မြန်မာနိုင်ငံမှ High-end Fashion ချစ်သူများနဲ့ ခေတ်မီအဆင့်မြင့် Luxury Living and Lifestyle ကို စိတ်ဝင်စားသူများအတွက် ပထမဆုံး မြန်မာ၊ အင်္ဂလိပ်ဘာသာ ၂ မျိုးနဲ့ လစဉ် ထုတ်ဝေသွားမယ့် “LUSH Magazine” ဟာ နိုင်ငံတကာမှာ ရေပန်းစားနေတဲ့ ဒီဇိုင်နာများရဲ့ ဒီဇိုင်းဖက်ရှင်များ၊ Luxury နေထိုင်မှုပုံစံများနဲ့ အချိန်နဲ့တပြေးညီ ပြောင်းလဲနေတဲ့ High-end ဖက်ရှင်ရေစီးကြောင်းတွေကို မြန်မာနိုင်ငံမှ ဖက်ရှင်ချစ်သူများ သိရှိစေရန် ထုတ်ဝေခြင်း ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ မဂ္ဂဇင်းကို မြန်မာနိုင်ငံမှာ လူငယ် ၅ ဦးက ဦးဆောင်ကာ ပူးပေါင်းထုတ်ဝေတာဖြစ်ပြီး စက်တင်ဘာလအတွင်း ပထမဆုံးအဖြစ် ထုတ်ဝေနေပြီဖြစ်ကြောင်း သိရပါတယ်။
“အခု LUSH Magazine ကို ကျမတို့ ၅ ယောက်ကနေ ပူးပေါင်းပြီး ပထမဦးဆုံး စက်တင်ဘာလကနေ စတင် ဖြန့်ချိပေးထားပါတယ်။ LUSH Magazine ရဲ့ အကြမ်းမျဉ်းကို ပြောရရင်တော့ မြန်မာနိုင်ငံရဲ့ High-end Fashion တွေကို စိတ်ဝင်စားသူတွေနဲ့ ခေတ်မှီ အဆင့်မြင့် Luxury ဖြစ်တဲ့ Lifestyle ကို စိတ်ဝင်စားသူတွေအတွက် ထုတ်ဝေတာ ဖြစ်ပါတယ်။ အင်္ဂလိပ်နဲ့ မြန်မာလို ဘာသာ ၂ မျိုး ထုတ်ေ၀ ထားပါတယ်” လို့ LUSH Magazine ရဲ့ ထုတ်ဝေသူ မနန္ဒာကြည်ဦးက ပြောပါတယ်။
ဆက်လက်ပြီး သူက “အဓိကကတော့ ကမ္ဘာပေါ်မှာရှိတဲ့ Luxury ပစ္စည်းတွေနဲ့ High Society Living Trend တို့ရဲ့အရေးပါမှုတွေ၊ Luxury Fashion နဲ့ Lifestyle တွေကို ပိုမိုပြီးတော့ သိလာအောင်၊ မြန်မာပြည်ကလည်း အခုချိန်မှာ နိုင်ငံတကာနဲ့ စပြီး ရင်ဘောင်တန်းပြီး ရပ်တည်နေတဲ့အချိန်မှာ ဒီမြန်မာပြည်မှာရှိတဲ့ စာဖတ်ပရိသတ်တွေကို ဒီ Trend တွေနဲ့ Lifestyle ကို ပိုမိုသိလာအောင် ချပြတဲ့ Fashion Magazine ပဲ ဖြစ်ပါတယ်” လို့ မနန္ဒာကြည်ဦးက ဆိုပါတယ်။
“LUSH Magazine” ရဲ့ ပထမဆုံး First Issue ကို စက်တင်ဘာလမှ စတင်ဖြန့်ချိတာဖြစ်ပြီး မဂ္ဂဇင်း မျက်နှာဖုံးကာဗာအဖြစ် မင်းသမီး မိုးဟေကိုနဲ့ ရိုက်ကူးထားတာ တွေ့ရပါတယ်။
“Magazine မှာ ဘယ်လို အကြောင်းအရာတွေ ပါမလဲဆိုတော့ Fashion နဲ့ Luxury မှာမှ Fashion မှာ ကဏ္ဍတွေရှိမယ်။ High Society မှာ ဝတ်တဲ့ ပုံစံတွေ ဦးစီးပေးထားတာရှိမယ်။ ဒါမှမဟုတ် Teen ပေါ့။ လူငယ်တွေနဲ့ ပတ်သက်တဲ့ ဘယ်လိုဝတ်ဆင်ရမလဲဆိုတဲ့ Fashion တွေ၊ အဲဒီလိုမျိုး အနိမ့်အမြင့်တွေ ခွဲထားတယ်။ ပြီးတော့ High Society မှာ ဖက်ရှင်ကျနေတဲ့ အမျိုးသမီးတွေ၊ အမျိုးသားတွေကို Lux & Style ဆိုပြီး ကဏ္ဍခွဲပြီး ရိုက်ထားတာတွေပါမယ်” လို့ LUSH Magazine ရဲ့ Art Director ဖြစ်သူ ကိုအောင်လေးက ဧရာဝတီကို ပြောပါတယ်။
LUSH Magazine ရဲ့ဈေးနှုန်းက တအုပ်ကို ကျပ် ၃၅၀၀ နဲ့ ရောင်းချသွားမှာဖြစ်ပြီး ပထမဦးဆုံး ထုတ်တဲ့ First Issue ကို အုပ်ရေ ၁၂၀၀ ထုတ်လုပ်ထားပြီး လစဉ် ပုံမှန် ထုတ်ဝေသွားမယ်လို့ သိရပါတယ်။
LUSH Magazine ကို လက်ရှိ ရန်ကုန်မြို့လေဆိပ်နဲ့ဟိုတယ်များ၊ Fine Dining, Book Stores, Café & Restaurants နေရာများနှင့် Beauty Spa များ၊ City Mart – Market Palace ဆိုင်များမှာ စတင်ဖြန့်ချိပေးထားတာဖြစ်ပြီး မကြာခင် မန္တလေးမြို့မှစာဖတ်ပရိသတ်များအတွက်လည်း ဖြန့်ချိ ပေးသွားမယ်လို့ သိရပါတယ်။