ကျနော်တို့ ငယ်စဉ်ကနေ အခုချိန်ထိအောင် လေ့လာသင်ယူမှုတွေ လုပ်ဆောင်နေကြရပြီးတော့ ဘယ်လိုသင်ယူ မှုဆိုတာသာ သေချာ ခေါင်းစဉ်မတပ်တတ်ပေမယ့် အခုပြောမယ့်သင်ယူမှုပုံစံတွေထဲက တနည်းနည်းနဲ့ သင်ယူနေကြရတာ ဖြစ်ပါတယ်။
ဒီတော့ သင်ယူမှုပုံစံ အားလုံး ၇မျိုး ရှိတယ်၊ ဘာတွေလဲဆိုတာ သိထားရင်တော့ ကိုယ်တိုင်ပြန်ပြီး သင်ကြားပေးရတဲ့ အ နေအထားရောက်လာခဲ့ရင်တောင် ဘယ်လိုအကောင်းဆုံး ပြန်လည်သင်ကြားပေးသင့်တယ်ဆိုတာ ကောင်းစွာသဘော ပေါက်စေမှာဖြစ်လို့ အခု သင်ယူမှုပုံစံ ၇ ခုကို နားလည်အောင် မှတ်ထားကြရအောင်။
(၁) အမြင်ပိုင်း လေ့လာသင်ယူမှု
သင့်အနေနဲ့ ပုံရိပ်တွေ၊ ပုံစံတွေနဲ့ အမြင်အာရုံထဲက ထူးခြားတဲ့အရာတွေကို မှတ်သားလေ့လာသင်ယူခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ သင်ယူမှုကို အမျိုးအစား (၄) မျိုး ထပ်ခွဲနိုင်ပါတယ်။ အဲဒါတွေကတော့
(၁) ပုံကားချပ်တွေ၊ ပုံစံတွေကို ကြည့်ရှုသင်ယူခြင်း
(၂) အရောင်တရောင်စီ ခြယ်ထားတဲ့ စာလုံးတွေ၊ ပုံစံတွေကို ကြည့်ရှုသင်ယူခြင်း
(၃) မြေပုံတွေ မှတ်သားစေခြင်း၊ မြေပုံကြည့်နည်း မှတ်သားသင်ယူခြင်း
(၄) ဆေးရောင်ခြယ်ထားတဲ့ စာလုံး၊ ပုံစံတွေကို နဂိုနေရာမှာ ပြန်လည်ထားရှိစေခြင်းပုံစံနဲ့ သင်ယူခြင်းတွေ ဖြစ်ပါ တယ်။
အခုနည်းကို အသက်အရွယ်ငယ်ရွယ်သေးတဲ့ ပညာသင်သားတွေ၊ အခြားပညာရပ်တခုကို အခြေခံက စပြီး လေ့လာသင် ယူတော့မယ့်သူတွေ၊ ဒုတိယဘာသာစကားတခုခုကို သင်ယူတော့မယ့်သူတွေအတွက် အများဆုံး အသုံးပြုလေ့လာဖို့ ကောင်းမွန်မှာဖြစ်ပြီး အမြင်ပိုင်းလေ့လာသင်ယူမှုကို အခြေခံအကျဆုံး လေ့လာမှုနည်းအဖြစ် သတ်မှတ်ခံထားရတာလည်း တွေ့ရပါတယ်။
(၂) အသံပိုင်း လေ့လာသင်ယူမှု
မိမိလေ့လာချင်တဲ့အသံပိုင်းကို ဂီတပုံစံနဲ့ ဖြစ်စေ၊ စကားပြောပုံစံနဲ့ ဖြစ်စေ မှတ်သားလေ့လာသင်ယူခြင်းနည်းလမ်းဖြစ်ပါ တယ်။ ဒီအပိုင်းမှာလည်း လေ့လာမှုပုံစံ (၄)မျိုး ထပ်မံ ခွဲခြားနိုင်ပါတယ်။
(၁) မိမိရဲ့သင်ယူမှုပုံစံအတွင်းမှာ သီချင်းအနေနဲ့ဖြစ်စေ၊ စည်းချက်ညီသံပြိုင်သီဆိုဟန်ကို နားထောင်ခြင်းဖြစ်စေ၊ အသံ သွင်းတိပ်နဲ့ CD ဖိုင်တွေကို နားထောင်ခြင်းပုံစံနဲ့ လေ့လာမှု
(၂) အသံဖိုင်ကို နောက်ခံသရုပ်ဖော်အနေအထားနဲ့ ကြည့်ရှု လေ့လာမှု
(၃) ခက်ခဲ မြန်ဆန်တဲ့ စာပိုဒ် ဒါမှမဟုတ် သီချင်းပိုဒ် တခုခုကို အခေါက်အခေါက်အခါခါ နားထောင်ခြင်း၊ ပြန် လည်သီဆိုလေ့ကျင့်ခြင်းပုံစံနဲ့ လေ့လာမှု
(၄) လက်တွေ့လူမှုဘဝမှာ နားထောင်လေ့လာသင်ယူခြင်း နည်းလမ်းတွေပဲ ဖြစ်ပါတယ်။
အခုလို အသံပိုင်းလေ့လာသင်ယူမှုကတော့ မိခင်ဘာသာစကားနဲ့သင်ကြားတဲ့ ပညာရပ်တွေကို လေ့လာဖို့အတွက် လွယ်ပေ မယ့် အခြားဘာသာစကားနဲ့ သင်ကြားတဲ့ ပညာရပ်တွေကို လေ့လာဖို့ ခက်ခဲသလို အရွယ်ရောက် ပညာသင်သားတွေ အဆင့် မြင့်ပညာလေ့လာဖို့နဲ့ အခြားဘာသာစကားတွေကို လေ့လာဖို့အတွက် အများဆုံး အသုံးပြုကြပါတယ်။
(၃) အပြောပိုင်း လေ့လာသင်ယူမှု
အရေးအနေနဲ့ရော အပြောအနေနဲပါ စကားလုံးတွေ အသုံးပြုသင်ယူခြင်း ပုံစံပါ။ အခုလို အပြောအနေနဲ့ လေ့လာမှုပုံစံကို တော့ ၅မျိုး ထပ်ခွဲနိုင်တာပါ။ မိမိနှစ်သက်ရာ နည်းလမ်းနဲ့ လေ့လာနိုင်ပါတယ်။
(၁) အရေးရောအပြောပါ ပါရှိတဲ့ စာတန်းထိုး ဇာတ်လမ်းကြည့်ရှုပုံစံ လေ့လာနည်း
(၂) သင်ထောက်ကူပြုပစ္စည်း သုံးပြီး လေ့လာနည်း
(၃) သင်လေ့လာပြီး သမျှကို MP3 ဖိုင်နဲ့ သိမ်းပြီး ပြန်လည် စစ်ဆေးခြင်း၊ အမှားပြင်ဆင်လေ့လာနည်း
(၄) အသံကျယ်ကျယ် ဖတ်ပြီး ပြန်လည် အလွတ်ပြောဆိုလေ့ကျင့်နည်း
(၅) ပတ်ဝန်းကျင်မှာ မိမိလေ့လာနေတဲ့ ပညာရပ်၊ ဘာသာစကားလေ့လာသူနဲ့ ပြောဆိုဆက်ဆံလေ့လာနည်း တွေပဲ ဖြစ်ပါတယ်။
ဒီလို လေ့လာမှုကတော့ အခြားလေ့လာနည်းတွေထက် လူအကူ၊ ပစ္စည်းအကူ ပိုမို လိုအပ်လို့ အကူအညီပိုလိုအပ်တဲ့ လေ့လာနည်းပဲ ဖြစ်ပါတယ်။
(၄) ခြေ၊ လက်အမူအယာပိုင်း လေ့လာသင်ယူမှု
သင့်ရဲ့ခန္ဓာကိုယ် အမူအယာတွေနဲ့ ပတ်သက်ပြီး တတ်မြောက်မှုဆိုင်ရာ လေ့လာသင်ယူနည်းပဲ ဖြစ်ပါတယ်။ ဒီလို လေ့လာ နည်းမှာလည်း အပိုင်း(၅)ပိုင်း ခွဲပြီး နှစ်သက်ရာပုံစံနဲ့ လေ့လာနိုင်ပါတယ်။
(၁) သင်နှစ်သက်ရာ ခြေ၊ လက် အမူအယာတွေကိုပဲ ရွေးချယ်လေ့လာနည်း
(၂) အများစု အသုံးများတဲ့ ခြေ၊ လက် အမူအယာတွေကိုပဲ ရွေးချယ်လေ့လာနည်း
(၃) နိုင်ငံတကာ၊ ဒေသအရပ်ရပ်မှာ သုံးနေတဲ့ ခြေ၊ လက် အမူအယာမှန်သမျှကို အတတ်နိုင်ဆုံး လေ့လာသင်ယူမှု
(၄) စိတ်ထဲမှာရှိတဲ့ အကြောင်းအရာကို ကိုယ်လက်အမူအယာပြသခြင်းများကို နားလည်အောင် လေ့လာခြင်း
(၅) အဖွဲ့ လိုက်ကိုယ်လက်အမူအယာနဲ့ စကားထာဖွက်နည်းကို စကားပေးခြင်းဖြင့် လေ့လာသင်ယူနည်းတွေ ဖြစ်ပါတယ်။
ဒီအချက်ကတော့ လေ့လာသူနည်းသလို ကစားနည်းနဲ့ အပိုအသုံးပြုပညာအဖြစ်သာသတ်မှတ်ပေမယ့် နေ့စဉ်ဘဝအတွက် လိုအပ်တဲ့ ပညာရပ်တခုလည်း ဖြစ်ပါတယ်။
(၅) ကိုယ်ပိုင်ပုံစံ လေ့လာသင်ယူမှု
အဝေးသင်ပညာရေးကျောင်းသားတွေနဲ့ အပြင်ဖြေစာသင်သားတွေလို လေ့လာသူတွေ အသုံးပြုတဲ့လေ့လာနည်းပါ။
ဒီလို ကိုယ်ပိုင်ပုံစံလေ့လာမှုတွေ လုပ်မယ်ဆိုရင်တော့
(၁) မိမိကိုယ်ပိုင် အချိန်ရေးဆွဲသတ်မှတ် လေ့လာနည်း
(၂) မိမိနှစ်သက်ရာပညာရပ်ကို ကိုယ်တိုင်ရွေးချယ်ပြီး ဦးတည်ချက်ထား လေ့လာသင်ယူနည်း
(၃) မိမိရဲ့တနေ့တာ၊ တလတာ၊ တနှစ်တာ ဦးတည်ချက်ကို ပြီးမြောက်အောင် လေ့လာသင်ယူနည်း
(၄) သင့်ခံစားချက်နဲ့အညီ အနားယူ၊ လေ့လာ၊ မှတ်သား၊ ကျက်မှတ်ပုံစံနဲ့ လေ့လာနည်း
(၅) မိမိကိုယ်တိုင် ဆန်းသစ်မှုတခုအတွက် လိုအပ်သည်များကို သိရှိ အောင်မြင် အောင်လေ့လာနည်း
(၆) ဖန်တီးမှုတခု အောင်မြင်ဖို့ ကိုယ်တိုင်အစီအစဉ်ချ၊ လေ့လာ၊ တီထွင်မှုအနေနဲ့ လေ့လာနည်း၊ လိုအပ်ရင် ပူးပေါင်းလေ့လာနည်း
(၇) မိမိရဲ့လေ့လာမှုနဲ့တတ်မြောက်မှုအရ နောက်ထပ်လိုအပ်တဲ့၊ ကျန်ရှိတဲ့ပညာရပ်တွေကို ထပ်တိုးလေ့လာ နည်းတွေနဲ့ လေ့လာနိုင်မှာ ဖြစ်ပါတယ်။
(၆) အဖွဲ့လိုက်ပုံစံ လေ့လာသင်ယူမှု
စာသင်ခန်းတွင်း သူငယ်ချင်းများနဲ့ သင်ယူမှုပုံစံရော မိမိတို့ပတ်ဝန်းကျင်အတွင်းရှိ လူများနဲ့ အဖွဲ့လိုက် လေ့လာသင်ယူမှု ပုံစံ ဖြစ်ပါတယ်။ အဓိကအနေနဲ့တော့
(၁) အများနဲ့ စုပေါင်းလုပ်ဆောင်တတ်အောင် သင်ယူမှု
(၂) အဖွဲ့အတွင်းခေါင်းဆောင်နိုင်ဖို့နဲ့အတူ ခေါင်းဆောင်နိုင်စွမ်းရှိအောင် ကြိုးစားသင်ယူမှု
(၃) အခြားအဖွဲ့၊ အုပ်စုတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်စွမ်းရှိအောင် လေ့လာသင်ယူမှု
(၄) တတ်မြောက်ထားပြီး ပညာနဲ့ အတွေ့အကြုံတွေကို အချင်းချင်း ပြန်လည်မျှဝေမှုပုံစံနဲ့ လေ့လာသင်ယူမှု
(၅) လက်တွေ့ဘဝမှာ အဖွဲ့လိုက်လုပ်ဆောင်ခြင်း၊ အောင်မြင်အောင် ဆောင်ရွက်ခြင်း၊ ပြဿနာတွေကို ပူးပေါင်း ဖြေရှင်းခြင်းစတဲ့ ပုံစံတွေနဲ့ လေ့လာသင်ယူမှုတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
(၇) တွက်ချက်မှုပုံစံ လေ့လာသင်ယူမှု
ကိန်းဂဏန်းတွက်ချက်ခြင်း အပါအဝင် စဉ်းစားတွေးခေါ်ခြင်း၊ ပုံသေနည်း မှတ်သားခြင်းနဲ့ အသစ်ဖန်တီးခြင်း စတဲ့တွက် ချက်ခြင်းဆိုင်ရာပညာတွေ အားလုံးကို လေ့လာသင်ယူခြင်း ဖြစ်ပါတယ်။
တွက်ချက်မှုပုံစံ လေ့လာခြင်းကိုတော့
(၁) သင် လေ့လာနေတဲ့ ပညာရပ်တဆင့်ချင်းကိုကောင်းစွာ သဘောပေါက်အောင် လေ့လာပြီး နောက်ထပ်ကျန်ရှိ အဆင့်မြင့်ပညာကို တိုးမြှင့်လေ့လာနည်း
(၂) ပုံသေနည်းတွေကို နားလည်အောင်၊ အလွတ်ရအောင် မှတ်သားပြီး မိမိကိုယ်ကို ပြန်လည်စစ်ဆေးလေ့လာနည်း
(၃) သချၤာဆိုင်ရာ လက္ခဏာတွေ၊ အမှတ်အသားတွေ၊ လိုအပ်တဲ့မှတ်သားချက်များကို လေ့လာနည်း
(၄) ပုစ္ဆာတပုဒ် ထုတ်ခြင်း၊ ပြန်လည် ဖြေဆိုခြင်း၊ အခြားသူများ အား ပြသ ဖြေရှင်းစေခြင်း၊ လက်တွေ့ဆန်ဆန် အသုံးပြု ခြင်းပုံစံ လေ့လာသင်ယူနည်း
(၅) ပုစ္ဆာကြီးများကို ပူးပေါင်း အဖြေထုတ်ပြီး စနစ်၊ တွက်ချက်မှုတခုခု အကောင်အထည်ဖော်ခြင်းပုံစံ လေ့လာနည်း
(၆) စိန်ခေါ်မှု (မေးခွန်းအပြန်အလှန် ထုတ်ခြင်း )များ ပြုလုပ်ဖန်တီးပြီး လေ့လာနည်း
(၇) ခက်ခဲတဲ့ တွက်ချက်မှု၊ ပညာရပ်တွေကို မပြီးပြီးအောင် သင်ကြားမယ်၊ တွက်ချက်မယ်ဆိုတဲ့ ဦးတည်ချက်မျိုး ထားရှိတဲ့သင်ယူနည်းတွေနဲ့ လေ့လာနိုင်ပါတယ်။
ဒါတွေကတော့ လူတယောက်အတွက် ဘယ်လိုသင်ကြားမှုအတွက်ပဲဖြစ်စေ လေ့လာသင်ယူရမယ့် သင်ယူမှု ပုံစံဖြစ်ပြီး မိမိ သဘောကျနှစ်သက်တဲ့ပုံစံနဲ့ လေ့လာနိုင်သလို မိမိအတွက် လွယ်ကူတတ်မြောက်တဲ့လေ့လာနည်းကို သိရင်လည်း တချိန်မှာ မိမိက သင်ကြားသူတယောက်အနေနဲ့ လွယ်ကူတဲ့နည်းတွေကို အသုံးပြုသင်ကြားပေးလာနိုင်မှာ ဖြစ်ပါတယ်။