အသားအရေ မည်းနက်ရာက ခွဲစိတ်ကုသပြီး အဖြူရောင် ပြောင်းတဲ့အကြောင်း ပြောကြရင်ဖြင့် ကွယ်လွန်သူ ကမ္ဘာကျော် အဆိုတော် မိုက်ကယ်ဂျက်ဆင်ကို ပြေးမြင်ကြမှာပါပဲ။
အခုခေတ်မှာလည်း အာရှသားတွေ အတော်များများက အသားမည်းရင် နေဒဏ်ခံရတဲ့ အလုပ်ကြမ်းသမား ဆင်းရဲသားလို့ မြင်တာကြောင့် အသားဖြူချင်ကြတာ မဆန်းပါဘူး။
ဒါပေမယ့် တခေတ်ဆန်းပြန်လေပြီလို့ ဆိုရမလား။ ထိုင်းနိုင်ငံရှိ ဆေးရုံတခုရဲ့ ဆေးခန်း တခန်းမှာ တလအတွင်း အမျိုးသား ဦးရေ ၁၀၀ ထက် မနည်းက သူတို့ရဲ့ ချိုးဥလေးတွေ ဖွေးဖို့၊ ပန်းတံလေးတွေ ဖြူဖို့ အတွက် ကုသမှု ခံယူခဲ့ကြပါတယ်။
ဒီသတင်း လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက လူပြောများသွားပါတယ်။
ပြီးခဲ့တဲ့ ခြောက်လက စတင်ပြီး ဘန်ကောက်မြို့ရှိ လီလပ်စ် (Lelux) ဆေးရုံမှာ သမရိုးကျ မဟုတ်တဲ့ ကုသမှု ပြုလုပ် ပေးခဲ့ရာမှာ ယခုအခါ နေ့စဉ် ကုသခံယူသူ ၃ ဦးကနေ ၄ ဦး ရှိနေပြီ ဖြစ်ပါတယ်။
အဲဒီ ကုသနည်းက ချိုးဥ၊ ပန်းတံနဲ့ စအိုဝတွေ ရှိနေတဲ့ ပေါင်ခြံတွင်းက မည်းမည်းညစ်ညစ် အရေပြားကို လေဆာရောင်ခြည် နဲ့ ထိုးပြီး အရေပြားကို မည်းညစ်စေတဲ့ မယ်လနင်ဓာတ် ခေါ် အရောင်ခြယ်ဓာတ်ကို အရေပြားကနေ ဖယ်ရှားပေးလိုက်ခြင်းဖြင့် ဖြူဖွေးလာစေတာ ဖြစ်ပါတယ်။
ဒီလို နေမထိုး၊ လေမထိ ပေမယ့် ခန္ဓာကိုယ်ရဲ့ မည်းညစ်ညစ် ပေါင်ခြံအရေပြားကို ဖြူဖွေးအောင် ကုသပေးတာက ကြော်ငြာတွေကြောင့် လူသိများလာတာ မဟုတ်ဘဲ တဆင့်စကား တဆင့်နားနဲ့ စုံစမ်းမေးမြန်းသူ တိုးလာနေတာ ဖြစ်တယ်လို့ အဲဒီဆေးရုံက ဆိုပါတယ်။
“ဒီရက်ပိုင်း အတွင်း လူအတော်များများ လာစုံစမ်းကြပါတယ်။ တလမှာ လူနာ ၁၀၀ လောက်ရပါတယ်။ တနေ့ကို လူနာ ၃ ယောက်၊ ၄ ယောက်လောက် ရှိနေပါတယ်” လို့ အဲဒီ ဆေးရုံ အရေပြားနှင့် လေဆာဌာန မန်နေဂျာ ဘွန်သီတာဝပ်တနာသီရိက AFP သတင်းဌာနကို ပြောတယ်။
လီလပ်စ် (Lelux) ဆေးရုံက အမျိုးသားတဦး ငယ်ပါ ချိုးဥ၊ ပန်းတံနဲ့ စအို၀ တဝိုက် ညစ်မည်းမည်း အရေပြားတွေကို ဖြူဖွေးစေဖို့ လေဆာနဲ့ ဆေးကုသမှု ခံယူနေပုံကို ထုတ်ပြန်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထိုင်းရုပ်သံနဲ့ လူမှုကွန်ရက်တွေမှာ ပေါ်ထွက်လာပြီး လူအများအပြားရဲ့ အာရုံစိုက်တာ အပြင် အမြင်အမျိုးမျိုး ဖြစ်ပေါ်စေခဲ့တာပါ။
“ကိုယ်ခန္ဓာအတွက် အရေးပါ အရေးကြီးတဲ့ အာရုံခံ နာဗ်ကြောတွေ ရှိနေတဲ့ အစိတ်အပိုင်း ဖြစ်တဲ့ အတွက် ကျနော်တို့ သတိထားပြီး ကုသရပါတယ်” လို့ ဘွန်သီတာက ဆက်လက် ပြောပါတယ်။
ဆေးရုံကို လာရောက်ကုသမှု ခံယူသူ အများစုက အသက် ၂၂ မှ ၅၅ နှစ်အတွင်း အမျိုးသားတွေ ဖြစ်ပြီး၊ လိင်တူချစ်သူ၊ လိင်စိတ်ခံယူမှု ကွဲပြားသူတွေရဲ့ အသိုင်းအဝိုင်းက လူတွေ အများဆုံး လာရောက်ကုသခံယူကြတယ် လို့ ဆိုပါတယ်။ ဒီလိုခွဲစိတ်ပြုပြင်ကြတာ ဟောင်ကောင်၊ ကမ္ဘောဒီးယားနဲ့ မြန်မာကတောင် ပါတယ်ဆိုပဲ။
ယင်း ပေါင်ခြံနှင့် စအိုဝ၊ ငယ်ပါတွေ ဖြူဖွေးစေဖို့ ဝန်ဆောင်မှုစရိတ်က ၅ ကြိမ် အတွက် ဒေါ်လာ ၆၅၀ လို့ ဆိုပါတယ်။ ကုသမှု ကြာချိန်ကလည်း ၁၀ မိနစ်မှ ၁၅ မိနစ်သာ ကြာတယ် လို့ ဆိုပါတယ်။
“ဈေးကွက်ကောင်း တခု ရှိပြီလို့ ကျနော် ထင်ပါတယ်။ ကျနော်တို့ လူနာတွေ ကျား/မ မရွေး ခန္ဓာကိုယ် ပိုင်းဆိုင်ရာ အမြင့်ဆုံးသော ကုသမှု ပေးနိုင်ပါပြီ” လိုလည်း ဘွန်သီတာက ပြောတယ်။
အသားဖြူစေဖို့ အတွက် အရေပြား အရောင်ချွတ် ကုသမှုကို ထိုင်းနိုင်ငံမှာ ပထမဆုံး စတင်ခဲ့တာ ဖြစ်ပြီး အသားဖြူစေဖို့ ကြော်ငြာတာတွေကိုတော့ လူမျိုးရေးဝါဒ ကိုင်စွဲထားသူတွေက ဒေါသတကြီး ဝေဖန် စွပ်စွဲမှုတွေ လည်း ရှိနေပါတယ်။
“ဒီနေ့ခေတ်မှာ ဘယ်သူမဆို ကိုယ့်ရဲ့ ပင်ကိုယ် ရှိရင်းစွဲ အသားအရောင်နဲ့ စိတ်ညစ်နေစရာ မလိုတော့ဘူး” ဟု ဖေ့စ်ဘုတ် သုံးစွဲသူ တဦးက လီလပ်စ် ဆေးရုံက ထွက်ပေါ်လာတဲ့ ပုံကို ကြည့်ပြီး မှတ်ချက်ပေးပါတယ်။
နောက်တဦးကတော့ ဒီလို တကိုယ်ရည်သာဆိုင်တဲ့ နေရာကို ဖြူအောင်လုပ်တာ “ဘာကြောင့်လဲ” လို့ မေးထားသလို တယောက်က “လက်နှိပ်ဓာတ်မီးလို သုံးနိုင်တယ်။ လင်းပါစေလေ”လို့ နောက်ထားပါတယ်။
ကိုးကား ။ ။ AFP, BBC