အဖြစ်အများဆုံးကျန်းမာရေးပြဿနာတွေထဲမှာ အဝလွန်ခြင်းနဲ့ ကိုယ်အလေးချိန်မြင့်မားလွန်းခြင်းဟာလည်း အခုနောက်ပိုင်းမှာ တခုအပါအဝင် ဖြစ်လာနေတာပါ။ လေ့ကျင့်ခန်းလုပ်တာနဲ့ အစားလျှော့စားတာဟာ ကိုယ်အလေးချိန်မြင့်မားလွန်းသူတွေအတွက် လုံလောက်တဲ့ နေထိုင်စားသောက်မှု တခုတော့ မဟုတ်ပါဘူး။
ဒါကြောင့်လည်း ဆေးပညာရှင်တွေက အဝလွန်ခြင်းကို ဆေးပညာအကူအညီနဲ့ လျှော့ချနိုင်ဖို့ ကြိုးပမ်းနေကြတာဖြစ်ပြီး အခုတခါမှာဆိုရင်တော့ စင်ကာပူနိုင်ငံက ဆေးသိပ္ပံပညာရှင်တွေဟာ လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ ခန္ဓာကိုယ်တွင်းက အဆီပိုတွေကို လောင်ကျွမ်းဖယ်ရှားပေးနိုင်မယ့် ကပ်ခွာတမျိုးကို တီထွင်လိုက်နိုင်ပြီပဲ ဖြစ်ပါတယ်။
ဒီအဆီကျကပ်ခွာကို တီထွင်ခဲ့သူတွေကတော့ Nanyang Technological University က Chemical and Biomedical အင်ဂျင်နီယာတွေဖြစ်တဲ့ ပရော်ဖက်ဆာ Chen Peng နဲ့ Assistant ပရော်ဖက်ဆာ Xu Chenjie တို့က တီထွင်လိုက်နိုင်တာပဲ ဖြစ်ပါတယ်။
ခန္ဓာကိုယ်တွင်းက အဆီပိုတွေကို ဖယ်ရှားပေးနိုင်တဲ့ ဆေးဝါးပစ္စည်းတော်တော်များများဟာ ကိုယ်တွင်းရေဓာတ်နဲ့ အဆီပိုတွေကို လုံးဝဖယ်ရှားပေးနိုင်လောက်တဲ့အထိ စိတ်မချရပေမယ့် အခုတီထွင်ထုတ်လုပ်လိုက်နိုင်တဲ့ အဆီကျ ကပ်ခွာဟာဆိုရင်တော့ အဆီပိုတွေကို အန္တရာယ်ကင်းကင်းနဲ့ ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။
ကိုယ်တွင်းက အဆီပိုတွေကို ဖယ်ရှားပေးနိုင်မယ့် ဒီအဆီကျကပ်ခွာကို ပထမဦးဆုံးအနေနဲ့ ဓာတ်ခွဲခန်းသုံးကြွက်တွေနဲ့ စမ်းသပ်စစ်ဆေးခဲ့တာဖြစ်ပြီး သိသာထူးခြားတဲ့ ရလဒ်ကောင်းတွေကို ရရှိခဲ့တာ ဖြစ်ပါတယ်။
လေ့လာစမ်းသပ်ချက် တွေအရဆိုရင် ဒီအဆီကျကပ်ခွာကို အသုံးပြုတဲ့အခါ ကိုယ်တွင်းက အဆီပိုတွေနဲ့ ဝမ်းဗိုက်က အဆီတွေကို ဖယ်ရှား ပေးနိုင်တဲ့အပြင် ကိုယ်အလေးချိန်ထပ်မံမြင့်တက်မလာအောင်လည်း တားဆီးပေးနိုင်တာကို တွေ့ရှိခဲ့ကြတာပါ။
အဝလွန်ခြင်းနဲ့ ကိုယ်အလေးချိန်များလွန်းခြင်းဟာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ နှလုံးသွေးကြောကျဉ်း ရောဂါနဲ့ ဆီးချိုရောဂါစတာတွေကိုပါ ဖြစ်ပေါ်စေတာကြောင့် ကိုယ်အလေးချိန်ထိန်းသိမ်းဖို့ ဆိုတာဟာ ဂရုစိုက်အလေးပေးသင့်တဲ့ ကိစ္စတခုပဲဖြစ်ပါတယ်။
Ref. www.brightside.me
You may also like these stories:
သဘာဝအရောင် ဆိုးဆေးသုံးမယ်ဆိုရင် သိထားသင့်တဲ့အချက်များ