ရန်ကုန်မှာ ကားကျပ်လို့ စိတ်ညစ်နေပါသလား။ တကယ်တော့ လူဦးရေ တိုးပွားမြင့်တက်လာမှုနဲ့အတူ ကားကျပ်တယ် ဆိုတဲ့ ပြဿနာက ကမ္ဘာနဲ့အဝှမ်းက မြို့ကြီးတွေမှာလို ခံစားဖြစ်ပွားနေတာပါ။ အခု ကျနော်က ဥရောပနိုင်ငံတွေထဲက ကားအကျပ်ဆုံးပါဆိုတဲ့ မြို့ကြီး ၁၅ မြို့ အကြောင်းကို နည်းနည်းလောက် ပြောပြချင်ပါတယ်။ TomTom ဆိုတဲ့ ဂြိုလ်တု အခြေပြု မြေပုံစနစ်နဲ့ ယာဉ်လမ်းကြော အခြေအနေပြ ဝန်ဆောင်မှု လုပ်ငန်းကနေ ဂြိုလ်တု မြေပုံတွေကို အခြေခံပြီး အခု စာရင်းကို ထုတ်ပြန်ထားတာ ဖြစ်ပါတယ်နော်။
(၁၅) Nizhny Novgorod ဆိုတဲ့ မြို့က ရုရှမှာ ပဉ္စမမြောက် လူဦးရေ အများဆုံး နေထိုင်တဲ့ မြို့ပါ။ နိုဂိုရပ်ရဲ့ ကားကျပ်နှုန်းကို TomTom က ၃၂ ရာခိုင်နှုန်းလို့ သတ်မှတ်ပါတယ်။ ဒါကတော့ ယာဉ်မောင်းတယောက်အနေနဲ့ သူလိုချင်တဲ့ ခရီးကို ပုံမှန် သွားရချိန်ထက် ၃၂ ရာခိုင်နှုန်း အချိန်ပိုပေးပြီး သွားရမယ်လို့ ဆိုလိုတာပါ။
အလွယ်ဆုံးအနေနဲ့ မိနစ် ၁ဝဝ (၁ နာရီ မိနစ် ၄၀)သွားရမယ့် ခရီးအတွက် နိုဂိုရပ်မှာ သွားမယ်ဆိုရင် စုစုပေါင်း ၁၃၂ မိနစ် (၂နာရီနဲ့ ၁၂မိနစ်)ကြာမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။
(၁၄) Hamburg ကတော့ ဂျာမနီက လူဦးရေ အများဆုံး နေထိုင်တဲ့ မြို့တွေထဲက တခုပါ။ TomTom ရဲ့ သတ်မှတ်ချက် ၃၃ ရာခိုင်နှုန်း ရှိပါတယ်။ နိုဂိုရမ်နဲ့ သိပ်မကွာပါဘူး။ ဟမ်းဘက်ရဲ့ ကားကျပ်နှုန်းက အရင်နှစ်ကထက် ၃ ရာခိုင်နှုန်း ပိုလာတယ်လို့ ဆိုပါတယ်။
(၁၃) အီတလီနိုင်ငံက နောက်ထပ်မြို့ကြီး Naples ကလည်း ဟမ်းဘက်နဲ့ အတူတူ TomTom ရဲ့ သတ်မှတ်ချက် ၃၃ ရာခိုင်နှုန်း ဖြစ်ပါတယ်။ သူက အရင်နှစ်က ကားကျပ်နှုန်းထက် ၂ ရာခိုင်နှုန်းပဲ တိုးတက်လာတယ်လို့ ဆိုပါတယ်။
(၁၂) နောက်ထပ် ဂျာမနီရဲ့ မြို့ကြီး Cologne ဆိုရင် နေပယ် ထက် ကားပိုကျယ်နေတာ တွေ့ရပြီး ၃၄ ရာခိုင်နှုန်း လောက်ထိအောင် အချိန်ပိုပေးရပါတယ်။ ၂၀၁၅ ခုနှစ် အတွင်းကတောင် ရာခိုင်နှုန်း ၃၀ ပဲ ရှိရာကနေ အခုလို ၄ ရာခိုင်နှုန်း ခုန်တက်သွားတာပါ။
(၁၁) ပိုလန်ရဲ့မြို့တော် Warsaw ကတော့ ပြောစရာမလိုအောင် ကားကျပ်မယ်ဆိုတာ သိထားလောက်ပါတယ်နော်။ TomTom ပေးမှတ် ၃၇ ရာခိုင်နှုန်းထိအောင် ကားကျပ်တာ တွေ့ရပါတယ်။ ဒါပေမယ့် ၂၀၁၅ ခုနှစ်ကနဲ့စာရင် ၁ ရာခိုင်နှုန်းပဲ ပိုကျပ်လာလို့ မဆိုးပါဘူး။
(၁၀) ဂရိက Athens ကလည်း ဝါဆော နဲ့ အတူတူ ရမှတ် ၃၇ ရာခိုင်နှုန်းထိအောင် ကားကျပ်တာ တွေ့ရပါတယ်။ ဒါပေမယ့် သူက ၂၀၁၅ ခုနှစ်ကတည်းက အခုနှုန်းအတိုင်း ကားကျပ်နေတာဖြစ်ပြီး အခု ၂ နှစ် အတွင်း ယာဉ်လမ်းကြောင်း ထိန်းချုပ်မှု ကောင်းမွန်လာလို့ ကားပိုမကျပ်တာ ဖြစ်ပါတယ်။
(၉) အင်္ဂလန်က မန်ချက်စတာ ကတော့ အေသင်ထက် ၁ ရာခိုင်နှုန်း ပိုကာ စုစုပေါင်း ကားကျပ်မှု ၃၈ ရာခိုင်နှုန်းထိအောင် ရှိပါတယ်။ ဒီနှုန်းက အရင်နှစ်ကထက် ၁ ရာခိုင်နှုန်းပဲ ပိုပြီး ကားကျပ်လာတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
Traffic 2 photo
(၈) Brussels ဆိုရင်လည်း မန်ချက်စတာ နဲ့ အတူတူ ၃၈ ရာခိုင်နှုန်းထိအောင် ကားကျပ်တာ တွေ့ရပါတယ်။ မန်ချက်စတာကတော့ အခုနှစ်မှာ ၁ ရာခိုင်နှုန်းပဲ ကားပိုကျပ်လာပေမယ့် ဘရက်ဆဲလ်ကတော့ အရင်နှစ်ကထက် ၃ ရာခိုင်နှုန်းတောင် ပိုကျပ်လာတာ ဖြစ်ပါတယ်။
(၇) ပြင်သစ်ရဲ့ ပဲရစ်ကလည်း ၃၈ ရာခိုင်နှုန်းထိအောင် ကားကျပ်တဲ့မြို့ကြီးပါပဲ။ အရင်နှစ်က ကားကျပ်နှုန်းတွေနဲ့ စာရင် ၂ ရာခိုင်နှုန်း ပိုပြီး ကျပ်လာတာလည်း ဖြစ်ပါတယ်။
(၆) Rome ကတော့ အီတလီရဲ့ မြို့ကြီးပီပီ ပဲရစ်ထက်တောင် သိသိသာသာ ကားပိုကျပ်ပါတယ်။ ရာခိုင်နှုန်း ၄၀ ထိအောင် အချိန်ပိုပေးနေရပါတယ်။ ဒါက အရင်နှစ်က နှုန်းထက် ၂ ရာခိုင်နှုန်း ပိုလာတာလည်း ဖြစ်ပါတယ်။
(၅) ပြင်သစ်ရဲ့ နောက်ထပ် မြို့ကြီး Marseille ကတော့ မထင်မှတ်ဘဲ မြို့တော် ပဲရစ်ထက်တောင် ကားပိုကျပ်ပြီး ရာခိုင်နှုန်း ၄၀ ထိအောင် ရောမနဲ့ အတူတူ အချိန်ပိုပေးနေရတာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်က မာဆေးရဲ့ ကားကျပ်နှုန်း ထက် ၂ ရာခိုင်နှုန်း ပိုလာတာလည်း ဖြစ်ပါတယ်။
(၄) အင်္ဂလန်ရဲ့ မြို့တော် လန်ဒန် ကတော့ ကားကျပ်တာတွေ လျော့သွားအောင် အခွန်တိုးကောက်၊ ကားဈေးတွေ နည်းနည်း တက်အောင် လုပ်ထားပေမယ့် ကားကျပ်နေဆဲပါ။ မာဆေးနဲ့အတူတူ ရာခိုင်နှုန်း ၄၀ ထိအောင် အချိန်ပို ပေးနေရသလို အရင်နှစ်ကထက် ၂ ရာခိုင်နှုန်း ပိုပေးလာရတာလည်း ဖြစ်ပါတယ်။
(၃) ရုရှရဲ့မြို့ကြီး စိန့်ပီတာဘတ် ဆိုရင်လည်း လန်ဒန်ထက်တောင် ကားပိုကျပ်နေပါသေးတယ်။ အချိန်ပိုပေးရမှု ၄၁ ရာခိုင်နှုန်းရှိတယ်လို့ TomTom ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အရင်နှစ်ကထက် ၁ ရာခိုင်နှုန်း ပိုလာတာလည်း ဖြစ်ပါတယ်။
(၂) နောက်ထက် ရုရှရဲ့ မြို့တော် မော်စကို ကတော့ ၂၀၁၅ ခုနှစ်ကတည်းက အခုနှုန်းအတိုင်း ၄၄ ရာခိုင်နှုန်းထိအောင် ကားကျပ်နေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ စိန့်ပီတာဘတ်ထက် ကားပိုကျပ်နေတာ ဖြစ်ပြီး TomTom က ဆိုရင် မော်စကိုကို ကားပါကင်မြို့တော်အဖြစ်တောင် မှတ်ချက်ပေးထားတာ တွေ့ရပါသေးတယ်။
(၁) မထင်မှတ်လောက်အောင် ဥရောပမှာ ကားအကျပ်ဆုံး မြို့ကြီးက အင်္ဂလန်၊ ရုရှ၊ ဂျာမနီတွေက မြို့တွေမဟုတ်ဘဲ ရိုမေးနီးယားက Bucharest ဖြစ်နေပါတယ်။ အရင်နှစ်ကထက် ကားကျပ်နှုန်း ၇ ရာခိုင်နှုန်းထိအောင် တိုးလာတာဖြစ်ပြီး အခုနှစ် ဘူခါရက်ရဲ့ ကားကျပ်နှုန်းက ၅၀ ရာခိုင်နှုန်းထိအောင် ရှိနေပါတယ်။ ဒီတော့ နာရီဝက် (မိနစ်၃၀) ခရီးတခုကို သွားမယ်ဆိုရင် အချိန် ၁ နာရီ ပေးရမှာဖြစ်ပါတယ်။
Ref: www.businessinsider.com တွင် ဖော်ပြထားတဲ့ The 15 european cities with the worst traffic ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။