ဒီနေ့ခေတ်မှာ Facebook ကို နေ့စဉ် အသုံးပြုသူ ဦးရေ ၁ ဒသမ ၂၈ ဘီလီယံလောက်က သုံးနေကြပါတယ်။ အနီးစပ်ဆုံး ၂ ဘီလီယံလောက် ပေါ့။ ပျမ်းမျှတော့ User တယောက်ဟာ တရက်ကို ပျမ်းမျှ ၃၅ မိနစ်လောက် သုံးနေကြပြီး တချို့ကတော့ အဲဒီထက်ပို သုံးကြတယ်တယ် လို့ Facebook လေ့လာချက်အရ သိရပါတယ်။
Young တက္ကသိုလ်က ပါမောက္ခကတော့ ဘာလို့များ လူတွေ လူမှုကွန်ရက် စနစ်ကို စွဲလမ်းနေကြတာလဲ၊ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ဘာလို့ ဒီလို ဖော်ပြချင် နေကြတာလဲ၊ Facebook ကို ဘာကြောင့် အသုံးများတာလဲ ဆိုတာနဲ့ ပတ်သက်ပြီး လေ့လာမှုတွေ လုပ်လာခဲ့ပါတယ်။ အသုံးပြုပုံပေါ် မူတည်ပြီး အုပ်စု ၄ ခု ခွဲခြားနိုင်လာပါတယ်။ ရင်းနှီးမှု တည်ဆောက် လိုသူ၊ Selfie ရိုက်တင်လိုသူ၊ စီးပွားရှာလိုသူနဲ့ လှုံ့ဆော်လိုသူတွေ ဖြစ်ပါတယ်။
ရင်းနှီးမှု တည်ဆောက်လိုသူတွေက တခြားသူတွေရဲ့ Post တွေကို ကြည့်တယ်၊ မန့်တယ်၊ Like ပေးတယ်ပေါ့၊ ပုံမှန်ပါပဲ။ သူတို့ရဲ့ ဘဝမှန်ကိုလည်း ဖော်ပြတယ်၊ တကယ့် အပြင်ဘဝက သူငယ်ချင်းတွေနဲ့လည်း ချိတ်ဆက်ထားတယ်၊ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အမြဲ ထိတွေ့မှု ရှိနေရလို့ ဒီလို အသုံးပြုသူတွေ ကတော့ Facebook ကို ကျေးဇူးတင်နေ လေရဲ့။
လှုံ့ဆော်လိုသူတွေကတော့ လက်တွေ့ဘ၀ ဖြစ်ရပ်နဲ့ စိတ်ကူးထဲက ဖြစ်ရပ်တွေကို ရောချနေသူတွေ ပါ။ မမှန်သတင်းတွေ ဖော်ပြတာတွေ၊ ကိုယ်လိုရာ ဆွဲပြောတာတွေ၊ သတင်းနဲ့ အဖြစ်အပျက်တွေကို ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ဆောင် နေသူတွေပါ၊ သူတို့ဟာ အထင်မှားအောင် လုပ်ဆောင်နေသူ သက်သက်ပါ။ အကောင်းဆုံးကတော့ အဲဒီလို အသုံးပြုသူ တွေရဲ့ Page တွေ Post တွေကို အာရုံမထားပါနဲ့။ တခြား အသိ သူငယ်ချင်းတွေကိုလည်း ပြောထားတာ အကောင်းဆုံးပဲ လို့ ပြောပါတယ်။
Selfie သမားတွေကတော့ ကိုယ့်ကိုယ်ကို ထင်ပေါ်လိုသူတွေ ပါ။ သူတို့ရဲ့ အလှ၊ လှုပ်ရှားမှု၊ ပုံစံတွေကို ပုံနဲ့ရော ရုပ်သံနဲ့ပါ ဖော်ပြ အသိပေးပါ လိမ့်မယ်။ ရင်းနှီးမှု တည်ဆောက်လိုသူတွေနဲ့ မတူတဲ့ အချက်က Selfie သမားတွေက အများရဲ့ အာရုံစိုက်မှုကို ရယူလိုတာပါ။ Facebook သုံးနေရရင် ကျေနပ်နေသူ၊ အပေါင်းအသင်းတွေနဲ့ ထိတွေ့ နေရရင် ကျေနပ်နေသူတွေ မဟုတ်ပါဘူး။ လေ့လာချက်တွေ အရ Selfie သမားတွေက Like လိုချင်မှု အများဆုံး Facebook အသုံးပြုသူတွေ ဖြစ်ပါတယ်။
စီးပွားရှာလိုသူတွေ ကတော့ လှုံ့ဆော်သူတွေနဲ့ ဆင်ပါတယ်။ လှုံ့ဆော်သူတွေက တခြားသူတွေကို ထင်ယောင် ထင်မှား ဖြစ်အောင် လုပ်တယ်၊ အခု စီးပွားရှာသူတွေကတော့ သူများတွေ ဘာလုပ်နေသလဲ လိုက်ကြည့်တယ်၊ တခြားသူ တယောက် ဘာကို စိတ်ဝင်စားသလဲ၊ ဘယ်လို အလုပ် လုပ်နေသလဲ၊ အဲဒီကနေမှ ဘယ်လို မိမိ အကျိုးစီးပွားရအောင် ဘယ်လို လုပ်မလဲ စောင့်ကြည့်နေသူမျိုးပါ။
အခု လေ့လာချက်မှာ ပညာရှင်တွေက ဒီနေ့ခေတ် လူအများစု Facebook အသုံးပြုမှု များရတဲ့ အကြောင်းအရင်း ၄၈ ခုကို ထုတ်ဖော်လာနိုင်ခဲ့ပါတယ်။ Like ပြိုင်ဆိုင်လိုမှုတွေကနေ အခြားသူတွေရဲ့ စာပေတွေ၊ အကြံဉာဏ်တွေ၊ ဖော်ပြချက်တွေကို လေ့လာ ကြည့်ရှုလိုမှုတွေ ထိအောင် အကြောင်း အမျိုးမျိုးနဲ့ Facebook သုံးနေကြပါတယ်။ အရင်ကလည်း အခုလို Facebook အသုံးပြုမှု အပေါ် လေ့လာချက် လုပ်ခဲ့ဖူးတာ တွေ့ရပြီး အဲဒီတုန်းကတော့ အသုံးပြုမှု ပုံစံ အဓိက ၂ မျိုးပဲ ရှိပြီး ရင်းနှီးမှု တည်ဆောက်လိုသူနဲ့ Selfie သမားတွေပဲ ရှိပေမယ့် အခု နောက်ထပ် လေ့လာချက်မှာတော့ အဓိက အသုံးပြုမှု ပုံစံ ၂ မျိုး ထပ်တိုးလာတာပါ။
ဒီနေရာမှာ Facebook အသုံးပြုနှုန်း များပြားလာခြင်းနဲ့ ပတ်သက်ပြီး ပါမောက္ခကနေ Selfie သမားက သူကိုယ်တိုင်တော့ Selfie ပဲ ဝါသနာ ပါပေမယ့် Facebook မှာ အခြားသူတွေရဲ့ Selfie တွေရော အခြား အကြောင်းအရာ မျိုးစုံကိုပါ မြင်နိုင်၊ တွေ့နိုင် နေတော့ ဘယ်လို ဦးတည်ချက်နဲ့ သုံးသူပဲ ဖြစ်စေ မိမိ စိတ်ကြိုက် အသုံးပြုချိန်ရော တခြား Post ကြည့်ချိန်နဲ့ပါ ပေါင်းပြီး အသုံးများလာတာလို့ ဆိုပါတယ်။
Facebook မှာ Messenger လို နေရာကနေ မိမိနဲ့ မသိသူတခြား တယောက်က စကားလာပြောနိုင်ကြောင့် Facebook သုံးသူတွေ အားလုံးက သိပါတယ်။ အဆိုပါ မသိတဲ့ သူကနေ စကားလာပြောမှုကို လက်ခံပြောသူကလည်း Facebook အသုံးပြုသူ ၂ ယောက်မှာ ၁ ယောက်နှုန်း ရှိနေလေတော့ Post ကြည့်ဖို့တင် မဟုတ်ပဲ Chat ဖို့ပါ Facebook က အသုံးများလာ ပါတယ်။
သင်ဟာ Facebook ကို စွန့်လွှတ်နိုင်သူလား? Facebook မသုံးဘဲ ပုံမှန် အတိုင်း နေနိုင်သူ တယောက် ဖြစ်နေပြီလား။
လေ့လာချက်တွေ အရတော့ လူအများစုက Facebook သုံးလိုက်ရမှ စိတ်အဆင်ပြေ ကျေနပ်မှု ရှိနေတယ် လို့ ဆိုပါတယ်။ လူမှုကွန်ရက် အသုံးပြုမှုကို စွန့်လွှတ်နိုင်သူ၊ မရှိလည်း ဖြစ်တယ် လို့ နေနိုင်မှ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ Facebook သုံးတာ အပြစ် မဟုတ်ပေမယ့် စွဲလန်းမှု ဖြစ်လာရင်တော့ မကောင်းပါဘူး။
ဂျာမနီ ပညာရှင်တွေကတော့ လူမှု ကွန်ရက်တွေဟာ ပြည်သူတွေရဲ့ လူမှု ဘ၀ ပျော်ရွှင်မှုကို အဆုံးအဖြတ် ပေးနိုင်တယ်လို့ ဆိုပါတယ်။ Like များများ ရရင် သုံးသူက အလိုလို ပျော်နေတာမျိုး၊ လူမှု ကွန်ရက်မှာ အဆင်မပြေတာ ရှိရင် လက်တွေ့ ဘဝမှာပါ မပျော်တာတွေ၊ အဆင်မပြေတာတွေ ဖြစ်လာပြီး ဒါဟာ လူမှုကွန်ရက်တွေရဲ့ ဆိုးကျိုးပါပဲ။
သင့် အနေနဲ့ Facebook ကို ဘယ်လို အသုံးပြုသူ အဖြစ်နဲ့ သုံးနေတာပါလဲ၊ လမ်းမှန်ပြီး စွဲလန်းမှုနဲ့ နောက်ဆက်တွဲ ဆိုးကျိုး ခံစားရသူမျိုး မဖြစ်စေဖို့ ပညာရှင်တွေက သတိပေးထားပါတယ်။ ။
Ref: www.sciencedaily.com