တရုတ်နိုင်ငံဟာ ယူကေမှာ ပျံ့နှံ့နေတဲ့ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲ ကူးစက်မှု အန္တရာယ်ကြောင့် ဗြိတိန်နဲ့ အပြန်အလှန် တိုက်ရိုက် လေကြောင်းခရီးစဉ်တွေကို အကန့်အသတ် မရှိ ရပ်ဆိုင်းလိုက်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wang Wenbin က ဒီဇင်ဘာ ၂၄ ရက်မှာ ပြောကြားလိုက်ပါတယ်။
“ကျနော်တို့ အားလုံး စဉ်းစားဆုံးဖြတ်ပြီးချိန်မှာ တခြားနိုင်ငံတွေလိုပဲ ယူကေနဲ့ အပြန်အလှန် သွားနေတဲ့ လေကြောင်းခရီးစဉ်တွေ အားလုံးကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တရုတ်နိုင်ငံဘက်ကလည်း လက်ရှိ အခြေအနေကို ကာကွယ်ထိန်းချုပ်နိုင်ဖို့ အနီးကပ် စောင့်ကြပ် ကြည့်ရှုသွားမယ်” လို့ နေ့စဉ်မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောခွင့်ရပုဂ္ဂိုလ် Wang Wenbin က ပြောပါတယ်။
ဗြိတိန်နိုင်ငံမှာ မူလထက် ၇၀ ရာခိုင်နှုန်း ကူးစက်မြန်တဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲ ကူးစက်မှုတွေ မြင့်တက်လာတယ်လို့ ထွက်ပေါ်လာအပြီးမှာ ကမ္ဘာတဝှမ်းရှိ နိုင်ငံအများအပြားဟာ ဗြိတိန်က လာမယ့် ခရီးသွားတွေကို ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ပါတယ်။ ဒါ့အပြင် ယူကေနဲ့ ထိစပ်နေတဲ့ နယ်စပ်ဂိတ်တွေကိုပါ အရေးပေါ်ပိတ်ပင်ခဲ့တာပါ။
လေကြောင်းဆိုင်ရာ အချက်အလက်တွေအရ လက်ရှိမှာ တရုတ်ပြည်မကြီးနဲ့ ဗြိတိန်ကို Air China, China Eastern Airlines, China Southern Airlines တွေကနေ အပတ်စဉ် ပြေးဆွဲနေတဲ့ ခရီးစဉ် ၈ ခု ရှိပါတယ်။ ဗြိတိန် လေကြောင်းလိုင်းတွေကတော့ အပတ်စဉ် လန်ဒန်နဲ့ ရှန်ဟိုင်း ကို ခရီးစဉ် ၂ ကြောင်း ပြေးဆွဲပေးနေတာပါ။
တရုတ်နိုင်ငံဟာ ယခင်လကစပြီး ဗြိတိန်ကနေ တရုတ်နိုင်ငံသား မဟုတ်တဲ့ ခရီးသွားတွေကို ပြည်ဝင်ခွင့် ရပ်ဆိုင်းခဲ့ပါတယ်။ တရားဝင် ဗီဇာနဲ့ နေထိုင်ခွင့်ရထားသူတွေကိုတောင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက်လာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်ပင်ထားတာပါ။
စကော့တလန်နိုင်ငံ မြို့တော် အီဒင်ဘတ်မှာရှိတဲ့ တရုတ်ဗီဇာ လျှောက်လွှာစင်တာကိုလည်း ဒီဇင်ဘာ ၂၉ ရက်ကစလို့ နောက်ထပ် ထုတ်ပြန်ချက်တွေ မထုတ်ပြန်ခင်ထိ ယာယီ ပိတ်သိမ်းထားမယ်လို့ စင်တာရဲ့ ဝက်ဘ်ဆိုက်မှာ ကြေညာထားပါတယ်။ စကော့တလန်နိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်တွေကို အမြင့်ဆုံးအဖြစ် အဆင့် ၄ ကို တိုးမြင့်ထားပါတယ်။
လန်ဒန်နဲ့ မန်ချက်စတာမှာရှိတဲ့ အင်္ဂလန်နိုင်ငံက တရုတ်ဗီဇာ စင်တာ ၂ ခုကိုလည်း ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ် ကူးစက်မှုတွေကြောင့် ဒီဇင်ဘာ ၂၂ ရက်ကနေ ဒီဇင်ဘာ ၂၉ ရက်ထိ ပိတ်ထားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။ မြောက်အိုင်ယာလန်၊ ဗဲလဖတ်မြို့မှာရှိတဲ့ တရုတ်ဗီဇာ စင်တာကိုတော့ မတ်လတည်းက ပိတ်သိမ်းထားတာ ဖြစ်ပါတယ်။
Ref: Reuters
You may also like these stories:
ဝူဟန်မြို့ကို ခရီးသွားတွေ လာရောက် လည်ပတ်ကြဖို့ ဖိတ်ခေါ်
ထိုင်ဝမ်မှာ ၈ စက္ကန့်ကြာ Quarantine စည်းကမ်း ချိုးဖောက်သူကို ကန်ဒေါ်လာ ၃၅၀၀ ဒဏ်ရိုက်
နိုင်ငံတကာ ခရီးသွားအားလုံး ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုပြီ