“လူသူ ကင်းမဲ့ပြီး မြို့ပျက်ကြီးလို ဘာမှမရှိတော့ဘဲ၊ ညဘက်ဆိုရင် Ghost Town (တစ္ဆေမြို့) တမြို့လိုပဲ သွားတာ၊ လာတာ ဘာမှ မရှိတော့ဘူး” ဟု ကိုမိုးဝေယံမြင့်က ပြီးခဲ့သည့် ဇူလိုင်လပိုင်း မြင်တွေ့ခဲ့ရသည့် ပုဂံအခြေအနေကို ပြန်ပြောပြသည်။
နီစွေးစွေးအရောင် ရှေးဟောင်း ပုဂံဘုရားများကြားက နေထွက်နေဝင် မြင်ကွင်းကို တောင်ကုန်းများပေါ်မှ စောင့်ကြည့် ကြ သော ခရီးသွားများ၊ ဘုရားစေတီများတွင် လှည့်ပတ်နေတတ်သော ခရီးသွားများ၊ ဘုရားများ၏ ဝင်ပေါက်နှင့် ဘေးဝဲယာ များရှိ လက်ပန်းချီရေးဆွဲပေးသည့် ဆိုင်၊ အမှတ်တရ လက်ဆောင်ပစ္စည်းဆိုင်၊ စားသောက်ဆိုင်၊ ဘုရားသမိုင်းကို ရှင်းပြ ပေးတတ်သည့် ဌာနေကလေးငယ်များနှင့် ခရီးသွားများကို တင်ကာ ပြေးဆွဲပေးနေသည့် မြင်းလှည်းများမှ အစ ပုဂံဒေသ တွင် အမြဲမြင်တွေ့ရသည့် အရာအားလုံး ယခုအချိန်တွင် ဘာမှ မရှိတော့။
ခရီးသွားဧည့်သည်များ မလာရောက်ခြင်းနှင့် ကိုဗစ် ၁၉ စည်းကမ်းများအရ ပုဂံဘုရားများထဲသို့ ဝင်ရောက် ဖူးမြှော်ခွင့် ပိတ် ထားခြင်းတို့ကြောင့် အာနန္ဒာ၊ ဓမ္မာရံကြီး၊ အလိုတော်ပြည့်၊ သဗ္ဗညု၊ ရွှေစည်းခုံ၊ ရွှေဆံတော်ကဲ့သို့ အထင်ကရ ပုဂံဘုရားများမှလွဲ၍ ကျန်ပုဂံဘုရား အများစုမှာ အမှိုက်များ လင်းနို့နှင့် ငှက်တို့၏ အညစ်အကြေးများကြောင့် သန့်ရှင်းမှု မရှိတော့ဟု ကိုမိုးဝေယံမြင့်က ဆိုသေးသည်။
ပြည်တွင်း ပြည်ပ ခရီးသွားများနှင့် အမြဲလိုလို စည်ကားနေတတ်သော မြန်မာနိုင်ငံ၏ အထင်ကရခရီးသွား ဒေသတခု လည်းဖြစ် မြန်မာ့ယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ် ဒေသလည်းဖြစ်သည့် ကမာ္ဘ့ အမွေအနှစ်စာရင်းဝင် ပုဂံယဉ်ကျေးမှု ဇုန်သည် လူသွားလူလာ ခြောက်ကပ်ကာ တိတ်ဆိတ်နေခဲ့သည်မှာ ယခုဆိုလျှင် တနှစ်ကျော်ခဲ့ပြီဖြစ်သည်။
တရုတ်နိုင်ငံမှ စတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်သည် နိုင်ငံအများစုသို့ ကမ္ဘာ့ကပ်ရောဂါအသွင်ဖြင့် ကူးစက်ပျံနှံခဲ့ရာ ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းမှ စ၍ ပုဂံဒေသကို နိုင်ငံခြားသား ခရီးသွားများ ဝင်ရောက်မှု ရပ်တန့်သွားခဲ့သည်။
၂၀၁၉ ခုနှစ်တွင် ပုဂံ ဒေသသို့ နိုင်ငံခြားသား ဧည့်သည် ၄ သိန်းကျော်နှင့် ပြည်တွင်း ခရီးသွားမှာ ၁ သိန်း ၆ သောင်းကျော် (လိုင်စင်ရ ဟိုတယ်များ၏ စာရင်းအရ) အထိ ဝင်ရောက်ခဲ့ပြီး ထိုနှစ်၏ ဒီဇင်ဘာလ ၁ လတည်းမှာပင် နိုင်ငံခြားသား ခရီး သွား ၆ သောင်းကျော် ဝင်ရောက်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်၊ ဟိုတယ်နှင့် ခရီး သွား ညွှန်ကြားမှု ဦးစီးဌာန(ပုဂံဌာနခွဲ) ၏ စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုးသည် ၂၀၂၀ မတ်လပိုင်း၌ စတင်ကူးစက်လာသဖြင့် အစိုးရက ကပ်ရောဂါ ကူးစက်မှု နှုန်း ကို ထိန်းချုပ်သည့် နည်းလမ်းတခုဖြစ်သော ခရီးသွားလာမှုများကို ကန့်သတ်လိုက်သဖြင့် ပုဂံဒေသသည် ပြည်တွင်း ခရီး သွားများကို စောင့်မျှော်ခွင့် ဆုံးရှုံးခဲ့ရ ပြန်သည်။
“ပုဂံက ဟိုတယ်လုပ်ငန်းတွေက ဝင်ငွေ အကုန် ဇီးရိုး ဖြစ်သွားတာကြာပြီ။ ဝန်ထမ်းတွေနဲ့ သူဌေးနဲ့ကြားမှာလည်း အဆင် မပြေမှုတွေ အများကြီး ဖြစ်လာတယ်။ ကျနော်လည်း သူ့ဝန်ထမ်းတွေနဲ့ ဘယ်အချိန်အထိ အလုပ်တွေ မျှော်ပြီး လုပ်နေရမ လဲ ဆိုတာကို မသိနိုင်ရော သူဌေးဆီက ဒီအတိုင်း ပိုက်ဆံထိုင် မယူချင်တော့တာကြောင့် အလုပ်ထွက်လိုက်တယ် ” ဟု ပုဂံမြို့ဟောင်းရှိ ဟိုတယ်တခုတွင် အထွေထွေမန်နေဂျာ ရာထူးဖြင့် နှစ်အတန်ကြာ အလုပ်လုပ်ကိုင်ခဲ့သည့် ကိုမိုးဝေယံမြင့် က ဆိုသည်။
၎င်း လုပ်ကိုင်ခဲ့သော ဟိုတယ်သည် ဥရောပ အပါအဝင် အနောက်နိုင်ငံ ခရီးသွားများကို အဓိက မှီခိုကာ ဝန်ဆောင်မှု ပေးသည့် ဟိုတယ်တခု ဖြစ်သည်။
ဟိုတယ်လုပ်ငန်းများသည် ခရီးသွားဧည့်သည်များ မလာ၍ ဝင်ငွေ မရှိသည့်တိုင် ဘဏ်အတိုး၊ ဟိုတယ်အခန်းများ ထိန်း သိမ်းစရိတ်၊ ဝန်ထမ်းလစာ၊ လျှပ်စစ် မီတာခ အပါအဝင် အစိုးရ အခွန်အခများ အစရှိသည့် ကုန်ကျစရိတ်ဝန်ကို ထမ်းနေ ရသဖြင့် ဟိုတယ်ပိုင်ရှင်များလည်း ရေရှည်ဆက်လက် တောင့်မခံနိုင်တော့ဘဲ ဝန်ထမ်းလစာနှင့် ဝန်ထမ်းများ လျှော့ချခြင်း အပြင် နောက်ဆုံးအဆင့် ဟိုတယ်ကို ပြန်လည်ရောင်းချရန်အထိ လုပ်ဆောင်နေကြရပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။
ပုဂံဒေသသည် ပြည်တွင်းပြည်ပ ခရီးသွားများကိုသာ မှီခိုကာ ဝင်ငွေရနေသော ဒေသတခုဖြစ်ပြီး ကိုဗစ်ကပ်ရောဂါ ရိုက် ခတ်မှုကြောင့် ခရီးသွားများ ဝင်ရောက်မှု မရှိတော့သည့်အတွက် ဟိုတယ်လုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများ၊ အမှတ်တရ လက်မှုပစ္စည်း အရောင်းဆိုင်ကဲ့သို့သော စီးပွားရေး လုပ်ငန်းများကို အကြီးအကျယ် ထိခိုက်စေခဲ့သလို ဒေသခံ လူထုအပေါ်ကိုလည်း အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးမှုများ ဖြစ်စေခဲ့သည်။
ကိုမိုးမြင့်ဝေယံကဲ့သို့ ကိုဗစ်ကာလအတွင်း ပုဂံဒေသရှိ ဟိုတယ်လုပ်ငန်းမှ အလုပ်ထွက်လိုက်ရခြင်း သို့မဟုတ် အလုပ် ပြုတ်သွားသည့် ဝန်ထမ်း ရာပေါင်းများစွာထဲက ပုဂံမြို့ဟောင်း တောင်ဘက်ရှိ မြင်းကပါရွာသား ကိုသိန်းဇော်အောင် တယောက်လည်း အပါအဝင် ဖြစ်သည်။
မြင်းကပါရွာသည် ပုဂံဒေသ လက်မှုပစ္စည်းတခုဖြစ်သော ယွန်းထည်ပစ္စည်းများ အဓိက ထုတ်လုပ်သော ရွာကြီး တရွာ ဖြစ်သည်။
သူက ပုဂံဒေသရှိ ဟိုတယ်လုပ်ငန်းတခုတွင် ပြီးခဲ့သည့် ၂၀၀၀ ခုနှစ်မှ စတင်ကာ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး တဖက်တွင် လည်း ယွန်းထည်လက်မှု ပစ္စည်းအရောင်းဆိုင်လုပ်ငန်းကို လုပ်ကိုင်နေသူ ဖြစ်သည်။ ကိုဗစ်ကာလတွင်မူ ဝင်ငွေ အခက်အ ခဲကြောင့် ဟိုတယ်လုပ်ငန်းတွင် ဆက်လက် လုပ်ကိုင်ရန် အဆင်မပြေတော့သဖြင့် အလုပ်မှ ထွက်လိုက်ရသလို ယွန်းထည် လက်မှုပစ္စည်းများလည်း ရောင်းမရတော့ကြောင်း ကိုသိန်းဇော်အောင်က ဧရာဝတီကို ပြောပြသည်။
သူက “ကျနော်တို့ ပုဂံဒေသဆိုတာ ခရီးသွား ဧည့်သည်တွေကိုပဲ အားကိုးနေရတာ တခြားစီးပွားရေး လုပ်ငန်း ဆိုတာ မရှိသလောက်ပါ။ ဒီခရီးသွားတွေ မလာဘူးဆိုရင် ပုဂံဒေသက လူတွေက ဘာမှလုပ်မရတော့ဘူးလေ” ဟု ဆိုသည်။
ပုဂံဒေသခံများ၏ အခြားသော ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းငယ်များဖြစ်သည့် မြင်းလှည်းမောင်းသူများနှင့် E Bike (ဘက်ထ ရီဆိုင်ကယ်) ငှားရမ်းခြင်း လုပ်ငန်းလုပ်ကိုင်သူများလည်း စားဝတ်နေရေး အဆင်ပြေစေရန် မြင်းများ ပြန်လည် ရောင်းချ ခြင်း၊ E Bike များ ပြန်ရောင်းခြင်းဖြင့် အသက်ဆက်နေကြရကြောင်း ကိုသိန်းဇော်အောင်က ပုဂံဒေသခံများ၏ အခြေအနေ ကို ရှင်းပြသည်။
အရင်က ခရီးသွားဧည့်သည်တွေ တင်လာသော ကားကြီး ကားငယ်များကြောင့် ဖုန်တသောသောထခဲ့သည့် ပုဂံမြို့သစ်နှင့် မြို့ဟောင်းကြား ဆက်ထားသော မြေနီလမ်းလေးမှာလည်း ယခုအခါ အသက်မဲ့လျှက်၊ ခြူသံခွာသံပေးကာ တက်တက် ကြွကြွ ပြေးလွှားနေသည့် လှည်းဆွဲမြင်းရထားတို့၏ အသံကိုပင် မကြားရသည်မှာ ကြာခဲ့လေပြီ။
“ဒီလိုခိုင်းနှိုင်း ပြောရတာ မကောင်းပါဘူးဗျာ၊ သုသာန်တစ ပြင်ကြီးလိုကို ခြောက်ကပ်နေတာ” လူသူမဲ့ ခြောက်ကပ်ကပ် ပုဂံမြင်ကွင်းကို ကိုသိန်းဇော်အောင်က စိတ်မကောင်းစွာဖြင့် ဆိုသည်။
မြန်မာနိုင်ငံတွင် ခရီးသွားရန် စိတ်ကူးကြည့်မိပါက ပုဂံဒေသသည် မပါမဖြစ် ခရီးသွားဒေသတခု ဖြစ်ခြင်းကြောင့် လူသူ ကင်းမဲ့ပြီး တစ္ဆေမြို့ဟောင်းတခုလို ခြောက်ကပ်သွားသော မြန်မာ့အထင်ကရ ခရီးသွားဒေသ ပုဂံ၏ လက်ရှိ အခြေအနေ သည် မြန်မာ့ခရီးသွားကဏ္ဍ တခုလုံးကို ကိုယ်စားပြုနိုင်သည်ဆိုလျှင် မမှားပေ။
ကိုဗစ်ရောဂါသည် အလယ်ပိုင်း မိုးနဲရေရှားရပ်ဝန်း ပုဂံမှသည် မြန်မာပြည် မြောက်ပိုင်း နှင်းဖုံးပူတာအို၊ အေးမြသည့် ရာသီဥတုနှင့် ရေမြေတောတောင်ရှုခင်းလှပသည့် ရှမ်းပြည်တကြော ကလော၊ အင်းလေးကန် အပါအဝင် ပင်လယ်ပျော်တို့ နှစ်သက်ရာ အရှေ့တောင်အာရှ၏ အလှဆုံးကမ်းခြေ စာရင်းဝင်များ တည်ရှိသည့် အောက်ပိုင်းဒေသအထိ မြန်မာ့ခရီးသွား ကဏ္ဍ အားလုံးအပေါ် သက်ရောက်မှုက ကြီးမားလေသည်။
“ကိုဗစ်စ ဖြစ်ကတည်းက ခရီးသွားက နည်းသွားတာ လုံးဝကို ရပ်တန့်သွားတာ တနှစ်ကျော်သွားပြီ ဆိုတော့ ကျနော်တို့ ရပ်တည်မှုတွေက တော်တော်ကြီးကို ခက်ခဲသွားပြီ” မြန်မာနိုင်ငံအထက်ပိုင်း မြောက်ပိုင်း ရှမ်းပြည်နယ် သီပေါ မြို့နယ်မှ Mr Bike ခရီးသွား ကုမ္ပဏီလုပ်ငန်းရှင် ဦးမျိုးလွင်က ဆိုသည်။
သီပေါမြို့သည် ဟိုးယခင် ရှမ်းစော်ဘွားများနေထိုင်ရာ မြို့ဖြစ်ပြီး ရှမ်းတောင်တန်းများနှင့် တောတွင်း လမ်းလျှောက်ကာ သဘာဝရှုခင်း ကြည့်ရှုခြင်းကို နှစ်သက်သော ပြည်တွင်းပြည်ပ ခရီးသွား စိတ်ဝင်စားသည့် ခရီးသွားဒေသ တခုဖြစ်ပြီး ရှေးဟောင်း သီပေါဟော်နန်းသည်လည်း ခရီးသွားများကြား နာမည်ကြီးသည်။
“ကျနော်တို့ ပုဂံဒေသဆိုတာ ခရီးသွား ဧည့်သည်တွေကိုပဲ အားကိုးနေရတာ တခြားစီးပွားရေး လုပ်ငန်း ဆိုတာ မရှိသလောက်ပါ။ ဒီခရီးသွားတွေ မလာဘူးဆိုရင် ပုဂံဒေသက လူတွေက ဘာမှလုပ်မရတော့ဘူးလေ”
ဦးမျိုးလွင်သည် ပြည်တွင်း ပြည်ပ ခရီးသွားများကို Trekking နှင့် Sightseeing (သဘာဝ ရှုခင်းကြည့် အပန်းဖြေ ခရီးသွား ခြင်း) ဝန်ဆောင်မှုပေးသည့် လုပ်ငန်း လုပ်ကိုင်သူဖြစ်သည်။ ကိုဗစ်မတိုင်မီကာလတွင် ၎င်း ကုမ္ပဏီသည် တလလျှင် နိုင်ငံခြားသား ခရီးသွား ၁၅၀ မှ ၂၀၀ အထိ ဝန်ဆောင်မှု ပေးခဲ့ရသည်။
အခုတော့ ခရီးသွားလုပ်ငန်းမှ ဝင်ငွေရပ်တန့်သွားခြင်းကြောင့် တောင်ယာအလုပ်ပြန် လုပ်ကိုင်သူများနှင့် အိမ်ဆောက် လုပ်ငန်း အစရှိသည့် ကိုယ်ကျွမ်းကျင်ရာ နယ်ပယ်များသို့ ပြောင်းလဲ လုပ်ကိုင်နေကြရကြောင်း သူ၏ ဒေသရှိ ခရီးသွား လုပ်ငန်း လုပ်ကိုင်သူများ၏ အခြေအနေကို သူက ပြောပြသည်။
ဦးမျိုးလွင်က “ခရီးသွားလုပ်ငန်းက မီးခိုးမထွက်တဲ့ စက်ရုံလို့ ဆိုတဲ့အတိုင်းပဲ ကျနော်တို့လည်း မီးခိုး မထွက်ဘဲ မီးခိုးလို ပျောက်နေသလို ဖြစ်နေပါပြီ” ဟု သူတို့၏ ခရီးသွားလုပ်ငန်း အခြေအနေ ကို ပြောဆိုသည်။
အလားတူ နိုင်ငံခြားသားများ လည်ပတ်ရန် နှစ်သက်သည့် ရှမ်းပြည်တောင်ပိုင်း ကလောမြို့၏ ခရီးသွားလုပ်ငန်းကလည်း ကိုဗစ်ကြောင့် ကျဆင်းနေချိန် အာဏာသိမ်းလိုက်သည့်အခါ ပြည်တွင်းခရီးသွားပင် မလာရောက်နိုင်တော့ဘဲ ဒုတ်ဒုတ်ထိ အောက်ခြေသို့ပင် ကျဆင်းသွားလေပြီ။
“ကိုဗစ်တွေဘာတွေ မဖြစ်ခင်တုန်းက ကျနော်တို့ ခရီးသွားကဏ္ဍက တအားကြီးကို အရှိန်ကောင်းနေပြီ။ အခုကတော့ လုံးဝကို ဂျွမ်းထိုးမှောက်ခုန် ဖြစ်သွားပြီ ” ဟု ရှမ်းပြည်နယ် ကလောမြို့က တိုးဂိုက် ကိုမိုးတိမ်က ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲ ဖြစ်သော ၂၀၁၀ နောက်ပိုင်းတွင် ၎င်းတို့ ဒေသကို နိုင်ငံခြား သားခရီးသွားများ ဝင်ရောက်မှု မြင့်လာပြီး ဧည့်လမ်းညွှန်လုပ်ငန်းမှာ ၆ လ လုပ်၊ ၆ လ နားဆိုရာမှ ၂၀၁၅-၁၆ ခုနှစ် နောက်ပိုင်းတွင် ပြည်တွင်းခရီးသွားများပါ တိုးတက်လာသည့်အတွက် ၁ နှစ်ပတ်လုံး အလုပ်မပြတ်ရှိခဲ့ကြောင်း ယခင်အခြေအနေကို သူက ပြန်ပြောင်းပြောပြသည်။
ယခုတော့ သူ ဧည့်လမ်းညွှန်အလုပ် မလုပ်ရသည်မှာ ၁ နှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပြီး ၂၀၂၀ ဩဂုတ်လအတွင်းမှာ ပြည်တွင်းခရီးသွားအဖွဲ့ ၂ ဖွဲ့ကို Trekking နှင့် Sightseeing နောက်ဆုံး လိုက်ပို့ပေးခဲ့ရခြင်း ဖြစ်သည်ဟု ကိုမိုးတိမ်က ဆိုသည်။
ခရီးသွားလုပ်ငန်းခေတ်ကောင်းစဉ်က ကလောမြို့ရှိ လူငယ်လူရွယ်များအတွက် အလုပ်အကိုင်အခွင့် အလမ်းပေါများခဲ့ပြီး အထက်တန်းကျောင်း တက်စဉ်မှာပင် ဟိုတယ်နှင့် စားသောက်ဆိုင် အလုပ်များ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော အလုပ်အကိုင်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်ကြပြီး ယခုဧည့်သည် မလာတော့၍ ဟိုတယ် နှင့် စားသောက်ဆိုင်များ ပိတ် ထားသောကြောင့် ဘွဲ့ပညာတတ် လူငယ်များသည်ပင် စိုက်ပျိုးရေး နှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ဝင်ရောက် လုပ်ကိုင် နေကြရကြောင်း သူက ဆိုသည်။
ကိုမိုးတိမ်က “ နိုင်ငံခြားသားခရီးသွားတွေ ဘယ်တော့မှ ပြန်လာမယ်ဆိုတာကို ပြောဖို့ ခက်တော့ ပြည်တွင်းခရီးသွား တွေကိုပဲ အားကိုးရတော့မှာပေါ့။ ဒါပေမဲ့ သူတို့ကိုလည်း တော်တော်လေးကို အားတုံ့အားနာဖြစ်ရတယ် သူတို့လည်း တော်တော်လေးကို ထိထားကြတာဆိုတော့လေ” ဟု ဝမ်းနည်းစွာဖြင့် ပြောသည်။
မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဝင်ရောက်မှုသည် ၂၀၁၉ ခုနှစ် (ဇန်နဝါရီလမှ အောက်တိုဘာလအထိ) ၃ ဒသမ ၅ သန်း ကျော်အထိ ဝင်ရောက်ခဲ့သော်လည်း ၂၀၂၀ (ဇန်နဝါရီလမှ အောက်တိုဘာလအထိ) ၈ သိန်းကျော်သာ ဝင်ရောက်နိုင် ခဲ့သဖြင့် ယခင်နှစ်က ထက် ၇၅ ရာခိုင်နှုန်းကျော်အထိ ကျဆင်းသွားခဲ့ကြောင်း NLD အစိုးရ လက်ထက်က ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ၂၀၂၀ နိုဝင်ဘာလတွင် ထုတ်ပြန်သော စစ်တမ်းအရ သိရသည်။
ထိုစစ်တမ်းအရ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများမှ ရရှိသော ဝင်ငွေသည် ၂၀၁၉ ခုနှစ် (ဇန်နဝါရီမှ ဒီဇင်ဘာလ အထိ) အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံအထိ ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၅၄၀ ကျော် သာ ရှိခဲ့ရာ ၈၀ ရာခိုင်နှုန်းကျော်အထိ ကျဆင်းသွားခဲ့သည်။
အဆိုပါ လုပ်ငန်းများထဲတွင် ဟိုတယ်နှင့် တည်းခိုခန်းများ၊ ခရီးသွားကုမ္ပဏီများ၊ အစားအသောက်နှင့် အဖျော်ယမကာ လုပ်ငန်းများ၊ ဖျော်ဖြေရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်နှင့် ပြပွဲများ အပါအဝင် နိုင်ငံခြားသား ဧည့်သည်များ သုံးစွဲမှုမှ ရရှိသော အခြား ဆက်စပ် ဝင်ငွေများအထိ ပါဝင်သည်။
ခရီးသွား လုပ်ငန်းများနှင့် ချိတ်ဆက်လုပ်ကိုင်သော ဟိုတယ်နှင့် တည်းခိုခန်း အရေအတွက်မှာလည်း ၂၀၂၀ တွင် ၁၃၇၃ ခုသာ ကျန်ရှိတော့ပြီး ယခင်ကထက် ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ကာ အငှားမော်တော်ယာဉ်လုပ်ငန်းသည်လည်း ၅၀ ခုသာ ကျန်ရှိတော့ပြီး ယခင်ကထက် ၇၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ဧည့်လမ်းညွှန် အရေအတွက် လည်း ယခင်က ၃၇၄ ဦး ရှိရာမှ ၇၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့သည်။
အသေးစား လုပ်ငန်းများဖြစ်သည့် မြင်းလှည်း၊ ဆိုက်ကား၊ သုံးဘီး၊ ဆိုင်ကယ် စသော အနှေးယာဉ် လုပ်ငန်းများ၊ လက်ဆောင် ပစ္စည်းဆိုင်များ၊ စားသောက်ဆိုင်များ အပါအဝင် အစရှိသည့် လုပ်ငန်းများသည်လည်း ကိုဗစ် မဖြစ်ပွားမီ ကာလတွင် လုပ်ငန်းပေါင်း ၃၀၀ နီးပါးရှိခဲ့သော်လည်း ၂၀၂၀ ခုနှစ်တွင် ၆၁ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ကြောင်း အဆိုပါ စစ်တမ်းက ဆိုသည်။
ထိုအခြေအနေများသည် ကိုဗစ် ဒုတိယလှိုင်းကာလဖြစ်သော ၂၀၂၀ နှစ်ကုန်ပိုင်းအထိ တွက်ချက်ထားသည့် စာရင်းများ ဖြစ်ပြီး ယခု အာဏာသိမ်းမှု ၆ လအတွင်း ထိခိုက်ဆုံးရှုံးမှုကိုပါ ထည့်သွင်းတွက်ချက်ပါက ပိုများမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ အမည်မဖော်လိုသည့် လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။
သူက ဆက်လက်၍ “ကိုဗစ်ကြောင့်လည်း အထိနာ၊ နိုင်ငံရေး အပြောင်းအလဲကြောင့်လည်း အထိနာဆိုတော့ ကျနော်တို့ ခရီးသွားကဏ္ဍက တဆင့်ပြီးတဆင့် အထိနာတဲ့ ပုံစံမျိုးဖြစ်နေတာ” ဟု ဆိုသည်။
မြန်မာ့ခရီးသွားကဏ္ဍသည် တိုးတက်ရန် ဦးတည်လာနေသော အချိန်အခါ ရောက်တိုင်း မကြာခဏ ကံဆိုးမိုးမှောင် ကျရောက်လေ့ရှိခြင်းကြောင့် ခရီးသွားလုပ်ငန်းရှင် အသိုင်းဝိုင်းတွင် မြန်မာ့ခရီးသွားကဏ္ဍသည် ကျိန်စာသင့်နေပြီသလား ဟုပင် ပြောဆိုလာနေကြသည်။
စစ်အစိုးရ လက်ထက်တွင် Visit Myanmar Year 1996 ဆိုကာ ဖော်ဆောင်သော်လည်း စစ်တပ် အာဏာသိမ်း လုပ်ရပ် ကြောင့် လာမည့် ဧည့်သည်မရှိ မအောင်မြင်၊ နောက်ပိုင်း Package Tour ပုံစံဖြင့် ဝင်ရောက်မှုများ ရှိသော်လည်း ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကာလနှင့် ၂၀၀၈ နာဂစ်အရေးကိစ္စတို့တွင် စစ်တပ်၏လုပ်ရပ်များနှင့် စီမံခန့်ခွဲမှု အလွဲများကြောင့် နိုင်ငံခြားသား ခရီးသွားများ ပုံမှန် ဝင်ရောက်မှု လျော့ကျသွားပြန် ဖြစ်ရလေသည်။
သို့သော် ၂၀၁၀ နောက်ပိုင်း ဦးသိန်းစိန်အစိုးရ တက်လာပြီး နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာသဖြင့် ၂၀၁၃-၁၄ ခုနှစ် ကာလများတွင် မြန်မာ့ခရီးသွား ကဏ္ဍသည် အကောင်းဆုံး အခြေအနေသို့ ရောက်ရှိလာခဲ့သည်ဟုဆိုရမည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း မွတ်စလင်များအရေးကိစ္စ ပေါ်လာပြန်၍ ၂၀၁၆ ခုနှစ် နောက်ပိုင်းမှ စတင်ပြီး အနောက်နှင့် ဥရောပနိုင်ငံများမှ နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှုသည် တကျော့ပြန် ကျဆင်းသွားခဲ့ရပြန်သည်။
ထိုအခြေအနေကို ပြန်လည် ကုစားနိုင်ရန် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ စတင်ကာ မြန်မာ့ခရီးကဏ္ဍ၏ အရှေ့ မျှော် မူဝါဒ အဖြစ် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ခရီးသွားများကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုပေးလိုက်သဖြင့် တရုတ်နိုင်ငံမှ ခရီးသွားများ ယခင်နှစ်ကထက် ၁၆၀ ရာခိုင်နှုန်းကျော်အထိ တိုးတက်လာခြင်းနှင့်အတူ ဇီးရိုးဘတ်ဂျက် ခရီးသွား ပြဿနာများလည်း အတူပါလာခဲ့သည်။
၂၀၁၉ ခုနှစ်တွင်လည်း အနောက်နိုင်ငံနှင့် ဥရောပ နိုင်ငံတချို့ကို ဆိုက်ရောက်ဗီဇာ ထပ်မံ ခွင့်ပြုပေးလိုက်ပြီး ခရီးသွားများ ကို ပြန်လည် ဆွဲဆောင်ခဲ့ရာ မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှုသည် ၂၀၁၉ ခုနှစ်တွင် ၄ ဒသမ ၃ သန်းကျော်အထိ ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်ကထက် ခရီးသွား ၁ သန်းနီးပါး ပိုမို ဝင်ရောက်ခဲ့သည်။
ထို့သို့ တက်ရိပ်ပြနေခဲ့သော မြန်မာ့ခရီးသွား ကဏ္ဍကို ကပ်ရောဂါဆိုး ကိုဗစ် ၁၉ က ရပ်တန့်စေခဲ့ပြန်သည်။
မြန်မာ့ခရီးသွား လုပ်ငန်းသည် ကိုဗစ် ပထမလှိုင်းနှင့် ဒုတိယလှိုင်းကာလ (၂၀၂၀ ဧပြီလ မှ ဇန်နဝါရီလ) အချိန် တနှစ် ခန့် ကြံ့ကြံ့ခံကာ နိုဝင်ဘာအထွေထွေရွေး ကောက်ပွဲအပြီး ကိုဗစ်အလွန်ကာလ နာလန် ပြန်ထနိုင်ရန် ပြည်တွင်းခရီးသွားများကို ပစ်မှတ်ထားသော New Normal ခရီးသွား အစီအစဉ်များဖြင့် ကြိုတင် ပြင်ဆင်အားခဲခဲ့သော်လည်း စစ်တပ်၏ အာဏာ သိမ်းမှုကို ကြုံလိုက်ရသည့်အခါ မျှော်လင့်ချက် မဲ့ သွားစေခဲ့ပြီ ဖြစ်သည်။
အထက်ပါ ခရီးသွားလုပ်ငန်းရှင်က “ခရီးသွားလုပ်ငန်းဆိုတာက နိုင်ငံရဲ့ Image (ပုံရိပ်)ကို ပြပြီး ရောင်းစားရတာလေ။ အဲဒီ Image က အခု မရှိတော့ဘူး။ ကိုဗစ် ပျောက်သွားတယ်ဆိုရင်တောင် ခရီးသွားကဏ္ဍကို ပုံမှန်ဖြစ်ဖို့ဆိုရင် အနည်းဆုံး ၁၀ နှစ်လောက် အချိန်ယူရမယ်” ဟု ပြောဆိုသည်။
ကမာ္ဘ့ခရီးသွားကဏ္ဍသည် ကိုဗစ်ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် လာမည့် ၂၀၂၃ မတိုင်မီအထိ ပြန်လည် ဦးမော့လာရန် မရှိကြောင်း ကမာ္ဘ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် (UN’s World Tourism Organization – UNWTO) ၏ အစီရင်ခံစာ က ဆိုထားသည်။
ကိုဗစ်ရောဂါအပြင် စစ်အာဏာသိမ်းမှု၏ အကျိုးဆက်များဖြစ်သော နိုင်ငံတွင်း မတည်ငြိမ်မှု၊ စီးပွားရေးကျ ဆင်းနေမှု ကြောင့် အိမ်ထောင်စုများ၏ ဝင်ငွေလျော့ကျခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးမှု အကြီးအကျယ် ရင်ဆိုင်နေ သော မြန်မာ့ခရီးသွား ကဏ္ဍအတွက်မူ အထက်ပါ သုံးသပ်ချက်ထက် ပို၍ အချိန်ကြာရန်သာ ရှိတော့သည်။
ထိုသို့ အနာဂတ် ပျောက်နေသော မြန်မာ့ခရီးသွားလုပ်ငန်း ကဏ္ဍကိုမူ ပုဂံ မြင်းကပါ ရွာသား ကိုသိန်းဇော်အောင်က သူ၏ အနာဂတ်အတွက် ဆယ်စုနှစ်တခုစာ လုပ်ကိုင်ခဲ့သော ခရီးသွားလုပ်ငန်း အခြေပြုထားသည့် သူ၏ လုပ်ငန်းအားလုံးကို စွန့်လွှတ်တော့မည် ဖြစ်ကြောင်း ပြောသည်။
“နိုင်ငံရေး တည်ငြိမ်လို့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်ပြီဆိုရင် ကျနော်တော့ တခြားကောင်း ရောင်းကောင်းဝယ် လုပ်ငန်းလေး တခုပဲ ပြောင်းလုပ်တော့မယ်ဗျာ” ဟု သူက ဆိုသည်။
အရပ်သား အစိုးရထံမှ အာဏာသိမ်းသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (နစက) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် က ပြီးခဲ့သည့် ဇွန်လ ရုရှားနိုင်ငံ မော်စကိုခရီးစဉ်တွင် ရုရှားကမ္ဘာလှည့် ခရီးသွားများ မြန်မာနိုင်ငံကို လာလည်ရေး ဆွေးနွေးခဲ့သည် ပြောနေသော်လည်း တကယ်တမ်း မြန်မာသို့ လာ ရောက်လည် ပတ်ကြသူများမှာ အနောက်နိုင်ငံသား များနှင့် တရုတ်န်ိုင်ငံသားများသာဖြစ်သည်။
ကိုဗစ်ကာလကြီးတွင် ခရီးသွား လုပ်ငန်း တိုးတက်အောင် လုပ်ဆောင်မည်ဟု အဆီအငေါ်မတည့် တွင်တွင်ပြောဆိုနေသည့် နစက၏ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီး ဦးမောင်မောင်အုန်းမှာ ယခုအခါ ပြန်ကြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့သွားပြီဖြစ်ပြီး ၎င်း၏ နေရာကို ယခင် ဦးသိန်းစိန်အစိုးရလက်ထက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဟောင်း ဦးဌေးအောင်ဖြင့် ယမန်နေ့က အစားထိုးခဲ့ရာ ကျဆင်းသွားသည့် ခရီးသွားလုပ်ငန်း ပြန်လည် ဦးမော့လာရန် မည်သို့ မြှင့်တင်မည်ကို စောင့်ကြည့်ရန်သာ ရှိတော့သည်။
You may also like this story:
ခရီးသွားကဏ္ဍ မြစ်တွင်း အပျော်စီးသင်္ဘောခရီးစဉ်များဖြင့် ပြန်စရန် စီစဉ်