Trend

၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးဖြစ်မယ့် လေကြောင်းလိုင်းများ

AirlineRating.com ဆိုတာ တကမ္ဘာလုံးမှာရှိတဲ့ လေကြောင်းလိုင်းတွေနဲ့ ပတ်သက်ပြီး ဝန်ဆောင်မှု၊ လုံခြုံစိတ်ချရမှုနဲ့ အားလုံးသော အရေးပါတဲ့ အချက်တွေ အားလုံးကို စောင့်ကြည့်နေသူဖြစ်ပြီး ဒီအဖွဲ့က လာမယ့် ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးဖြစ်မယ့် လေကြောင်းလိုင်းကို Air New Zealand ဖြစ်မယ်လို့ ဆိုလာပါတယ်။ ဘာကြောင့်ပါလဲ။ အဆိုပါ အဖွဲ့က လေကြောင်းလိုင်းတလိုင်းကို ကဏ္ဍ ၁၃ ခု ခွဲပြီး ရမှတ်ပေးတယ်၊ အမှတ်အများဆုံးရတဲ့ လေကြောင်းလိုင်းကတော့ အကောင်းဆုံး ဖြစ်လာတာပေါ့။ လာမယ့်နှစ်အတွက် အကောင်းဆုံး လေကြောင်းလိုင်းတွေထဲမှာ ထူးခြားချက်အနေနဲ့ စီးပွားရေး အင်အား အကောင်းဆုံး၊ အကြီးဆုံးပါဆိုတဲ့ မြောက်အမေရိကတိုက်က လေကြောင်းလိုင်းတလိုင်းဟာ ထိပ်ဆုံး၊ အကောင်းဆုံး လေကြောင်းလိုင်း ၁ဝ လိုင်း စာရင်းမှာ မပါရှိတာပဲ ဖြစ်ပါတယ်။

AirlineRating.com က ၁၅ နှစ် အတွင်း လေကြောင်းလိုင်းတွေရဲ့ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး စောင့်ကြည့်မှုတွေ လုပ်ဆောင်ထားခဲ့တယ်လို့ ဆိုပါတယ်။ ခန့်မှန်းချက်တွေ အရတော့ Air New Zealnd က လာမယ့်နှစ်အတွက် အကောင်းဆုံး လေကြောင်းလိုင်း ဖြစ်မယ်၊ ဒါပေမယ့် လာမယ့် ၂၀၁၈ ခုနှစ်မှာမှ ပထမဆုံး အကောင်းဆုံး ဖြစ်လာမှာ မဟုတ်ဘဲ အရင်နှစ်တွေက ရလဒ်တွေကိုပါ ပြန်ကြည့်မယ်ဆိုရင် ၅ နှစ် ဆက်တိုက် အမြတ်အစွန်း အများဆုံး ကျန်တဲ့ လေကြောင်းလိုင်း၊ ခရီးစဉ် တိုးချဲ့ပြေးဆွဲနိုင်မှု အကောင်းဆုံး၊ ပတ်ဝန်းကျင် ထိခိုက်စေမှု အနည်းဆုံး လေကြောင်းလိုင်း၊ ဒီလို ကဏ္ဍတွေမှာ နယူးဇီလန်လေကြောင်းလိုင်းက အကောင်းဆုံး ရလဒ်တွေ ပိုင်ဆိုင်ထားတယ်လို့ AirlineRatings.com ရဲ့ ကြီးကြပ်အယ်ဒီတာ Geoffrey Thomas က ရေးသား ဖော်ပြထားတာလည်း တွေ့ရပါတယ်။

ကဏ္ဍ ၁၃ ခု ခွဲပြီး လေကြောင်းလိုင်း တလိုင်းကို အမှတ်ပေးမှုဆိုတဲ့နေရာမှာလည်း အသုံးပြု လေယာဉ် ကောင်းမွန်မှု၊ လုံခြုံစိတ်ချရမှု၊ စီးနင်းသူတွေရဲ့ မှတ်ချက်၊ ပျံသန်းခရီးစဉ် အနေအထား၊ လေကြောင်း အနေနဲ့ အမြတ်အစွန်း ကျန်ရှိမှု၊ စက်သုံးဆီ အသုံးပြုမှု အနေအထား၊ အိပ်ခန်းပုံစံ သီးသန့်ခန်းတွေ ပါရှိမှုနဲ့ ဝန်ဆောင်မှုပေးခြင်း၊ လေကြောင်းလိုင်းကို လုပ်ကိုင်နေတဲ့ ကုမ္ပဏီရဲ့ နောက်ခံ အနေအထား၊ ပတ်ဝန်းကျင် ထိခိုက်စေမှု အပေါ် တာဝန်ယူမှု၊ လေကြောင်းလိုင်း ဝန်ထမ်းတွေကို ပေးချေတဲ့ လစာနဲ့ ခံစားခွင့်တွေ၊ မတော်တဆမှုတွေ အတွက် တာဝန်ယူမှု၊ နောက်ထပ် လေကြောင်းလိုင်း ခရီးစဉ်သစ် ချဲ့ထွင် ပျံသန်းနိုင်မှုတွေ အပေါ်ကို အခြေခံပြီး ကမ္ဘာတလွှားက လေကြောင်းလိုင်းပေါင်း ၅၀ ထိအောင်ကို အကောင်းဆုံးအနေနဲ့ အစဉ်လိုက် ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။

ဒီထဲက ထိပ်ဆုံးက အကောင်းဆုံး ဖြစ်လာမယ့် လေကြောင်းလိုင်းတွေကတော့ အဆင့် ၁၀ နေရာမှာ Japan Airlines ရှိနေပြီး ဒီလေကြောင်းလိုင်းက အရင် အမြတ်အစွန်း ကျန်ရှိမှုတွေမှာ အရှုံးပြနေပြီး ၂၀၁၀-၁၁ ခုနှစ် နောက်ပိုင်း ပြန်လည် အောင်မြင်မှုရလာတဲ့ လေကြောင်းလိုင်း ဖြစ်ပါတယ်။ အခုတော့ ခရီးသည် စီးနင်းမှု ပြန်လည် များပြားလာသလို လေကြောင်းခရီးစဉ် ပြေးဆွဲမှုလည်း ပြန်လည် အားကောင်းလာတာ တွေ့ရပါတယ်။

အဆင့် ၉ မှာ Cathay Pacific ရှိပါတယ်။ အရင်နှစ်အတွင်းက ဟောင်ကောင်နဲ့ တရုတ်က ပြိုင်ဖက် လေကြောင်းလိုင်းတွေကို ကျော်ဖြတ်ပြီး အောင်မြင်မှု ရယူလာနိုင်တဲ့ လေကြောင်းလိုင်း ဖြစ်ပါတယ်။ အခြေခံ ရင်းနှီးမြှပ်နှံလုပ်ကိုင်မှု အားကောင်းတဲ့ လေကြောင်းလိုင်း တခုပါ။ အဆင့် ၈ မှာတော့ Korean Air ရှိပါတယ်။ ၂၀၀၀ ခုနှစ်ကနေ စတင်ပြီး အာရှမှာ ရွေးချယ် စီးနင်းဖို့ အကောင်းဆုံး လေကြောင်းလိုင်း တလိုင်း ဖြစ်လာခဲ့ရာကနေ အခုထိအောင် အကောင်းဆုံး ဝန်ဆောင်မှု ပုံစံကို ထိန်းထားနိုင်သေးတာ တွေ့ရတယ်လို့ သောမတ်စ်ရဲ့ မှတ်ချက်မှာ တွေ့ရပါတယ်။

အဆင့် ၇ မှာတော့ All Nippon Airways ရှိပါတယ်။ ANA အဖြစ် လူသိများပါတယ်။ သူက အမြတ်အစွန်းထက် လေကြောင်းလိုင်းရဲ့ ဂုဏ်သိက္ခာနဲ့ အများပြည်သူ အဆင်ပြေချောမွေ့မှုကို ဦးစားပေးမှုနဲ့ အတူ လူကြိုက်များနေတဲ့ လေကြောင်းလိုင်းပါ။ နောက်နှစ်မှာလည်း ဒီလိုပဲ ဆက်ဆံရေး အထူးကောင်းနေမယ့် လေကြောင်းလိုင်းပါလို့ မှတ်ချက်တွေ့ရပါတယ်။ အဆင့် ၆ မှာတော့ နာမည်ကျော် Etihad Airways ရှိပါတယ်။ အရင်းအနှှီးလည်း ထည့်ဝင်စိုက်ထုတ်ထားမှု များတယ်၊ လေကြောင်းလုပ်ငန်းကနေလည်း ဘယ်လို အမြတ်ကျန်အောင် လုပ်ရမလဲ ဆိုတာ ကောင်းကောင်းသိတဲ့ Etihad က ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်း အဖြစ် အမြဲ ရှိနေနိုင်ပါတယ်။

အဆင့် ၅ မှာက Virgin Atlantic Airways ရှိပါတယ်။ ဒီလေကြောင်းလိုင်းက စီးနင်းသူတွေအတွက် အဆင်ပြေတယ်။ စိတ်ကြိုက်ဖြစ်တယ် ဆိုတဲ့ မှတ်ချက် အများဆုံး၊ အကောင်းဆုံး ရနေတဲ့လေကြောင်းလိုင်းလို့ ဆိုပါတယ်။ အဆင့် ၄ မှာတော့ Virgin Australia ရှိပါတယ်။ လူတချို့ကတော့ အခု လေကြောင်းလိုင်းကို အဆင့် ၄ မှာ ရောက်နေလို့ နည်းနည်း ဝေဖန်ချင်ကြပေမယ့် သောမတ်စ်ကတော့ လေယာဉ်ခ ဈေးချိုပြီး ပြန်ရတဲ့ ဝန်ဆောင်မှုက အကောင်းဆုံး အနေအထား ရှိတယ်လို့ မှတ်ချက်ပေးထားတာပါ။

အဆင့် ၃ မှာတော့ အာဆီယံ ဒေသတွင်း Singapore Airlines ရှိပါတယ်။ အခုနှစ်အတွင်း A380s လို လေယာဉ်တွေ ထည့်သွင်း ပြေးဆွဲလာမှုက လာမယ့်နှစ်အတွင်းမှာ အကောင်းဆုံးနဲ့ စိတ်အချရဆုံး ခရီးစဉ်တွေ လိုက်ပါ စီးနင်းလာနိုင်ဖို့ ရှိနေပါတယ်။ အဆင့် ၂ မှာတော့ Qantas ရှိပါတယ်။ လေကြောင်းလိုင်းရဲ့ CEO အသစ် ဖြစ်သူ Alan Joyce ရောက်လာ တဲ့ လွန်ခဲ့တဲ့ ၆ နှစ်မှာ လေကြောင်းလိုင်းရဲ့ ရှယ်ယာဈေးနှုန်း ဝ.၇၆ ဒေါ်လာ ရှိနေရာကနေ အခုတော့ ၄.၈၈ ဒေါ်လာထိအောင် တန်ကြေးရှိလာပါတယ်။ ဒီလို အောင်မြင်မှုတွေနဲ့ အတူ နောက်ထပ် အကောင်းဆုံး လေကြောင်းနေရာကို စိန်ခေါ်လာနိုင်မယ့် လေကြောင်းလိုင်း တလိုင်း ဖြစ်လာနိုင်ပါတယ်။

AirlineRatings.com ကနေ လာမယ့် ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး ဖြစ်မယ့် လေကြောင်းလိုင်း အဖြစ်တော့ Air New Zealand ကို ရွေးချယ်ထားပါတယ်။ အမှတ်ပေးတဲ့ ကဏ္ဍပေါင်း ၁၃ ခုထဲက ၉ ခုမှာ နယူးဇီလန်လေကြောင်းက အမှတ်အများဆုံး ရထားတယ်လို့ ဆိုပါတယ်။

Ref: www.businessinsider.com

Loading