ပြောင်းလဲလာတဲ့ ခေတ်ရေစီးနဲ့အညီ အသစ်အဆန်းတွေ တမျိုးပြီးတမျိုး ပေါ်ပေါက်လာတဲ့ ဒီဘက်ခေတ်မှာ ပိုက်ဆံစုဆောင်းလို့ရမယ့် စုဘူးပုံစံတွေလည်း ဒီဇိုင်းအသစ်တွေနဲ့ ခေတ်စားလာတာကို တွေ့ရပါတယ်။
အရင်တုန်းကတော့ အိုးပုတ်၊ ချိုးရုပ်ပုံစံ စုဘူးမျိုးတွေ၊ တချို့အညာဒေသတွေမှာတော့ ဝါးဆစ်စုဘူးတွေ၊ နောက်ပိုင်းမှာ တဖြည်းဖြည်း ပြောင်းလဲလာပြီး သတ္တုမုန့်ပုံးတွေမှာ အပေါက်ဖောက်၊ ဒါမှမဟုတ် ပလပ်စတစ် အရုပ်စုဘူးတွေ စသဖြင့် ဝယ်ယူပြီး ကိုယ့်တနိုင်တပိုင် ငွေကြေး စုဆောင်းခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ်။
ခုတော့ ကလေးငယ်တွေသာမက လူကြီးတွေပါ အဆင်ပြေ သဘောကျနိုင်တဲ့ Doraemon, Spiderman, Minions, Angry Birds, Hello Kitty, Pokemon စတဲ့ အရုပ်ပုံစံတွေနဲ့ ကြည့်လိုက်ရင် ATM စက်အသေးစား စုဘူးပုံစံ အသစ်တွေကို ဈေးကွက်မှာ တွေ့လာရပြီး လူစိတ်ဝင်စားမှုလည်း အတော်အသင့်များလာတယ်လို့ သိရပါတယ်။
ဒီလို အရုပ်ပုံစံ စုဘူးတွေကို Mini ATM လို့ခေါ်ပြီး ပိုက်ဆံကို စက်ထဲထည့် Password နဲ့ဖွင့်မှ ပြန်ထုတ်ယူလို့ ရမှာမို့ ခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ ATM စက်တွေရဲ့အလုပ်လုပ်ပုံမျိုး တီထွင်ထားတဲ့ ဘဏ်အသေးစားမျိုးလို့ ဆိုရမှာပါ။
မိဘတွေအနေနဲ့ မိမိတို့ရဲ့ကလေးငယ်တွေကို ပိုက်ဆံစုတတ်တဲ့ အကျင့်မျိုး လုပ်ပေးချင်တယ် ဆိုရင်လည်း ကလေးငယ်တွေ စိတ်ဝင်စားစေမယ့် အရုပ်ကလေးတွေနဲ့ Mini ATM စက်ပုံစံ စုဘူးမျိုးတွေနဲ့ အကျင့်လုပ်ပေးလို့ရပါပြီ။
လူကြီးလူငယ်တွေအနေနဲ့လည်း ဒီလိုစုဘူးမျိုးတွေနဲ့ ကိုယ့်တကိုယ်ရည် တကာယ ငွေကြေး စုဆောင်း နိုင်ကြမှာပါ။
“အရွယ်အစားက အမြင့် ၆ လက်မ၊ အကျယ် ၅ လက်မရှိပြီး ပိုက်ဆံက အနည်းဆုံး အရွက်တရာလောက် ဆန့်ပါတယ်။ အသုံးပြုပုံအနေနဲ့က ဒီစက်ကလေးမှာ Original Password ပါရှိပြီး ကိုယ့်လက်ထဲရောက်မှ Password ပြန်ပြောင်းလို့ရပါတယ်။ ဈေးနှုန်းက ၁၈၀၀၀ ကျပ်ပါ။ ဘာ Error မှ မရှိပါဘူး” လို့ Gue Gue Online Shop MDY မှ မဝေမွန်အောင်က ဧရာဝတီကို ပြောပါတယ်။