Iron Cross ဂီတအဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ Rock ဂီတလမ်းကြောင်းမှာဆိုရင် နာမည်ကြီး ဂီတအဖွဲ့တခုလို့ ဆိုနိုင်ပါတယ်။ Iron Cross ဂီတအဖွဲ့ရဲ့ ပင်တိုင်အဆိုတော် တေးရေး၊ တေးဆို အငဲရဲ့ သမီးကြီးဖြစ်သူ အသက် ၂၃ နှစ်အရွယ် လမင်းခဟာ အနုပညာလမ်းကြောင်းပေါ်ကို လျှောက်လမ်းနေပြီဖြစ်ပါတယ်။ လာမယ့် အောက်တိုဘာလ ၁၉ ရက်နေ့မှာ လမင်းခရဲ့ တကိုယ်တော်တေးစီးရီး အယ်လ်ဘမ် “ကူး.. ကူ..” ဆိုတဲ့ သီချင်းခွေ ထွက်ရှိလာမှာ ဖြစ်ပါတယ်။
အဆိုတော် လမင်းခကို တကိုယ်တော် တေးစီးရီးအယ်လ်ဘမ် “ကူး.. ကူ..” နဲ့ ပတ်သက်ပြီး သီချင်းခွေ စီစဉ်ဖြစ်ခဲ့ပုံ၊ အဖေဖြစ်သူ အဆိုတော် အငဲရဲ့ အနုပညာအမွေခံယူဖြစ်ပုံ၊ သူ့ရဲ့ အနုပညာခံယူချက်တွေ အကြောင်း ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် သီဟတိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ ပထမဦးဆုံး လမင်းခ သီချင်းဆိုဖြစ်ခဲ့ပုံနဲ့ ဘယ်ကတည်းက အဆိုဝါသနာပါခဲ့လဲဆိုတာပြောပြပေးပါ။
ဖြေ။ ။ လမင်း သီချင်းဆိုတာကို ဝါသနာပါတယ်ဆိုတာ သိခဲ့တာက ၄ တန်းလောက်ပေါ့။ ၄ တန်း အရွယ်လောက်ကတည်းက ကျောင်းမှာ “ဆို၊ က၊ ရေး၊ တီး” စပြိုင်ရတယ်။ စစချင်းတော့ ကိုယ့်မှာ သီချင်းဆိုတာ ကြိုက်တယ်ဆိုတာ မသိခဲ့ဘူး။ ကျောင်းအုပ်ကြီးကလည်း အဆိုတော်သမီးဆိုတော့ ပြိုင်ကြည့်ဆိုပြီး ပြောတော့ သီချင်းဆိုတာကို သဘောကျတယ်၊ ကြိုက်တယ်၊ ဝါသနာပါတယ်ဆိုတာ အဲဒီမှာ စသိခဲ့တယ်။ တလျှောက်လုံးကတော့ ၄၊ ၅၊ ၆ တန်း၊ ၇ တန်း အထိ ၄ နှစ်ဆက်တိုက် “ဆို၊ က၊ ရေး၊ တီး” ပြိုင်တယ်။ ပြိုင်ပြီးတော့ ၈ တန်း၊ ၉ တန်းမှာ စာကလည်း များလာတယ်။ ဆယ်တန်းလည်း အောင်ပြီးတော့ သီချင်းဆိုချင်တယ်ဆိုတော့ ပညာရေးကို အရင်ဆုံး လုပ်ဆိုတော့ ဘွဲ့ရပြီးမှပဲ ဒီလမ်းကြောင်းကို လျှောက်ပါ ဆိုတော့ ဘွဲ့ရပြီးမှပဲ ဒီတေးစီးရီးလေးကို စလုပ်ဖြစ်ပါတယ်။ စလုပ်ဖြစ်ခဲ့တာတော့ ၂ဝ၁၄ ခုနှစ်မှာပါ။
မေး။ ။ အဆိုပညာရပ်ကို လမင်းခအနေနဲ့ ဘယ်လို လေ့လာခဲ့လဲ။ လမင်းခရဲ့ အဆိုအပိုင်းမှာ အဖေဖြစ်သူ ဦးအငဲနဲ့ ဦးလေးဖြစ်သူ ဦးလေးဖြူတို့ကရော ဘယ်လောက်အထိ ပံ့ပိုးပေးလဲ။
ဖြေ။ ။ သီချင်းဆိုတာကို ကျောင်းတက်တုန်းကတော့ ကျောင်းတဖက်၊ ကျောင်းတက်ရင်းနဲ့ “ဂီတမိတ်” မှာ သီချင်းဆိုတဲ့ပညာကို သင်ယူခဲ့တယ်။ အဲဒီတုန်းက “ဂီတမိတ်” မှာ သီချင်းဆိုတာ သင်တယ်။ ပြီးတော့ အိမ်မှာ သီချင်းနားထောင်တယ်။ အရှေ့က အန်တီ တင်ဇာမော်တို့၊ အန်တီ ဆုန်သင်းပါရ်တို့ သီချင်းတွေ နားထောင်တယ်။ လိုက်ဆိုတယ်။ ဦးလေးနဲ့ အဖေက အများကြီး ပံ့ပိုးပေးပါတယ်။ သူတို့ရှိနေတဲ့အတွက် လမင်းက တခြားသူတွေထက် ဒီလမ်းကြောင်းလျှောက်ရတာ လုပ်ငန်းစဉ်က လွယ်ကူတယ်။ အရမ်းကြီး ထစ်ငေါ့တာမျိုး မရှိဘူး။ သူတို့က အရှေ့မှာ အမာခံလိုမျိုးရှိနေတဲ့အတွက်အကြောင့် အများကြီး အဆင်ပြေ ပါတယ်။
မေး။ ။ အခုထွက်မယ့် တကိုယ်တော် တေးစီးရီးအခွေက စီစဉ်ဖြစ်တာ ကြာပြီလား၊ စီစဉ်ဖြစ်ခဲ့ပုံလေး ပြောပြပေးပါ။
ဖြေ။ ။ အခွေက ၂၀၁၄ ခုနှစ်က စလုပ်တယ်။ ဒါပေမဲ့ ကြားထဲမှာ အကြောင်းကြောင်းကြောင့် အရမ်းကြန့်ကြာ သွားတယ်။ ၂၀၁၄ ခုနှစ်က ဘွဲ့ရပြီးတော့ အခွေ စလုပ်တယ်။ သီချင်းရွေးတာက တနှစ်လောက် ကြာတယ်။ သီချင်းရွေးတာ အဖေရော၊ လမင်းရော၊ အမေရောပါ ရွေးလို့ တယောက်နဲ့တယောက် ချေးများကြသေးတယ်။ အဖေက ကြိုက်တယ်၊ အမေက မကြိုက်ဘူး အဲဒီလိုမျိုးပေါ့။ ပြီးကျတော့ သားအဖ နှစ်ယောက်လုံး ကြိုက်တယ်၊ အမေက မကြိုက်ဘူး။ အဲဒီတော့ တနှစ်လောက် ကြာသွားတယ်။ ပြီးတော့ အတီး အပ်တော့လည်း Iron Cross Band က နယ်ပွဲတွေ များနေတာနဲ့ တီးတာလည်း တနှစ်လောက် ကြာသွားတယ်။ Recording စဝင်တော့လည်း သီချင်းဆိုတာ တနှစ်လောက် ကြာတော့ အခွေက ၃ နှစ်လောက် အချိန်ယူသလို ဖြစ်သွားတယ်။ အချိန်တော့ နည်းနည်း ကြာသွားတယ်။ သူများတွေဆို အချိန် ၃ နှစ်ဆို အခွေ ၃ ခွေလောက် ထွက်ပြီးပြီ။
မေး။ ။ ဒီအခွေမှာ သီချင်း ဘယ်နှစ်ပုဒ်လောက် ပါမလဲ၊ တေးရေး၊ တေးဆိုတွေကရော ဘယ်သူတွေ ပါမလဲ။ အခွေအကြောင်း အသေးစိတ် ပြောပြပေးပါလား။
ဖြေ။ ။ အခွေထဲမှာတော့ အများစုကတော့ Rock အမျိုးအနွယ်ဝင်တွေပဲ။ Country Rock ပါမယ်၊ Dance Rock ပါမယ်၊ ပြီးတော့ Punk Rock တွေပါမယ်။ တခြား မိန်းကလေးတွေ သဘောကျမယ့် သီချင်း အေးအေးချိုချို ပုံစံမျိုးတွေလည်း ပါမယ်။ သီချင်းက အားလုံးပေါင်း ၁၂ ပုဒ် ပါပါတယ်။ ၁၂ ပုဒ်မှာ ၆ ပုဒ်က အဖေ (အဆိုတော် အငဲ) ရေးပေးထားပါတယ်။ ကျန်တဲ့ ၆ ပုဒ်က ဦးရွှေဂျော်ဂျော်၊ ဦးနိုင်းနိုင်၊ ဦးဇဝါတို့ ရေးပေးထားပါတယ်။ ပြီးတော့ အဲဒါအပြင် Featuring အနေနဲ့ အဖေနဲ့ တပုဒ်၊ ညီမလေး မိုးမခနဲ့ တပုဒ်ဆိုထားပါတယ်။
မေး။ ။ ဦးအငဲနဲ့ ဆိုထားတဲ့ သီချင်းလေး အကြောင်း ပြောပြပေးပါဦး။ အဖေနဲ့ ဆိုထားတော့ ဘယ်လို အခက်အခဲ၊ အမှတ်တရလေးတွေရှိလဲ။
ဖြေ။ ။ အမှတ်တရတွေ ရှိတာပေါ့နော်။ အဖေနဲ့ ဆိုထားတဲ့ သီချင်းလေးက ဒီအခွေထဲမှာ “ပြေးလာမယ်” ဆိုတဲ့ သီချင်းလေး၊ အဲဒီသီချင်းလေးက ပုံမှန်ကတော့ အဖေနဲ့ အိမ်မှာ ဂစ်တာနဲ့ အပျော်ဆိုနေကျပဲ။ ဒါပေမဲ့ တကယ်တမ်းလည်း ဒီသီချင်းလေးကို ကိုယ့်အခွေထဲ ထည့်မယ်ဆိုတဲ့အခါကျတော့ Recording အခန်းထဲမှာ တာဝန်ကြီးသွားပြီ။ နည်းနည်း အသေးစိတ်သွားပြီ။ ကိုယ်ဆိုချင်သလို ဆိုလို့ မရဘူး။ ပြီးတော့ အဖေကလည်း နည်းနည်း အသေးစိတ်တာလည်း ပါတယ်။ နည်းနည်းလေးမှ အတိမ်းအစောင်း မခံဘူးဆိုတော့ တော်တော် ကြိုးစားခဲ့ရတယ်။ ပြီးတော့ နှစ်ယောက် သီချင်းဆိုတော့ ညီအောင် တော်တော် ဆိုယူရတယ်။ အခက်အခဲတွေ ကတော့ အများကြီး ရှိပါတယ်။ သားအဖ နှစ်ယောက် သတ်လိုက်၊ ဆူလိုက်၊ ဆဲလိုက်နဲ့ပဲ အမှတ်တရတွေ အများကြီး ရှိခဲ့တယ်။
မေး။ ။ သီချင်းအခွေနာမည် “ကူး.. ကူ..” လို့ ပေးဖြစ်ခဲ့ပုံရော ပြောပြပေးပါဦး။
ဖြေ။ ။ “ကူး.. ကူ..” ကကျတော့ ဦးနိုင်းနိုင် ရေးပေးထားတဲ့ သီချင်းလေးပါ။ သူက ချိုးငှက်ကူသံ နာမည်လေး ပေးထားတာ။ လမင်းကလည်း နာမည်တွေဆိုရင် တိုလေကြိုက်လေပဲ။ ရှည်တာ သိပ်မကြိုက်ဘူး။ ရှည်ပြီး ရှုပ်နေတာမျိုး သိပ်မကြိုက်တော့ ဒီအခွေလေးထဲမှာ ဒီနာမည်လေးကို စိတ်ထဲမှာ မှတ်ရတာလည်း လွယ်တယ်လေ။ နာမည်လေးကို သဘောကျတာနဲ့ ပေးဖြစ်တာပါ။
မေး။ ။ လမင်းရဲ့ သီချင်းခွေ “ကူး.. ကူ..” အယ်လ်ဘမ်ထဲမှာ အကြိုက်ဆုံး သီချင်းက ဘယ်သီချင်း ဖြစ်မလဲ။
ဖြေ။ ။ အကြိုက်ဆုံး သီချင်းက ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့က လမင်းရဲ့ Facebook မှာ တင်ထားတဲ့ “ကိုယ်ပိုင်အလှ” ဆိုတဲ့ သီချင်းပါ။ အဲဒီသီချင်းက မိန်းကလေးတွေအတွက် အရမ်းသင့်တော်တဲ့ သီချင်းလေးပါ။ သီချင်း အဓိပ္ပါယ်လေးက အစ၊ အဖေ ရေးပေးထားတဲ့သီချင်း အဓိပ္ပါယ်လေးကို အရမ်း သဘောကျပါတယ်။ ကိုယ်ဆိုတာကတော့ လိုအပ်ချက်တွေတော့ အများကြီး ရှိပါသေးတယ်။ ဒါပေမဲ့ သီချင်း အဓိပ္ပါယ်လေးကို သဘောကျလို့ အဲဒီသီချင်းလေးကို အရမ်းကြိုက်ပါတယ်။
“ကိုယ်ပိုင်အလှ” သီချင်း
https://www.facebook.com/moonlahminkha/videos/1630054733718611/
မေး။ ။ အဲဒီသီချင်း တင်ပြီးနောက်ပိုင်းမှာ လမင်းခရဲ့ Facebook မှာ ဖြေရှင်းချက်တခု တင်လိုက်တာ တွေ့ရတယ်။ အဲဒီဖြေရှင်းချက်နဲ့ ပတ်သက်ပြီးလည်း ပြောပြပေးပါဦး။
ဖြေ။ ။ အဲဒီအရာက ဘယ်လိုဖြစ်လဲဆိုတော့ စာနယ်ဇင်းရှင်းလင်းပွဲနေ့ကပေါ့နော်။ တချို့က နားလည်မှု လွဲသွားတာလားတော့ မသိဘူး။ လမင်းအခွေ တခွေလုံးကို ကိုယ်ပိုင်သံစဉ်ဆိုပြီး ရေးကြတယ်။ အချင်းချင်း နားလည်မှု လွဲသွားတယ်။ တကယ်တမ်းက ကိုယ်ပိုင်သံစဉ် မဟုတ်ပါဘူး။ တခွေလုံးက ကော်ပီပါ။ အဲဒါကိုလည်း ပြန်ပြီး ဖြေရှင်းထားပါတယ်။ ဒါပေမယ့် လမင်းကိုကျတော့ ကိုယ်ပိုင်သံစဉ် ထွက်လာမယ်လို့ မျှော်လင့်ထားတဲ့ ပရိသတ်ကျတော့ အားမလို အားမရ ဖြစ်သွားတဲ့အတွက် လမင်း တောင်းပန်ပါတယ်။ လမင်း ဘက်က လိုတာရှိရင်လည်း နားလည်ပေးကြပါလို့ လမင်း တောင်းဆိုချင်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ကိုယ်ပိုင်သံစဉ်ကို အမြန်ဆုံး ချပြသွားနိုင်အောင် ကြိုးစားသွားပါ့မယ်လို့။
မေး။ ။ လမင်းရဲ့ အဖေ ဦးအငဲ ဆီကကော အားကျတဲ့အချက်တွေ ဘယ်အရာတွေ ဖြစ်မလဲ။ အဖေ့ဆီက သင်ယူရတဲ့ အချက်တွေက ဘယ်အရာတွေလဲ။
ဖြေ။ ။ လမင်းကတော့ အဖေဆီကနေ သင်ယူရမယ့် အရာတွေ အများကြီးပါ။ အနုပညာနဲ့ ပတ်သက်ပြီး ခံယူချက်တွေ လေးစားဖို့ ကောင်းပါတယ်။ ပြီးတော့ အလုပ်ပေါ် လေးစားတာတို့၊ အဲဒီလိုမျိုး အများကြီးပေါ့။ အဖေ့ဆီကနေယူစရာ အချက်အလက်တွေ အသေးစိတ်ပြောရင်တော့ ကုန်မှာတောင် မဟုတ်ပါဘူး။
မေး။ ။ လမင်း တကိုယ်တော် အခွေနဲ့ ပတ်သက်ပြီးတော့ရော အဖေက ဘယ်လို မှတ်ချက်ပေးလဲ။
ဖြေ။ ။ လမင်း တတ်နိုင်သလောက်တော့ ကြိုးစားထားတာပေါ့နော်။ အဖေကလည်း ဘေးနားကနေ ပံ့ပိုးပေးနိုင် သလောက် အတတ်နိုင်ဆုံး ပံ့ပိုးပေးပါတယ်။ သူ့အနေနဲ့ လမင်းကို မှတ်ချက်ပေးရအောင်လည်း လမင်းက အခုမှ စလုံးရေ “စ” တက်သစ်စ ဆိုတော့ သူ့အနေနဲ့ ကြည့်ရင် အများကြီး လိုသေးတာပေါ့နော်။ ဝမ်းစာအနေနဲ့ အများကြီး ဖြည့်ဖို့ လိုသေးတာပေါ့။ အများကြီး ပြည့်စုံတယ်လို့ မဟုတ်သေးတော့ အဖေက အမြဲတမ်း ထောက်ပြပေးနေပါတယ်။ သူ့အနေနဲ့ ကြည့်ရင် လမင်း လိုအပ်ချက်တွေ အများကြီး ရှိပါသေးတယ်။
https://www.facebook.com/theirrawaddyburmese/videos/1792005814176896/
မေး။ ။ ဦးအငဲရဲ့ နာမည်ကြီးသီချင်း “ညမီးအိမ်” ကိုလည်း လမင်း Cover ပြန်ဆိုထားတာတွေ့တယ်၊ အဲဒါနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
ဖြေ။ ။ အဲဒီတုန်းက လမင်း မေမြို့ပြန်တယ်။ မေမြို့ပြန်တဲ့အချိန်မှာ ၃ ရက်လောက် အားနေတာ။ အဲဒီအချိန် လမင်း အခွေလည်း မကြာခင် ထွက်တော့မှာဆိုတော့ ပရိသတ်ကိုလည်း ကိုယ့်ရဲ့ အသံလေးနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကိုယ့်အနုပညာလေး ချပြချင်တယ်ဆိုပြီး ပေါ့ပါးပါးလေးပါပဲ။ သူငယ်ချင်းတွေနဲ့တိုင်ပင်ပြီး လုပ်ဖြစ်တဲ့ Cover လေးပေါ့။ ပေါ့ပေါ့ပါးပါးလေးနဲ့ပဲ ချပြလိုက်တာ၊ ရိုးရိုးလေးပေါ့။
“ညမီးအိမ်” Cover Song
https://www.facebook.com/moonlahminkha/videos/1562699600454125/
မေး။ ။ လမင်းခရဲ့ ရှေ့ဆက်လျှောက်လှမ်းမယ့် အနုပညာလမ်းကြောင်းကိုလည်း တချက်လောက် ပြောပြပေးပါ။ IC နဲ့ လက်တွဲသွားဖို့ရော ရှိလား။
ဖြေ။ ။ ရှေ့ဆက်ပြီးတော့ လမင်း တကိုယ်တော်အခွေလေး ထွက်ပြီးသွားရင် သီချင်းတွေကတော့ အများကြီး ဆိုသွားချင်ပါသေးတယ်။ အတတ်နိုင်ဆုံး ကြိုးစားသွားပါမယ်။ IC နဲ့ လက်တွဲဖို့ကတော့ ကိုယ့်အိပ်မက်ပေါ့။ ဒါပေမဲ့ IC နဲ့ လက်တွဲနိုင်လောက်အောင်ထိကျ လမင်းဘက်က ကြိုးစားမှုတွေ အများကြီး လိုပါသေးတယ်။ ။