စာလုံးပဟေဠိတွေ၊ စာပေ လေ့လာ မှတ်သားမှု လေ့ကျင့်ခန်းတွေက သင့်ရဲ့ မှတ်ဉာဏ်စွမ်းရည်ကို ပိုမို ကောင်းမွန်တိုးတက်စေတာ မှန်ပေမယ့် သိသာလောက်အောင် မြင့်တက် ကောင်းမွန်လာအောင်တော့ မကူညီနိုင်ပါဘူး။ ဒါပေမယ့် လူတိုင်းလည်း မှတ်ဉာဏ်ကောင်းချင်သလို အလွယ်ဆုံး မှတ်ဉာဏ်စွမ်းရည် တိုးတက်စေမယ့် နည်းလမ်းတခုကို သိပ္ပံပညာရှင်တွေက တွေ့ရှိလာပါတယ်။
ကနေဒါနိုင်ငံ Waterloo တက္ကသိုလ်က လေ့လာသူတွေက အခု စမ်းသပ်ချက်ကို လုပ်ဆောင် အောင်မြင်ခဲ့ပြီး လူတယောက်အတွက် မှတ်ဉာဏ်စွမ်းရည် မြင့်တက်စေမယ့် နည်းလမ်းကောင်းကို တွေ့ရှိခဲ့တာပါ။ Memory ဆိုတဲ့ ဂျာနယ်မှာ သူတို့ရဲ့ လေ့လာချက်၊ တွေ့ရှိချက်တွေကို ဆောင်းပါးတပုဒ် ရေးသား ဖော်ပြထားတာလည်း တွေ့ရပါတယ်။
ဒါနဲ့ အခု မှတ်ဉာဏ်စွမ်းရည်ကို ပိုမို ကောင်းမွန်စေတဲ့နည်းလမ်းကို ဖတ်လိုက်မိရင် သင့်စိတ်ထဲမှာ ပျော်သွားပါလိမ့်မယ်။ အကြောင်းကတော့ ကျနော်တို့ မြန်မာလူမျိုးတွေ ငယ်စဉ်မှာ စာကျက်ခဲ့မှုအများဆုံး ပုံစံ ဖြစ်နေလို့ပါ၊ ဟုတ်ပါတယ်၊ သင့်ရဲ့ မှတ်ဉာဏ်စွမ်းရည်ကို ပိုမို တိုးတက်ကောင်းမွန်ဖို့အတွက် စာဖတ်ချိန်မှာ အသံကျယ်ကျယ် အော်ဖတ်၊ အော်ကျက်မယ်ဆိုရင် မှတ်ဉာဏ်စွမ်းရည် ၁၅ ရာခိုင်နှုန်း ပိုမို ကောင်းမွန်တယ် ဆိုတာကို တွေ့လာရတာပဲ ဖြစ်ပါတယ်။
အခု စာဖတ်သူလည်း စာအော်ကျက်ဖူးမယ် ထင်ပါတယ်။ စာရေးသူ ကိုယ်တိုင်လည်း စာအော် ကျက်ခဲ့ဖူးပါတယ်။ စာရေးသူ မိဘတွေဆိုရင် စာကျက်သံ မကြားတာနဲ့ ဘာလုပ်နေသလဲ ဆိုပြီး အော်ပြောတဲ့ အကျင့်တောင် ရှိပါတယ်။ ကံကောင်းတာတခုက မိဘတွေကိုယ်တိုင်ကလည်း အသံထွက်မှ စာကျက်တယ် ထင်ခဲ့ကြတာ၊ စာရေးသူလည်း အော်ကျက်မှ စာရတာ၊ အခုလည်း သိပ္ပံနည်းကျ လေ့လာချက်မှာလည်း စာအော်ဖတ်၊ ကျက်ရင် မှတ်ဉာဏ်စွမ်းရည် ပိုကောင်းစေတယ်ဆိုတော့ အတော်ပဲ ဖြစ်သွားပါတယ်။
လေ့လာချက်မှာ ပါဝင် လေ့လာခံသူ ၉၅ ဦးကို ပုံစံ ၄ မျိုးနဲ့ လေ့လာမှု လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ၁- တိုးတိုးတိတ်တိတ် စာဖတ်စေခြင်းပုံစံနဲ့ မှတ်သားစေခြင်း၊ ၂- စာမဖတ်ပဲ အသံကနေ နားထောင်ပြီး မှတ်သားစေခြင်း၊ ၃- စာအော်ကျက်ပြီး မှတ်သားစေခြင်း၊ ၄- တယောက်ရဲ့ စာဖတ်၊ စာကျက်သံကို ပြန်လည် နားထောင် မှတ်သားစေခြင်းတွေနဲ့ မှတ်သားလေ့လာခဲ့တယ်လို့ ဆိုပါတယ်။ ရလဒ်ကတော့ စာအော်ကျက်၊ ဖတ်တဲ့ သူတွေရဲ့ မှတ်သားမှု မှတ်ဉာဏ်စွမ်းရည်က ၁၅ ရာခိုင်နှုန်းလောက်ထိအောင် တခြား မှတ်သားနည်းနဲ့ မှတ်သားသူတွေထက် ပိုကောင်းတာ တွေ့လာရတာပဲ ဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ ၁၅ ရာခိုင်နှုန်း ပိုမို စာရလွယ်တာ ဖြစ်ပါတယ်။
သင့်အနေနဲ့ မှတ်သားထားလိုတာ၊ အလွတ်ရလိုတဲ့ အကြောင်းအရာ၊ စာပေတွေကို အသံကျယ်ကျယ် ထွက်ပြီးဖတ်မယ်၊ မှတ်သားထားမယ်ဆိုရင် ဦးနှောက်မှာ ပိုမို မှတ်သားမှု မြန်ဆန်ပြီး ရလွယ်မှာပါလို့ အခု လေ့လာချက်ကို ပူးပေါင်း လုပ်ဆောင်ခဲ့သူတဦး ဖြစ်တဲ့ စိတ်ပညာရှင်တစ်ဦးလည်းဖြစ်၊ ဘာသာရပ် လေ့လာနေသူ တဦးလည်း ဖြစ်တဲ့ Colin MacLeod က ပြောပါတယ်။
အသံထွက်ပြီး စာဖတ်၊ ကျက်ခြင်းက စကားပြောခြင်းအနေနဲ့ရော မိမိရဲ့ အသံကို နားကနေ ပြန်ကြားရတဲ့ အတွက် နားထောင်ခြင်းအဖြစ်ပါ ၂ ဆင့် မှတ်သားမှု သဘော သက်ရောက်ပြီး ဦးနှောက်မှာ မှတ်သားနိုင်မှု ပိုမြန်သွားတာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။ ပြီးတော့ အခုလို စာအော်ကျက်၊ ဖတ်ထားသူတွေက မှတ်သားပြီးသွားတဲ့ အကြောင်းအရာတွေကို မှတ်ဉာဏ်ရှည် (lomg term Memory)အဖြစ်နဲ့ မှတ်သားမိစေတယ်လို့လည်း ဆိုပါတယ်။
အခြား အထက်မှာ ပြောခဲ့တဲ့ စာပဟေဠိ ဖြေရှင်းမှုတွေ၊ စာဖတ်ခြင်း လေ့ကျင့်ခန်းတွေနဲ့ မှတ်ဉာဏ်စွမ်းရည်ကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ခြင်းကတော့ အခု စာအော်ဖတ်၊ ကျက်ခြင်းလောက် မှတ်သားနိုင်မှု မကောင်းဘဲ ၅ ရာခိုင်နှုန်းလောက်ပဲ ပိုမိုတိုးတက်ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ လေ့လာသူတွေကတော့ တိတ်ဆိတ်စွာ စာဖတ်မှုအနေနဲ့လည်း မှတ်သားနိုင်မှုနှုန်း ထူးခြားသိသာလောက်အောင် မကောင်းတာမို့ အချိန်ပေးရမှု နည်းနည်းနဲ့ မှတ်သားမှု အားပိုကောင်းအောင် စိတ်ထဲမှာ မတွေးပါနဲ့၊ အော်ကျက်ပါလို့ ဆိုပါတယ်။
ဒါဆိုရင်တော့ သင့်အတွက် စာကျက်ချိန် နည်းနေပြီလား၊ စာမေးပွဲ နီးနေပြီလား၊ အကောင်းဆုံးက စိတ်အာရုံလည်း မလွင့်တော့ဘူး၊ မှတ်ဉာဏ်စွမ်းရည်လည်း ၁၅ ရာခိုင်နှုန်းလောက် ပိုမို ကောင်းမွန်စေမယ့် စာအော်ကျက်တဲ့ နည်းနဲ့ပဲ အမြန်ဆုံး ပြင်ဆင်လေ့လာမှု လုပ်လိုက်ပါတော့။ ကာလကြာ မှတ်သားနိုင်မှုလည်း ရှိမယ်၊ စာလည်း ရလွယ်မယ်၊ ဒါဆို စာမေးပွဲလည်း အောင်ဖို့ နီးစပ်ပါပြီ။
www.rd.com တွင်ဖော်ပြထားတဲ့ Scientists just discovered this super easy trick to improve your memory ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။