECC နဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ထိုင်ဝမ်ခရီးသွားတွေဟာ စင်ကာပူနိုင်ငံထဲကို ဒီဇင်ဘာ ၁၈ ရက်ကစလို့ Air Travel Pass လျှောက်ထားပြီး ဝင်ရောက်နိုင်ပြီ ဖြစ်ပါတယ်။ အဆိုပါ ဝင်ခွင့်လျှောက်ထားသူဟာ စင်ကာပူကို မလာခင် ထိုင်ဝမ်နိုင်ငံမှာ ၁၄ ရက် နေထိုင်ထားသူ ဖြစ်ရပါမယ်။ ဒါ့အပြင် လေဆိပ်မှာ COVID-19 စစ်ဆေးခံရမှာဖြစ်ပြီး Negative ထွက်တယ်ဆိုရင် စင်ကာပူမှာ သီးခြားခွဲနေရမယ့် Stay-home ကန့်သတ်ချက် နေစရာ မလိုအပ်တော့ဘဲ ဖြေလျှော့ပေးသွားမှာ ဖြစ်ပါတယ်။
စင်ကာပူကလည်း ထိုင်ဝမ်ရဲ့ ပြည်သူ့ကျန်းမာရေး စောင့်ကြည့်မှုပိုင်းကို ချီးကျူး ပြောဆိုလိုက်ပြီး COVID-19 ထိန်းချုပ်ရေးမှာ ပြည်တွင်းကူးစက်မှု မရှိအောင် လုပ်နိုင်မှုကိုလည်း ချီးမွမ်းသွားခဲ့ပါတယ်။
ထိုင်ဝမ်ဟာ လက်ရှိ အချိန်ထိ COVID-19 ကူးစက်မှုပေါင်း ၇၂၅ ခုရှိခဲ့ပြီး ဒီထဲက ၆၃၃ ခုက ပြည်ပကပြန်လာသူတွေဖြစ်ပါတယ်။ သေဆုံး သူ ၇ ဦးပဲ ရှိပြီး ပျောက်ကင်းသက်သာလာသူ ၅၉၅ ဦးရှိလာလို့ ဆေးရုံမှာ ကုသပေးနေရသူ ၁၂၃ ဦးသာ ကျန်တော့တယ်လို့ CECC က ထုတ်ပြန်ထားပါတယ်။
Ref: Taipei Times