Travel

ထိုင်ဝမ်နဲ့ အပြန်အလှန် ခရီးသွားလာရေး ဆက်သွယ်မယ့် ဂူအမ်ကျွန်း

ထိုင်ဝမ်နိုင်ငံနဲ့ ဂူအမ်ကျွန်းဟာ ၂၀၂၁ ခုနှစ် ပထမလေးလပတ် အတွင်းမှာ အပြန်အလှန် ခရီးသွားလာရေး (Travel Bubble) ပြုလုပ်သွားဖို့ ရှိနေပါတယ်။ ဂူအမ်ကျွန်း အုပ်ချုပ်ရေးမှူး Lourdes Leon Guerrero က နောက်နှစ် ဇန်နဝါရီမှာ ထိုင်ဝမ်ကို အလည်အပတ် လာရောက်ပြီး အဆိုပါ အစီအစဉ်အတွက် ဆွေးနွေးသွားမယ့်အကြောင်း ပြောကြားလိုက်ပါတယ်။

ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ အမေရိကန်ပြည်ထောင်စုရဲ့ တသီးတခြားရှိနေတဲ့ လက်အောက်ခံ နယ်မြေတခုဖြစ်တဲ့ ဂူအမ်ကျွန်းရဲ့ အဓိကစီးပွားရေး လုပ်ငန်းတွေထဲမှာ ခရီးသွားလုပ်ငန်းလည်း ပါဝင်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံစီးပွားရေး အဓိကကျတဲ့ ခရီးသွာလာရေးလုပ်ငန်းတွေ ၂၀၂၁ ခုနှစ်မှ ပြန်ဖွင့်ပေးတဲ့အခါ ထိုင်ဝမ်နိုင်ငံ အပါအဝင် နိုင်ငံတချို့နဲ့ ဆက်သွယ် ဆောင်ရွက်သွားဖို့ ရှိပါတယ်။

“လူဦးရေ ၂၃ သန်းရှိတဲ့ အရှေ့အာရှနိုင်ငံဖြစ်တဲ့ ထိုင်ဝမ်နဲ့ ခရီးသွားလုပ်ငန်း အလေးထားဆောင်ရွက်ရတာဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို အအောင်မြင်ဆုံး ထိန်းချုပ်ဟန့်တားနိုင်တဲ့ အချက်ကြောင့်ပါ။ လက်ရှိအချိန်ထိ ကူးစက်သူ ရာဂဏန်းပဲရှိပြီး သေဆုံးသူကလည်း ၇ ဦးပဲ ရှိပါတယ်။ အပြန်အလှန် ခရီးသွားနိုင်ရေး အစီအစဉ် စတင်နိုင်ဖို့ နောက်လထဲမှာ ပြောဆို ဆွေးနွေးသွားဖို့ ရှိပါတယ်” လို့ အုပ်ချုပ်ရေးမှူး Leon Guerrero က ဆိုပါတယ်။

ယခင်အပတ်က ဂူအမ် ခရီးသွားဗျူရို ဥက္ကဋ္ဌ Carl Gutierrez ကလည်း ထိုင်ဝမ်ခရီးသွားတွေဟာ ကပ်ရောဂါကာလ မတိုင်ခင်ကတည်းက ဂူအမ်ကျွန်းကို အများဆုံး ဝင်ထွက်သွားလာသူတွေ ဖြစ်သလို၊ ထိုင်ဝမ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍဟာလည်း ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံး ပြန်လည် ကောင်းမွန်လာမယ့်နိုင်ငံတွေထဲမှာ ပါဝင်လာလိမ့်မယ်လို့ ပြောဆိုသွားပါတယ်။

ဒါ့အပြင် ထိုင်ဝမ်လေကြောင်းလိုင်း StarLux နဲ့ EVA Air တို့ကိုလည်း ဂူအမ်ကျွန်းကို ပျံသန်းခွင့် ပြန်ပြုလိုက်ပြီဖြစ်တယ်လို့ မီဒီယာသတင်းတွေမှာ ဖော်ပြထားပါတယ်။

အုပ်ချုပ်ရေးမှူး Leon Guerrero က ဒေသခံအုပ်ချုပ်ရေးအဖွဲ့ဟာ ထိုင်ဝမ်အပါအဝင် တခြားနိုင်ငံတွေနဲ့လည်း ခရီးသွားလာရေး မြင့်တင်နိုင်ဖို့ အားပေး ဆောင်ရွက်နေတဲ့အကြောင်း ပြောဆိုသွားပါတယ်။ ဗိုင်းရပ်စ် ကာကွယ်ဆေး အရေအတွက် ပိုများလာတဲ့အခါ ကျွန်းပေါ် ခရီးသွားလာခွင့်တွေကို ဒီ့ထက်ပိုလမ်းဖွင့်ပေးသွားဖို့ ရှိကြောင်း ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်ဘက်ကလည်း ဂူအမ်ကျွန်း အုပ်ချုပ်ရေးမှူး Leon Guerrero ရဲ့ ခရီးစဉ်ကို ကြိုဆိုကြောင်း ပြောကြားလိုက်ပြီး၊ ထိုင်ဝမ်ဟာ ဂူအမ်ကျွန်းနဲ့ ဆက်ဆံရေး ကောင်းမွန်ပြီး ရင်းနှီးတဲ့ ဆက်သွယ်မှု ရှိကြောင်း၊ အပြန်အလှန် ခရီးသွားလာရေး အစီအစဉ်ကိုလည်း ကြိုတင် ဆွေးနွေးမှု ရှိထားပြီး၊ နောက်လ တရားဝင်ခရီးစဉ်မှာ အသေးစိတ် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။

ထိုင်ဝမ်နိုင်ငံဟာ နှစ်နိုင်ငံ အပြန်အလှန် ခရီးသွားလာရေး (Travel Bubble) အစီအစဉ်တွေကို စင်ကာပူနိုင်ငံနဲ့ ဒီဇင်ဘာ ၁၈ ရက်က စတင်ခဲ့သလို၊ နောက်ထပ် ဟောင်ကောင်၊ ဂျပန်၊ ဗီယက်နမ်နိုင်ငံတွေနဲ့လည်း ပြောဆို ဆွေးနွေးထားတယ်လို့ ပို့ဆောင်ရေးဝန်ကြီး Lin Chia-lung က ဆိုပါတယ်။

Ref: Taiwan News

Loading