အောင်မြင်သူတွေရဲ့ မနက်အိပ်ယာထ အမူအကျင့်များ
လူတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် အမူအကျင့်လေးတွေ ရှိကြပါတယ်။ အောင်မြင်သူတွေ၊ သာမန် ဝန်ထမ်းတွေကနေ အားလုံးမှာ တနေ့တာ အချိန်တွေအလိုက် လုပ်ဆောင်တတ်တဲ့ အကျင့်တွေ ရှိကြပါတယ်။ ပြောရရင် မနက်ခင်း ကော်ဖီသောက်တဲ့ အကျင့် ရှိသူ မနက်ဆိုရင် ကော်ဖီလေး သောက်လိုက်ရမှ နေသာ သလိုမျိုးပါ။ ဒီလို အကျင့်တွေထဲက အောင်မြင်သူတွေ မနက် အိပ်ယာထချိန်တွေမှာ ဘာတွေ လုပ်သလဲ ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။ ကိုယ့်အတွက် လိုအပ်လာရင်လည်း နမူနာ ယူနိုင်ဖို့ပါ။
(၁) အိပ်ရေးဝအောင် အိပ်စက်တတ်ကြတယ် ။ ။ Facebook ရဲ့ လုပ်ငန်းလည်ပတ်ရေး အကြီးအကဲ ဖြစ်သူ Sheryl Sandberg ကတော့ မနက်ခင်းမှာ လန်းဆန်း တက်ကြွနေဖို့ အိပ်ရေး၀၀ အိပ်ဖို့ လိုတယ် လို့ ဆိုပါတယ်။ USA Today နဲ့ အင်တာဗျူးမှာ သူမက အမြဲတမ်း အိပ်ရေးဝအောင် အိပ်လေ့ရှိကြောင်းနဲ့ သူမရဲ့ အလုပ်အနေအထား အရ အလုပ်များ ပေမယ့် အိပ်ချိန်မှာ ဖုန်းပိတ်ထားတယ်၊ အလင်းနည်းနည်းနဲ့ အခန်းမှာ အိပ်တယ်၊ အိပ်ချိန်ကို ကောင်းကောင်းယူတယ်၊ အိပ်ယာ မဝင်ခင်မှာလည်း စိတ် အပန်းဖြေမှု လုပ်တယ်၊ ဒီလိုနဲ့ အိပ်ရေးဝအောင် အိပ်စက်လေ့ ရှိတယ် လို့ ပြောတာ တွေ့ရပါတယ်။
(၂) မနက်စောစော အိပ်ယာထကြတယ် ။ ။ အော်ပရာဝင်းဖရေး (Oprah Winfrey) လို နာမည်ကျော် တယောက်ကတော့ သူမ အနေနဲ့ မနက်တိုင်း ၆ နာရီမှာ အိပ်ယာတယ်၊ ၆ နာရီခွဲမှာ ရုံးကို ရောက်နေတတ်ပြီ လို့ ဆိုပါတယ်။ Parade မှာ ဝင်းဖရေးနဲ့ ပတ်သတ်ပြီး တနေ့တာ လုပ်ဆောင်ချက်အချိန်တွေ အကြောင်း ဖော်ပြရေးသားရာမှာ အခုလို သူမ မနက် အိပ်ယာစောစောထ တဲ့ အကျင့်အကြောင်း သိလာရပြီး အခြား အောင်မြင်နေသူ အများစုကလည်း မနက် ၅ နာရီနဲ့ ၆ နာရီ အကြား၊ စောစော အိပ်ယာထလေ့ ရှိတယ်လို့ ဆိုကြပါတယ်။ ဒါဟာ အလုပ်အတွက်ရော လေ့ကျင့်ခန်း လုပ်မယ့် သူတွေ အတွက်ပါ အချိန်ပို ရစေတယ်လို့လည်း ဆိုပါတယ်။
(၃) တရားထိုင်ကြတယ် ။ ။ တနေ့တာ အလုပ်တွေနဲ့ ပင်ပန်းနေတဲ့ ဦးနှောက်ကို တရားထိုင်ခြင်းနဲ့ အတူ စိတ်တည်ငြိမ်အောင် နေထိုင်ခြင်းက စိတ်သက်သာရာ ရစေတယ် လို့ ဆိုပါတယ်။ LinkedIn ရဲ့ CEO ဖြစ်သူ Jeff Weiner ကတော့ App ကို အသုံးပြုပြီး တနေ့တာ ဘယ်အချိန်၊ ဘယ်လောက်ကြာ၊ တရားထိုင်မယ်၊ စိတ်အေးချမ်းအောင် နေမယ် ဆိုတာ အကူအညီယူ လုပ်ဆောင်ပြီး အဆင်ပြေကြောင်း ပြောပါတယ်။
(၄) မနက်စာ ချက်ချင်း စားလေ့မရှိကြဘူး ။ ။ Twitter နဲ့ Square ရဲ့ CEO ဖြစ်သူ Jack Dorsey ကတော့ သူ့ အနေနဲ့ မနက် ၅ နာရီမှာ အိပ်ယာထတယ်၊ လေ့ကျင့်ခန်း လုပ်တယ်၊ တရားထိုင်တယ်၊ ပြီးမှ မနက်စာ စားတယ်လို့ Product Hunt ရဲ့ မေးမြန်းမှုကို ဖြေထားတာ တွေ့ရပါတယ်။ အထူးသဖြင့်တော့ ကော်ဖီဟာ ဆိုရင် အိပ်ယာထပြီးပြီးချင်း သောက်လို့ မကောင်းဘူးလို့ သိထားတဲ့ အတွက် သူတို့ဟာ အိပ်ယာထထချင်း ကော်ဖီနဲ့ မနက်စာ မစားကြ၊ မသောက်ကြတာပဲ ဖြစ်ပါတယ်။
(၅) အဟာရရှိတဲ့ မနက်စာကို စားကြတယ် ။ ။ Virgin Group ကို တည်ထောင်သူ Richard Branson ကတော့ American Ecpress OPEN Forum နဲ့ အမေး၊ အဖြေမှာ သူ့ အနေနဲ့ မနက်စာကို အသီးအရွက်စာတွေနဲ့ သစ်သီးခြောက်၊ အခွံမာသီးလို နို့နဲ့ တွဲဖက် စားသုံးရတဲ့ အဟာရစာတွေကို စားလေ့ရှိတယ် လို့ ဖြေတာ တွေ့ရပါတယ်။ တချို့ အလုပ်များလို့ မနက်စာ မစားဖြစ်တာ ရှိနိုင် ပေမယ့် တကယ်တော့ အဟာရ ရှိတဲ့ မနက်စာက သင့်ကို တနေ့တာလုံး အကောင်းဆုံး လှုပ်ရှား လုပ်ကိုင်နိုင်ဖို့ ဆီဖြည့် လိုက်သလိုပါပဲ။ မုယောစပါး ပါရှိတဲ့ အစာတွေ၊ အသီးအရွက်တွေနဲ့ ကာဘိုဟိုက်ဒရိတ်နည်းတဲ့ အစာတွေက သင့် မနက်စာ အတွက် အကောင်းဆုံး ဖြစ်မှာပါ။
(၆) သူတိ့ု လေ့ကျင့်ခန်း လုပ်ကြတယ် ။ ။ သိထားတဲ့ အတိုင်း လေ့ကျင့်ခန်း လုပ်ဆောင်မှုက စိတ်ရော ကိုယ်ကိုပါ လန်းဆန်း ကောင်းမွန်စေပါတယ်။ ဒီနေရာမှာ Grey’s Anatomy and Scandal ရဲ့ အုပ်ချုပ်ရေးအရာရှိ Shonda Rhimes က Vulture on Facebook မှာ ပြောထားတာက သူမ အနေနဲ့ မနက်ပိုင်းမှာ လေ့ကျင့်ခန်း ပုံစံ ဘီယွန်စေးရဲ့ သီချင်းနဲ့ ကခုန်လေ့ ရှိတယ် လို့ ဆိုပါတယ်။ ဒါဟာ လေ့ကျင့်ခန်း တခုပါပဲတဲ့။ လေ့ကျင့်ခန်း ဆိုတာ ကိုယ်လက် လှုပ်ရှားမှု တခု ဖြစ်ပြီး အခုလို ကခုန်လိုက်ခြင်းကလည်း စိတ်လည်း ပျော်ရွင်၊ လူလည်း လှုပ်ရှားမှု ရှိသွားစေပါတယ်။ သိပ္ပံဆိုင်ရာ လေ့လာချက် တွေမှာ လည်း မနက်ပိုင်း လေ့ကျင်းခန်း လုပ်ဆောင်တာက ကိုယ်ခန္ဓာ ဇီ၀ ဖြစ်စဉ် လည်ပတ်မှုကို အားကောင်း မှန်ကန်စေတယ်လို့ ဆိုပါတယ်။
(၇) ရိုးရိုးရှင်းရှင်းပဲ ဝတ်ဆင်ကြတယ် ။ ။ မနက်ပိုင်း ရုံးကို ဘာဝတ်သွားရမလဲ လို့ သင် အတွေးများနိုင် ပါတယ်။ ဒါပေမယ့် ရိုးရိုးရှင်းရှင်း ဝတ်ဆင်မှုကတော့ သင့် တနေ့တာလုံးကိုပါ နေထိုင်လို့ ပိုကောင်းစေပါတယ်။ Facebook တည်ထောင်သူ Mark Zuckerberg ကတော့ သူ့ရဲ့ ဂျင်းဘောင်းဘီနဲ့ ခေါင်းစွပ်အကျႌ အမြဲ ဝတ်ဆင်လေ့ ရှိတာကို လူသိများ ပါတယ်။ Independent ကို ဇူကာဘက်က ပြောတာတော့ နေ့တိုင်း ဒီလို ဝတ်စုံပဲ ဝတ်ဆင်ခြင်းက သူ့ရဲ့ စဉ်းစားတာကိုရော ဆုံးဖြတ်မှုတွေကိုပါ ပိုကောင်းစေတယ် လု့ိ ထင်ကြောင်းနဲ့ အဝတ်အစားအတွက် အချိန် မပေးချင်ကြောင်း ပြောပါတယ်။ Barack Obama ကလည်း အနက်ရောင် ဂျင်းနဲ့ ဆွယ်တာလေးကိုပဲ အမြဲလိုလို ဝတ်တယ်၊ နောက်ပြီး Steve Jobs လည်း အတူတူပါပဲ။ သင့် အနေနဲ့ ဂျင်းမကြိုက်ရင်လည်း တခြား ပေါ့ပေါ့ပါးပါး ရိုးရိုးလေးတွေကို ဝတ်ဆင်နိုင်ပါတယ်။ အထက်နဲ့ အောက်၊ အရောင် လိုက်ဖက်မယ်၊ ပေါ့ပေါ့ပါးပါး ဖြစ်မယ် ဆိုရင် အဆင်ပြေမှာပါ။
(၈) ဦးစားပေး လုပ်ဆောင်စရာတွေကို စာရင်းလုပ်ကြတယ် ။ ။ အောင်မြင်သူတွေက စဉ်းစားဖို့ အချိန်ကုန် မခံကြပါဘူး။ Huffington Post နဲ့ Thrive Global ကို တည်ထောင်သူ ဖြစ်တဲ့ Arinana Huffington ကကကတော့ မနက်တိုင်းမှာ သူ့ အတွက် တနေ့တာ ဘယ်လို အကြောင်းအရာတွေကို ဦးစားပေး လုပ်မလဲ ဆိုတာ စာရင်း လုပ်ထားတတ်တယ် လို့ ဆိုပါတယ်။ My Morning Routine ကို ပြောထားတာက သူမ အနေနဲ့ မနက်စောစော အိပ်ယာထတယ်၊ လေ့ကျင့်ခန်း လုပ်တယ်၊ ပြီးတော့ အဓိက လုပ်ရမယ့် အလုပ်တွေကို စဉ်တယ် ပေါ့။ ဒါဟာ အချိန်ကို အစီအစဉ်လိုက် အကျိုးရှိရှိ အသုံးချလာနိုင်စေတယ်လို့ ဆိုပါတယ်။ အဓိက အလုပ်တွေကိုလည်း မမေ့တော့ဘူး ပေါ့။
(၉) အလုပ်ကို ဟန်ချက်ညီ လုပ်ကြတယ် ။ ။ တချို့က လုပ်ဆောင်စရာတွေထဲက အခက်ခဲဆုံး အလုပ်ကို အရင်လုပ်တယ်၊ တချို့က အလွယ်ဆုံး အလုပ်ကို အရင်လုပ်တယ်၊ ဒါကတော့ လူတကိုယ် စိတ်တမျိုးပေါ့၊ The Happiness Project ကို တည်ထောင်သူ Gretchen Rubin က Today.com နဲ့ အင်တာဗျူးမှာ ပြောထားတာက သူမ အနေနဲ့ အလွယ်ဆုံး အလုပ်ကို အရင် စလုပ်တယ်၊ ဒီလိုနဲ့မှ ပိုပြီး ခက်ခဲတဲ့ အလုပ်တွေကို လုပ်ဆောင်ဖို့ ခွန်အားနဲ့ စိတ်ဖြစ်လာစေပြီး ဖြည်းဖြည်းချင်း ခက်ခဲတဲ့ အလုပ်တွေ လုပ်တယ် လို့ ရှင်းပြထားတာ တွေ့ရပါတယ်။ အထက်မှာ ပြောခဲ့သလို ဦးစားပေး အလုပ်ကို စဉ်ကတည်းက အလွယ်ဆုံးက စလုပ်ပြီး ခက်ခဲတဲ့ အရာတွေကို နောက်ပိုင်း တနေ့တာ အချိန်စာရင်းမှာ ထားရှိ လုပ်ဆောင်တာ ဟန်ချက်ညီ ကောင်းမွန်ပါလိမ့်မယ်။
(၁၀) အလုပ်တွေ တပြိုင်တည်း လုပ်ကြတယ် ။ ။ စတန်းဖို့ တက္ကသလိုလ်ရဲ့ လေ့လာချက် အရတော့ အလုပ်တွေ တပြိုင်တည်း လုပ်ဆောင်ခြင်းက အလုပ် မတွင်ဘူး၊ သေချာမှု နည်းစေတယ် လို့ ဆိုပါတယ်။ ဒါပေမယ့် အောင်မြင်သူတွေ ကတော့ အလုပ်တွေ တပြိုင်နက် လုပ်နေကြပါတယ်။
Microsoft ကို တည်ထောင်သူ Bill Gates ရဲ့ New York Times ကို ပြောကြားချက် အရ သူ့ အနေနဲ့ မနက်စာ စားနေရင်း သတင်းတွေ ကြည့်တယ်၊ အလုပ်ကြီးတွေ မဟုတ်ပေမယ့် နေ့စဉ် လုပ်ဆောင်စရာတွေ ထဲက အသေးစား အရာလေးတွေကို တပြိုင်တည်း လုပ်ဆောင်ဖို့ လိုအပ်မယ် လို့ ဆိုပါတယ်။ လေ့ကျင့်ခန်း လုပ်နေရင်းနဲ့ သင် လေ့လာချင်တဲ့ အကြောင်းအရာတခုခုကို နားကြပ်နဲ့ နားထောင်နေတာမျိုးတွေ၊ ဒါတွေက တချက်ခုတ် နှစ်ချက်ပြတ် လုပ်ဆောင်ချက်တွေ လို့ ဆိုပါတယ်။ ။
Ref: www.rd.com