Trend

ငွေကို မှန်မှန်ကန်ကန် သုံးစွဲတတ်ဖို့ အသုံးနဲ့ အဖြုန်း ခွဲခြားပါ

Want create site? Find Free WordPress Themes and plugins.

အသုံးနဲ့ အဖြုန်း ခွဲခြားတတ်အောင်၊ ငွေကို မှန်မှန်ကန်ကန် သုံးနိုင်အောင် အဓိက သင်ကြားပေးသူတွေကတော့ မိဘတွေ ဖြစ်ပါတယ်။ ဒါပေမယ့် မိဘတိုင်းကတော့ ငွေသုံးမှန်အောင် သင်ပေးနိုင်ကြသူတွေ မဟုတ်ပါဘူး။ သူတို့ ကိုယ်တိုင် အသိနဲ့ ထင်မြင်ချက်တွေက ကိုယ်တိုင်လည်း ငွေဖြုန်းသူတွေ ဖြစ်နေနိုင်သလို သားသမီးတွေကိုလည်း မှန်ကန်အောင် သုံးတတ်ဖို့ မသင်ပေးမိတာတွေ ရှိတတ်ပါတယ်။

အထူးသဖြင့်တော့ မုန့်ဖိုးစရရှိခဲ့တဲ့ ကလေးဘဝကနေ စတင်ပြီး ငွေကို ဘယ်လိုမုန့်ဝယ်စားမယ် ဆိုတာက အစ ခွဲခြမ်းစိတ်ဖြာ တတ် လာပြီး နောက်ပိုင်း အရွယ်ရောက်ချိန်မှာတော့ အသုံး၊ ဒါမှမဟုတ် အဖြုန်း ပုံစံနဲ့ ငွေတွေကို သုံးမိတတ်ကြပါတယ်။ ဆိုလိုတာက ကလေးဘဝမှာ ငွေသုံး မှန်အောင် သိခဲ့၊ တတ်ခဲ့မှ အဖြုန်း မဟုတ်တဲ့ အသုံးတတ်မှာ ဖြစ်လို့ ဘယ်လို ငွေဖြုန်းနည်းတွေ ရတတ်တယ်၊ ဒီလို ငွေဖြုန်းနည်းတွေကို ရှောင်ရှားရမယ် ဆိုတာကို ပြောပြပါမယ်။

အရမ်းချွေတာတဲ့ မိဘတွေကြောင့် ။ ။ ကလေးဘဝမှာ သင် လိုချင်သမျှ မရခဲ့ဘူး၊ အဓိက အနေနဲ့ ဈေးတွက်တွက်ပြီး အရမ်း ချွေတာတဲ့ မိဘတွေကြောင့် ကလေးတယောက် အနေနဲ့ ကစားစရာ၊ စားစရာတွေက အစ လိုချင်တာ မရတာတွေဟာ စိတ် မကျေနပ်ချက် ဖြစ်လာစေပါတယ်။ နောက်ဆက်တွဲ ရလဒ်ကတော့ ငွေသုံးချင်လာတယ်၊ လက်ထဲ ပိုက်ဆံရှိလာရင်လည်း မိမိ ဖြစ်ချင်တာကို ရှေ့၊ နောက် မချင့်ချိန်ဘဲ လုပ်ကိုင်တတ်လာပြီး အသက် အရွယ် ရလာချိန်မှာတော့ မိမိဟာ ငွေဖြုန်းတတ်သူ တယောက် ဖြစ်လာပါတယ်။

ဒီလို ဘဝတွေ အကောင်းဆုံး လုပ်ဆောင်သင့်တာက မိဘတွေ ကိုယ်တိုင်ကလည်း ကလေး အတွက် အရမ်း မချွေတာပါနဲ့၊ လိုအပ်မယ် ထင်တာကို ဖြည့်ဆည်းပါ၊ ကလေး အနေနဲ့လည်း မိမိ ဘာကြောင့် အခုလို အရာတခုခုကို လိုချင်တယ် ဆိုတာ မိဘကို ပြောပြပြီး ရယူဝယ်ပေးဖို့ ပြောပါ၊ စိတ်လည်း ကျေနပ်သွားသလို ငွေသုံးချင်စိတ်လျော့နည်းသွားလို့ ငွေမဖြုန်းမိ စေနိုင်တော့ပါဘူး။

အရမ်း အလိုလိုက်တဲ့ မိဘတွေကြောင့် ။ ။ သင် ဖြစ်ချင်သမျှကို ဖြည့်ဆည်းပေးတဲ့ မိဘဆိုတာ သင့် အတွက်တော့ အဖိုး မဖြတ်နိုင်မယ့် ဘဝပေး ဆုလာဘ် ဖြစ်နိုင်ပေမယ့် ကောင်းသည်၊ ဆိုးသည်၊ ဖြစ်သင့်သည်၊ မဖြစ်သင့်သည်ကို ဘာမှ မတွက်ပဲ သင် လိုချင်သမျှ ပေးလာခဲ့ရင်တော့ နောက်ဆက်တွဲ ရလဒ်က သင့် အနေနဲ့ ငွေရဲ့ တန်ဖိုးကို မသိတော့သလို ဖြစ်ချင်ရာ ဖြစ်လိုတဲ့ အစွဲတခု ဖြစ်လာပြီး အရွယ်ရောက်လာရင်လည်း ငွေဖြုန်းတီးသူ ဖြစ်လာနိုင်ပါတယ်။

သူဌေးသား တယောက်လို နေတတ်လာပြီး ငွေသုံးကြမ်းလာစေတတ် သလို မလိုအပ်တဲ့ အကြွေးတွေတောင် ရှိလာနိုင်ပါတယ်။ ဒီလို ဘဝတွေ အတွက် အကောင်းဆုံး လုပ်ဆောင်သင့်တာက မိမိ ဘဝကို မိမိ စိန်ခေါ်ဖို့ ပြင်ဆင်ပါ၊ တန်ဖိုးရှိတဲ့ အရာတခုခုကို ရည်မှန်းချက်ထားပြီး အကောင်အထည် ဖော်ပါ၊ ဥပမာ အိမ်တလုံးဝယ်၊ ကိုယ်ပိုင်ကားဝယ်မယ်၊ မိသားစုုဘ၀ တည်ထောင်မယ် ပေါ့။ ငယ်ဘဝကလို ဖြစ်ချင်တာကို အဓိက ဦးစားပေးတဲ့ အကျင့် ဖျောက်ပါ။

အပေးအကမ်း များတဲ့ မိဘတွေကြောင့် ။ ။ တချို့သော မိဘတွေ၊ မိသားစုတွေမှာ အလှူဒါန အမြဲပြုနေကြလေ့ ရှိပါတယ်။ အထူးသဖြင့် မြန်မာတွေမှာ အလှူအတန်းပြုတာ များပါတယ်။ လှူဒါန်းစွန့်ကြဲမှုက ကောင်းပါတယ်၊ ဒါပေမယ့် အလွန်အကျွံတော့ မလုပ်သင့်ပါဘူး။ ရှေးလူကြီးတွေရဲ့ ဆိုစကားမှာကိုပဲ မိမိ ရသမျှရဲ့ သုံးပုံ ပုံ၊ တပုံကို စား၊ တပုံကို စု၊ တပုံကိုပဲ ပေးကမ်းခြင်းနဲ့ အတူ မိဘမွေးမျိုးတွေကို ထောက်ပံ့မှု လုပ်ဖို့ ပြောတာ ကြားဖူးကြပါလိမ့်မယ်။

ဒါပေမယ့် အပေးအကမ်းများတဲ့ မိဘတွေနဲ့ ကလေးတွေမှာ လက်လွယ်မှု ဖြစ်လာပါတယ်။ ဆိုလိုတာကတော့ သူတို့ ကိုယ်တိုင် အလွယ်တကူ ပေးလေ့၊ ကမ်းလေ့ ရှိလာပါတယ်။ ကိုယ်ကျိုးအတွက် ကြည့်ဖို့ နည်းလာရင်တော့ မိမိ အတွက် အဆင်မပြေနိုင် တော့ပါဘူး။ ဒီလို ဘဝတွေ အတွက် အကောင်းဆုံး လုပ်ဆောင်သင့်တာက ဘယ်အရေး၊ ဘယ်လိုအပ်ချက်က အရေးကြီးတယ် ဆိုတာ လေ့လာပါ၊ မိမိ ဘယ်လောက်ထိ အများဆုံး ပေးကမ်းမယ် ဆိုတာ တလအတွက်၊ တနှစ် အတွက် သတ်မှတ်ချက်ထားရှိ ပေးကမ်းတာ အကောင်းဆုံး ဖြစ်ပါတယ်။

ငွေသုံးတတ်ဖို့ သင်မပေးကြတဲ့ မိဘတွေကြောင့် ။ ။ ဒီနေ့ခေတ် မိဘ အများစု သင်ကြားပြသမှု မရှိတော့တဲ့ အလေ့တခုပါ။ မြန်မာ ပုံပြင်တခုမှာ သူဌေးကြီးက သူ့ရဲ့ သားကို တရက် ငွေ အသပြ တကျပ် ရှာဖွေစေပြီး ငွေရဲ့ တန်ဖိုးကို သိစေအောင် သင်ကြားပေး သလို မိဘတွေ အနေနဲ့ ငွေရဲ့ တန်ဖိုးကို သိရှိအောင် သားသမီးတွေကို သင်ပေးသင့်ပါတယ်။ ဒါပေမယ့် အများစုက စီးပွားရေးကိုပဲ ဦးစားပေး လုပ်ကိုင်နေကြပြီး သားသမီးကို သင်ပြမှု နည်းလာခြင်းက နောက်အချိန်မှာ အဆိုပါ သားသမီးတွေမှာ ကိုယ်တိုင် ရပ်တည်လာချိန်မှာ ငွေကြေးစီမံခန့်ခွဲ အသုံးပြုနိုင်မှု မရှိတော့ပဲ ဖြစ်လာပါတယ်။

ဒီလို ဘဝတွေ အတွက် အကောင်းဆုံး လုပ်ဆောင်သင့်တာက ကလေးတွေ အနေနဲ့ ငွေကြေး အသုံးပြုမှု ပညာရပ် သင်တန်းတွေ လေ့လာပါ၊ Daily Worth လို အွန်လိုင်းကနေ သင်ကြားပေးသူတွေလည်း ရှိပါတယ်။ မိဘတွေ ဆီကနေ မသင်ခဲ့ရသည့်တိုင် ချိန်ဆ အသုံးပြုတတ်ဖို့၊ လုပ်ငန်းတိုးတက်အောင်မြင်ဖို့ ငွေကို မှန်ကန်အောင် သုံးတတ်ဖို့ လိုအပ်တာလည်း ဖြစ်ပါတယ်။

အထည်ကြီးပျက် မိဘတွေကြောင့် ။ ။ ယခင်က လုပ်ငန်းကြီးတွေ လုပ်ဆောင်ခဲ့ဖူးတယ်၊ ဒါပေမယ့် မှားယွင်းခဲ့မှုနဲ့ အတူ စီးပွား ပျက်သွားတဲ့ မိဘတွေကနေ ဆင်းသက်လာသူတွေက ငွေသုံးတတ်သူ နည်းပြီး ငွေဖြုန်းတတ်သူ များပါတယ်။ ပုံမှန် လူနေမှု ဘဝမှာရော စီးပွားရေး လုပ်ဆောင်မှု အပိုင်းမှာပါ မိဘတွေဆီကနေ လုပ်ငန်း လုပ်ကိုင်ပုံ နည်းစနစ်ကို မှန်မှန်ကန်ကန် မသင်နိုင်ခဲ့လို့ အမှားတွေ တွေ့နိုင်ပြီး မိမိလည်း စီးပွားပျက်နိုင်ပါတယ်။

ယခင်က မျိုးရိုးစဉ်ဆက် အရ မိမိကိုယ်ကို စိတ်ကြီးလည်း ဝင်နေတယ်၊ ဒါပေမယ့် စီးပွားရေးလည်း ကောင်းကောင်း မလုပ်တတ် ဘူး၊ ဒီအတွက် မှားဖိ့ု ရာခိုင်နှုန်း များလာပါတယ်။ ဒီလို ဘဝတွေ အတွက် အကောင်းဆုံး လုပ်ဆောင်သင့်တာက မိဘတွေမှာ မှားခဲ့သလို မိမိမှာ မမှားရအောင် စီးပွားရေး လုပ်မယ် ဆိုရင် တပါးသူတွေထက် ပိုပြီး သေချာမယ့် အလုပ်၊ သေချာမယ့် အစီအစဉ်တွေကို ချမှတ်လုပ်ကိုင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

အသုံးအဖြုန်း ကြီးတဲ့ မိဘတွေကြောင့် ။ ။ ကိုယ်တိုင် ချမ်းသာလို့ပဲ ဖြစ်ဖြစ်၊ အသုံးကြီးလို့ပဲ ဖြစ်ဖြစ် တချို့ မိဘတွေက ကိုယ်တိုင်ရော သားသမီးကိုပါ လိုတာထက် ပိုပြီး ပြည့်စုံ ကောင်းမွန်အောင် နေထိုင် စားသောက်လေ့ ရှိပါတယ်။ ဒီအတွက် ရလဒ်က အပင်ပန်း မခံလိုတော့သလို ပစ္စည်းကောင်း၊ အရသာကောင်း ခံစားနေကြသူတွေ အတွက် ငွေဖြုန်းတီးဖို့ပဲ စဉ်းစားနေ ပါတော့တယ်။

သင့် အနေနဲ့ မိသားစုနဲ့ မဟုတ်တော့ဘဲ တကိုယ်ရည် ရပ်တည်ချိန်အထိ ဒီအကျင့်က ပါလာတတ်ပါတယ်။ ဒီလို ဘဝတွေ အတွက် အကောင်းဆုံး လုပ်ဆောင်သင့်တာက မိမိရဲ့ အနေအထိုင်ကို အကောင်းဆုံး ဆင်ခြင်ဖို့ ဖြစ်ပြီး မိမိဟာ ငွေဖြုန်းတီးနေ သူ ဆိုတာ ကိုယ်တိုင် လက်ခံနိုင်အောင် တွေးတော ဆင်ခြင်ပြီး သွားနေကျ၊ စားနေကျ၊ ဝယ်နေကျ အသုံးပြုနေကျ အကျင့်တွေ ကို အကောင်းဆုံး ထိန်းချုပ်နေထိုင်လိုက်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

မိခင်က မှီခိုအနေအထား ဖြစ်တဲ့ အတွက်ကြောင့် ။ ။ အလုပ်အကိုင် ကိုယ်ပိုင် မရှိတဲ့ မိခင် တယောက်၊ အိမ်မှာပဲ အမျိုးသားရဲ့ လစာ ထိုင်သုံးနေတဲ့ မိခင်ကနေ မွေးလာတဲ့ ကလေးမှာ မိခင်ကိုယ်တိုင်လည်း အလုပ် မလုပ်ဘူး၊ ဖခင်ရဲ့ အပ်ငွေကို ထိုင်သုံးနေရတာတွေ မြင်လာပြီး ကလေးတွေမှာလည်း အခက်အခဲနဲ့ အကျပ်အတည်းတွေ၊ ငွေရှာဖို့ နည်းတွေ မသိချင်ကြတော့ပါဘူး။ မိခင်နဲ့ သားသမီးဟာ အနီးစပ်ဆုံး ဖြစ်လို့ အခုလို မှီခို မိခင်ကို နမူနာ အယူများကြတာ ဖြစ်ပါတယ်။

ဒီလို ဘဝတွေ အတွက် အကောင်းဆုံး လုပ်ဆောင်သင့်တာက မိဘက ပေးလာတဲ့၊ အမျိုးသားကနေ အပ်လာတဲ့ ငွေကို ထိုင်သုံး၊ ထိုင်စောင့် နေတာထက် မိမိ ကိုယ်တိုင် နိုင်ရာ အလုပ် အနည်းငယ် လုပ်ပြီး ငွေရဲ့ တန်ဖိုးကို သိပါစေ၊ မိမိကလေးကိုလည်း အလုပ်သည် လူရဲ့ တန်ဖိုးဆိုတာကို နားလည်းပါစေ၊ မိမိကိုယ်လည်း အကောင်းဆုံး အတုယူနိုင်အောင် မိခင် အနေနဲ့ သင်ပြပေးသင့် သလို ကလေးတွေ အနေနဲ့လည်း ကိုယ်တိုင်ရပ်တည်မှုနဲ့ ငွေကို ဖြုန်းဖို့ထက် သုံးဖို့သာ နားလည်အောင် ကြိုးစားသင့်ပါတယ်။

ကွာရှင်းပြတ်စဲထားတဲ့ မိဘတွေကြောင့် ။ ။ ပြိုကွဲထားတဲ့ မိသားစုတွေရဲ့ ကလေးတွေမှာ စိတ်ဒဏ်ရာ အနည်းနဲ့ အများတော့ ခံစားနေကြရပါတယ်။ အထူးသဖြင့် ငွေကြေး အဆင်မပြေတဲ့ ပြိုကွဲမိသားစုတွေမှာ ဖိအား ပိုများပါတယ်။ ဒီလို စိတ်ဖိအားတွေနဲ့ အတူ ကလေးတွေဟာ ဘဝကို ပျော်ပျော် နေချင်လာကြတယ်၊ မိသားစု ပြိုကွဲထားတာကို ခံစားဖူးပေမယ့် အလေးအနက် မစဉ်းစားပဲ အိမ်ထောင်ပြုကြတာတွေ၊ ငွေကို လွယ်လွယ်သုံးပြီး အကြွေးတင်တာတွေထိ စဉ်းစားမှု အားနည်းလေ့ ရှိကြပါတယ်။

ဒီလို ဘဝတွေ အတွက် အကောင်းဆုံး လုပ်ဆောင်သင့်တာက လူလွတ်ဘဝမှာရော အိမ်ထောင်သည် ဘဝရောက်နေသည့်တိုင် စိတ်ကို အလိုလိုက်ပြီး ငွေသုံး မကြမ်းပါနဲ့၊ မိမိရဲ့ သားသမီးတွေ အတွက် တစုံတရာ ပြည့်စုံအောင် ထားနိုင်၊ ပေးနိုင်ဖို့ ငွေစုထားဖို့ လိုအပ်တယ် ဆိုတာ သိထားပါ။ နောက်ဆုံး တကိုယ်တည်း နေမယ် ဆိုရင်တောင်မှ အသက်ကြီးချိန်မှာ သုံးဖို့ အတွက် ဆိုတာမျိုး စဉ်းစားပြီး စုဆောင်းမှု လုပ်ဆောင်တာ အကောင်းဆုံး ဖြစ်ပါတယ်။ ။

Ref: www.businessinsider.com

Did you find apk for android? You can find new Free Android Games and apps.
Loading