တောင်ကိုရီးယားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာ့ပြည်တွင်းရေး အခြေအနေကြောင့် ခရီးသွားသတိပေးချက် အဆင့်ကို ထပ်မံ တိုးမြင့်လိုက်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံ တနိုင်ငံဖြစ်တဲ့ မြန်မာကို ရောက်နေတဲ့ ကိုရီးယားနိုင်ငံသားများ ဘေးကင်းလုံခြုံရေးအတွက် ရည်ရွယ်ပြီး အဖွဲ့တဖွဲ့ ဖွဲ့စည်းသွားဖို့ရှိတယ်လို့ ဆိုပါတယ်။
အဆိုပါ ထုတ်ပြန်ချက်ဟာ မြန်မာနိုင်ငံမှာ စစ်ကောင်စီက အာဏာသိမ်းမှုကြောင့် ကန့်ကွက်ဆန္ဒပြသူတွေကို သွေးမြေကျ နှိမ်နင်းခဲ့ရာ ပြည်သူ ရာနဲ့ချီ သေဆုံးနေရဆဲ အခြေအနေမှာ ထွက်ပေါ်လာခဲ့တာပါ။ တောင်ကိုရီးယား နိုင်ငံခြားရေးဌာနကနေ အဆင့် ၄ ဆင့် ရှိတဲ့ထဲက ဒုတိယအဆင့်ကို တိုးမြင့် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားအစိုးရဟာ အန္တရာယ်ရှိ နိုင်ငံတွေဆီ ရောက်နေတဲ့ နိုင်ငံသားတွေ ပြန်လာနိုင်ဖို့ သတိပေးချက်အဖြစ် အဆင့် ၄ ဆင့် သတ်မှတ်ထားပြီး အခုကတော့ ဒုတိယအဆင့်ကို ထုတ်ပြန်လိုက်တာပါ။
“မြန်မာနိုင်ငံကို သွားဖို့ စီစဉ်ထားတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေကိုလည်း ခရီးစဉ် ဖျက်သိမ်းဖို့၊ ဒါမှမဟုတ် ရွှေ့ဆိုင်းထားဖို့ ပြောပြထားပါတယ်။ မြန်မာနိုင်ငံကို ရောက်နှင့်ပြီးသား ကျနော်တို့ နိုင်ငံသားတွေကိုလည်း အရေးကြီးကိစ္စရပ်တွေ မရှိရင် ပြန်လာခဲ့ဖို့ အကြောင်းကြားထားတယ်” လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်း ပြောကြားသွားပါတယ်။
နိုင်ငံခြားရေးဝန်ကြီး Chung Ei Yong ဦးဆောင်ကာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်ရပ်တွေကြား တောင်ကိုရီးယားနိုင်ငံသားများ ဘေးကင်းလုံခြုံရေးအတွက် တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်သလို၊ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Choi Jong Moon ကတော့ တခြား တာဝန်ရှိသူတွေနဲ့ လက်တွဲပြီး နိုင်ငံရပ်ခြား ကောင်စစ်ဝန် လုပ်ငန်းပိုင်းဆိုင်ရာတွေကို ကူညီသွားမှာ ဖြစ်ပါတယ်။
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကလည်း မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အနီးကပ်စောင့်ကြည့် လေ့လာရင်း တောင်ကိုရီးယားနိုင်ငံသားတွေ ဘေးကင်းလုံခြုံဖို့ကို ပိုမိုအားထည့်ဆောင်ရွက်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်တွင်းရေးကြောင့် အရေးပေါ်ကိစ္စရပ် မရှိတဲ့ နိုင်ငံခြားသားတွေကို သက်ဆိုင်ရာနိုင်ငံ အသီးသီးကလည်း ပြန်လည် ခေါ်ဆောင်မှုတွေ ရှိနေပါတယ်။ ဒါ့အပြင် နိုင်ငံတွင်းက လက်နက်ကိုင် မငြိမ်သက်မှုတွေနဲ့ COVID-19 အခြေအနေကြောင့် ခရီးမသွားရ နေရာအဖြစ် သတ်မှတ်ခံထားရပါတယ်။
Ref: Yonhap News Agency
You may also like these stories:
စစ်ဘေးရှောင်ဒေသများအတွက် လှူဒါန်းဖို့ သီချင်းရောင်းမယ့် Key Lashi
“အရေးတော်ပုံအောင်တဲ့အထိ လုပ်စရာရှိတာ ဆက်လုပ်နေမှာပါ”လို့ သန္တာလှိုင် ဆို
ကိုဗစ် ကာကွယ်ဆေး ထိုးတဲ့ အတွေ့အကြုံ ဝေမျှခဲ့တဲ့ ဥက္ကာမင်းမောင်