Trend

ဘာလဲဟဲ့ Dabbing

ယခုတလော ကကွက်အသစ်တခုကို ကမ္ဘာတလွှားအွန်လိုင်းပေါ်တွင် နေရာတကာတွင် တွေ့နေရသည်။ သို့သော် ထိုကကွက်အကြောင်း လူသိနည်းနေသေးသည်။

Dabbing ဟု ခေါ်သော ထိုကကွက်သည် ကမ္ဘာတဝန်းတွင် ရေပန်းအစားဆုံးဖြစ်နေသည်မှာ အတန်ကြာပြီဖြစ်သော်လည်း လူကြိုက်များမှု လျော့ကျသွားပုံမရပေ။

Dabbing ဆိုသည်မှာ လက်တဖက်ကို ကောင်းကင်ဘက်သို့ ဆန့်တန်းပြီး ဦးခေါင်းကို အခြားလက်တဖက်ရှိရာ နေရာသို့ ကိုင်းညွတ်ခြင်းဖြစ်သည်။

ထိုကကွက်နှင့် ပတ်သက်ပြီး သင်သိထားသင့်သောအချက်များတွင် အောက်ပါတို့ ပါဝင်သည်။

ထိုကကွက်ကို မည်သူစတင်ခဲ့သနည်း

ထိုကကွက်ကို အတ္တလန်တာမှ Migos မှ ရက်ပ်ဂီတသမားများနှင့် Jose Guapo, Skippa Da Flippa, နှင့် PeeWee Longway အပါအဝင် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော အနုပညာရှင်များက စတင်ခဲ့သည်ဟု ယူဆရသည်။

Nae Nae အကကဲ့သို့ပင် အနုပညာရှင်များက ထိုကကွက်ကို ၎င်းတို့၏တေးဂီတဗွီဒီယိုများ၊ တိပ်များတွင် သရုပ်ဖော်ခဲ့ကြ ပြီး မကြာမီမှာပင် အမေရိကန်ဘောလုံးသမား ကမ်နယူတန်က ထိုကကွက်ကို လိုက်ကခဲ့သည်။

Carolina Panthers အသင်း၏တိုက်စစ်မှူးဖြစ်သူ ကမ်နယူတန်သည် ယခုအခါ Dab ကကွက်ကို လူတိုင်း ကနိုင်ရန် လုပ်ဆောင်ပေးနေသည့် သံတမန်တဦးဖြစ်သည်။

Dab ကကွက်၏ အဓိပ္ပာယ်

ထိုကကွက်မှာ အပြစ်ကင်းသယောင်ရှိသော်လည်း ၎င်း၏နောက်ကွယ်တွင် မှောင်မိုက်သော အဓိပ္ပာယ်ရှိသည်။

ကကွက်၏အမူအယာမှာလည်း ဆေးခြောက်ဆီ ရှူခြင်း၊ ဆေးခြောက်တွင် အဓိကပါဝင်သောပစ္စည်းဖြစ်သည့် THC ၏ကိုးဆယ် ရာခိုင်နှုန်းကိုရယူခြင်းတို့ကို ရည်ညွန်းသည်။

အချို့ကမူ ထိုကကွက်သည် ဆေးခြောက် အလွန်အကျွံ သုံးစွဲပြီးနောက် နှာချေခြင်းကို ကိုယ်စားပြုသည်ဟု ဆိုသည်။

လူတိုင်းနီးပါး ကကြသည်

လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းတွင်မူ ထိုကကွက်သည် လူမှုကွန်ရက်ပေါ်အထိ ချဲ့ထွင်လာခဲ့ပြီး လူတိုင်းနီးပါးက အခါအခွင့်သင့်တိုင်း ကကြသည်။

အိုင်အိုဝါတွင် ကျင်းပသော ပါတီခေါင်းဆောင်များညီလာခံတွင် ဟီလာရီကလင်တန် မိန့် ခွန်းပြောကြားနေစဉ်ကပင် ထိုကကွက်ကို ကခဲ့ကြသည်ဟု ဆိုသည်။

Dab ရူးသွပ်မှုစတင်ပြီးနောက် နာမည်ကြီးအများအပြားတို့က ထိုကကွက်ကို ကခဲ့ကြသည်။ Jesse Lingard၊ ဟယ်ရီမင်း သားနှင့် ဟီလာရီကလင်တန်တို့သည် အကောင်းဆုံးကနိုင်သူများတွင် ပါဝင်သည်။

Loading