Trend

သန်းကြွယ်သူဌေးတွေ ဘယ်နိုင်ငံတွေမှာ အများဆုံး ရှိနေသလဲ

Want create site? Find Free WordPress Themes and plugins.

အခုပြောမှာကတော့ မီလျံနာလို့ဆိုတဲ့ သန်းကြွယ်သူဌေးတွေ အများဆုံးရှိရာနိုင်ငံတွေအကြောင်းပဲ ဖြစ်ပါတယ်။ ဘီလီယံနာလို့ ဆိုနိုင်မယ့် သန်းတထောင်နဲ့အထက် ချမ်းသာသူတွေကတော့ ကမ္ဘာပေါ်မှာ ဦးရေ ၁၆၀၀ လောက်ပဲ ရှိသေးတယ်လို့ နောက်ဆုံး စာရင်းတွေအရသိရပြီး မီလျံနာတွေကတော့ သန်းနဲ့ချီအောင် အရေအတွက် အများအပြား ရှိနေပါပြီ။ အများဆုံးကတော့ ဒေါ်လာ ၁ သန်းကနေ ၅ သန်း အတွင်း ချမ်းသာသူတွေပဲ ဖြစ်ပါတယ်။

အရင်ဆုံး ကမ္ဘာပေါ်က မီလျံနာဦးရေကို နည်းနည်းလောက် ပြောပြချင်ပါတယ်။ ကမ္ဘာပေါ်မှာ မီလျံနာဦးရေ စုစုပေါင်း ၁၅ သန်းကျော်လောက်ထိအောင် ရှိနေပါပြီ။ ဒီထဲကမှ အုပ်စုပြန်ခွဲမယ်ဆိုရင်တော့ ဒေါ်လာ သန်း ၃၀ နဲ့အထက် ချမ်းသာသူက မီလျံနာအားလုံးရဲ့ ၁ ရာခိုင်နှုန်းလောက်ပဲရှိပြီး ဦးရေ ၁.၆ သိန်းလောက် ရှိပါတယ်။ ဒေါ်လာ ၅ သန်းကနေ သန်း ၃၀ အတွင်း ချမ်းသာသူကတော့ စုစုပေါင်းရဲ့ ၉.၁ ရာခိုင်နှုန်းလောက်ရှိပြီး ဦးရေ ၁.၅ သန်း ဝန်းကျင်လောက်ရှိနေပါတယ်။ ၁ သန်းကနေ ၅ သန်းအတွင်း ချမ်းသာသူ မီလျံနာတွေကတော့ ဦးရေ အများဆုံးဖြစ်ပြီး အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းလောက်ထိအောင်ရှိပြီး လူဦးရေ ၁၄.၈၆ သန်း လောက်ထိအောင် များနေပြီလည်း ဖြစ်ပါတယ်။

ဆက်ပြီး ပြောချင်တာကတော့ အာရှဒေသတွင်း မီလျံနာ အများဆုံး နေထိုင်ရာ မြို့ကြီးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ စီးပွားရေး တိုးတက်မှု မြန်ဆန်လာခြင်းနဲ့အတူ အာရှမှာ မီလျံနာ အများအပြားရှိလာနေပြီး ဦးရေ အများဆုံး နေထိုင်ရာမြို့အဖြစ် ဂျပန်နိုင်ငံက တိုကျိုမှာ သန်းကြွယ်သူဌေး ၂၇၉၈၀၀ ထိအောင် နေထိုင်ပြီး အာရှမှာ မီလျံနာ အများဆုံး နေထိုင်ရာမြို့အဖြစ် စာရင်းဝင်နေပါတယ်။ သူ့နောက်မှာတော့ ဟောင်ကောင်မှာ ၂၂၇၉၀၀ ဦး၊ စင်ကာပူမှာ ၂၁၇၃၀၀ ဦး၊ တရုတ်နိုင်ငံ ဘေကျင်းမှာ ၁၂၂၁၀၀ ဦး၊ ဂျပန်နိုင်ငံ အိုဆာကာမှာ ၁၁၇၇၀၀ ဦး၊ တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ ၁၁၇၆၀၀ ဦး၊ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မှာ ၁၀၈၁၀၀ ဦး၊ ထိုင်ဝမ် မှာ ၇၆၇၀၀ ဦး၊ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမှာ ၄၆၁၀၀ ဦးနဲ့ တရုတ်နိုင်ငံ၊ ရှန်ဇန်းမှာ ၃၁၄၀၀ ဦးထိအောင် အများဆုံး ရှိနေတယ်လို့ သိရပါတယ်။

သမုဒ္ဒရာပိုင်း နိုင်ငံတွေအဖြစ် သတ်မှတ်ခံရတဲ့ နိုင်ငံတွေထဲမှာတော့ သြစတြေးလျမှာ မီလျံနာ အများဆုံး ရှိနေပြီး မြို့တော်ဆစ်ဒနီမှာ ၁၀၆၈၀၀ ဦး၊ မဲဘုန်းမှာ ၇၄၈၀၀ နဲ့ နယူးဇီလန်နိုင်ငံ အက်လန်းမှာ ၂၅၆၀၀ ဦးတို့ ရှိနေပါတယ်။

ဥရောပ ရပ်ဝန်းမှာဆိုရင် အင်္ဂလန်ရဲ့ မြို့တော် လန်ဒန်မှာ မီလျံနာ ၃၅၇၂၀၀ ထိအောင် အများဆုံးရှိနေပြီး သူ့နောက်မှာ ဂျာမနီနိုင်ငံ ဖရန့်ဖတ်မှာ ၁၂၈၃၀၀ ဦး၊ ပြင်သစ်နိုင်ငံ ပဲရစ်မှာ ၁၁၀၉၀၀ ဦး၊ ဆွစ်ဇာလန်နိုင်ငံ ဇင်းနစ်မှာ ၁၀၉၂၀၀ ဦး၊ ဂျနီဗာမြို့မှာ ၁၀၄၃၀၀ ဦး၊ ဂျာမနီနိုင်ငံ မြူးနစ်မှာ ၇၈၉၀၀ ဦး၊ ရုရှနိုင်ငံ မော်စကိုမှာ ၆၈၂၀၀ ဦး၊ အီတလီနိုင်ငံ ရုမ်းမှာ ၆၄၃၀၀ ဦး၊ နယ်သာလန်နိုင်ငံ အမ်စတာဒင်မှာ ၄၂၆၀၀ ဦး၊ ဘယ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မှာ ၃၄၇၀၀ ဦး အသီးသီး ရှိနေပြီး ဂျာမနီနဲ့ ဆွစ်ဇာလန်တွေမှာ နိုင်ငံအလိုက် မီလျံနာ အများဆုံး ရှိနေတယ်လို့လည်း သိရပါတယ်။

အရှေ့အလယ်ပိုင်း ဒေသမှာတော့ UAE ရဲ့ ဒူဘိုင်းမြို့မှာ မီလျံနာ အများဆုံး ရှိပြီး ၅၀၄၀၀ ဦး၊ အစ္စရေးနိုင်ငံ၊ တယ်အဗစ်မှာ ၃၅၂၀၀ ဦး၊ တူရကီနိုင်ငံ အစ္စတန်ဘူးလ်မှာ ၂၇၅၀၀ ဦး၊ ကာတာနိုင်ငံ ဒိုဟာမှာ ၂၅၈၀၀ ဦး၊ UAE ရဲ့ မြို့ကြီး အဘူဒါဘီမှာ ၁၇၁၀၀ ဦး၊ ဆော်ဒီအာရေဗျနိုင်ငံ ရိုက်ဒ်မှာ ၁၆၂၀၀ ဦး၊ အီရန်နိုင်ငံ တီဟီရန်မှာ ၁၄၀၀၀ ဦး၊ အစ္စရေးုနိုင်ငံ ဂျေရုစလင်မှာ ၁၃၁၀၀ ဦးထိအောင် အများဆုံးရှိနေတာလည်း ဖြစ်ပါတယ်။

လက်တင်အမေရိကဒေသတွင်း နိုင်ငံတွေထဲမှာက ဘရာဇီးကိုကျော်လွန်ပြီး မီလျံနာ အများဆုံးရှိရာ မြို့ကြီး အဖြစ် မက္ကဆီကိုနိုင်ငံရဲ့ မက္ကဆီကိုစီးတီးက ရှိနေပြီး ၈၆၇၀၀ ထိအောင် ရှိနေပါတယ်။ သူ့နောက်မှာတော့ ဘရာဇီးနိုင်ငံက ဆာပေါ်လိုမှာ ၆၄၅၀၀ ဦး၊ ရီယိုဒီ ဂျာနီရိုမှာ ၃၅၃၀၀ ဦး၊ အာဂျင်တီးနားနိုင်ငံ ဘူးနော့ အိုင်ရက်မှာ ၁၅၄၀၀ ဦး၊ ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမှာ ၁၄၉၀၀ ဦးနဲ့ ချီလီနိုင်ငံ စန်တီရေဂိုမှာ ၁၀၈၀၀ ဦးစီ ရှိနေပါတယ်။

မြောက်အမေရိကတိုက်မှာတော့ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံ အမေရိကန်ကပဲ မီလျံနာ စာရင်းကို ဦးဆောင်ထားပြီး နယူးယောက်မှာ ၃၃၉၂၀၀ ဦးထိအောင် ရှိနေတယ်။ ပြီးရင် ဘေ အရီယာမှာ ၁၈၀၃၀၀ ဦး၊ လော့အိန်းဂျလိစ်မှာ ၁၇၃၃၀၀ ဦးထိအောင် အသီသီး ရှိနေပြီး စတုတ္ထနေရာမှာတော့ ကနေဒါနိုင်ငံ တိုရန်တိုမှာ ၁၀၉၃၀၀ဦး၊ အမေရိကန်နိုင်ငံ မိုင်ယာမီမှာ ၃၁၆၀၀ ဦး၊ ဝါရှင်တန်မှာ ၃၁၂၀၀ ဦး၊ ကနေဒါနိုင်ငံ ဗန်ကိုဗာမှာ ၃၁၁၀၀ ဦး အသီးသီးနေထိုင်လျက်ရှိနေပါတယ်။ စာရင်းတွေအရတော့ ကမ္ဘာမှာ မီလျံနာ ဦးရေ ၁၆ သန်း ဝန်းကျင်ရှိတဲ့အထဲမှာ အမေရိကန်တနိုင်ငံတည်းမှာတင် သန်းကြွယ်သူဌေး ၄.၃ သန်းလောက်ထိအောင် ရှိနေပြီး ဦးရေအများဆုံး နေထိုင်တဲ့နိုင်ငံအဖြစ် ရပ်တည်နေတာလည်း ဖြစ်ပါတယ်။

www.businessinsider.com တွင်ဖော်ပြထားတဲ့ Where the world’s millionaires live ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading