Trend
တိုက်လေယာဉ် ကျားငမန်း သို့မဟုတ် F-20 မော်ဒယ်သစ်
တိုက်လေယာဉ် မော်ဒယ်လ်သစ်ရဲ့ အမည်အပြည့်အစုံက Northrop F-20 Tigershark ဖြစ်ပါတယ်။ အမေရိကန် လေတပ်မှာ အများအပြား အသုံးပြုလာဖို့ ရှိနေပြီး လက်ရှိ အသုံးပြုနေတဲ့ သမ္မတ ဂျင်မီကာတာလက်ထက်က F-15 နဲ့ F-16 လို မော်ဒယ်လ်တွေကို အစားထိုး အသုံးပြုဖို့ အစီအစဉ် ရှိနေတယ် လို့ ဆိုပါတယ်။
အထူးသဖြင့်တော့ ရုရှား လေတပ်မှာ MiG-21 Fishbed မော်ဒယ်တွေရဲ့ စွမ်းဆောင်ရည် အထူးကောင်းမွန် တိုးတက်လာ တာကြောင့် အခုလို အစားထိုး မော်ဒယ်နဲ့ အသုံးပြုဖို့ ရှိလာတာလည်း ဖြစ်ပါတယ်။
အစပိုင်းမှာ အခု မော်ဒယ်ကို F-5G အဖြစ် အမည်ပေးထားခဲ့ပြီး အမေရိကန် လေတပ် အပါအဝင် သူ့ရဲ့ မဟာမိတ်နိုင်ငံတွေက စစ်တပ်တွေမှာ သုံးနေတဲ့ F-5E နဲ့ F-5F Tiger လို မော်ဒယ်တွေ နေရာမှာ အစားထိုး အသုံးပြုဖို့ ပြင်ဆင် ဖန်တီးထား တာ ဖြစ်ပါတယ်။ ပြောရရင်တော့ ရှေ့ထွက် မော်ဒယ်တွေရဲ့ ပုံစံကို အခြေခံယူ တည်ဆောက်ထားပေမယ့် တကယ်တမ်း အားနည်းချက် နည်းအောင် ဖန်တီးထားတာကတော့ ပြိုင်ဘက် ရုရှားရဲ့ မော်ဒယ် MiG-21 မှာ တွေ့ရတဲ့ အားနည်းချက် တွေကို ဖယ်ထုတ် ဖန်တီးလာတာပါ။
ပြီးတော့ အမေရိကန်စစ်တပ်မှာက သမ္မတဟောင်း ဂျင်မီကာတာရဲ့ လက်ထက်ကနေ စတင်ပြီး တိုက်လေယာဉ် မော်ဒယ်တွေ ဖြစ်တဲ့ F-15 Eagle နဲ့ F-16 Fighting Falcon တွေကို အရေအတွက် အများအပြား ထုတ်လုပ်ခြင်း မရှိတော့တာက ဖန်တီးမှု အပိုင်းမှာပါ အားနည်း နေစေပြီး အဓိက ပြိုင်ဘက် ရုရှားမှာ တိုက်လေယာဉ် ကောင်းကောင်း ပိုင်ဆိုင်လာချိန်မှာ အမေရိကန်က နောက်ကျသလို ဖြစ်နေစေခဲ့တာပါ။

ဒီထဲမှာ အမေရိကန်ရဲ့ အဓိက မိတ်ဆက် အစ္စရေးကတော့ ကံကောင်းသွားပါတယ်။ တိုက်လေယာဉ် အစီးရေ အများအပြား ဝယ်လိုက်နိုင်ပေမယ့် တခြား အမေရိကန်ရဲ့ မဟာမိတ်တွေမှာတော့ တိုက်လေယာဉ် များများစားစား မရှိလှပါဘူး။ အခုတော့ တိုက်လေယာဉ်ချင်း အတူတူ MiG-21 ထက် အားနည်းချက် ရှိနေမယ့် F-16 လို မော်ဒယ်ရဲ့ နေရာမှာ အစားထိုးဖို့ မော်ဒယ်သစ် ထွက်လာပါပြီ။ F-20 လို့ပဲ အလွယ်ခေါ်ရမယ့် မော်ဒယ်ပါ။
ရှေ့ထွက် F-5E မော်ဒယ်တွေမှာသုံးနေတဲ့ F-404 Turbofan စနစ်နဲ့ အင်ဂျင်တွေ နေရာမှာ J85 Turbojet အင်ဂျင်ကို နှစ်လုံးထိုင် ပုံစံ ထိုင်ထားတယ်၊ F/A-18 မော်ဒယ်တွေမှာ တွေ့ရတဲ့ အင်ဂျင် အထိုင်မျိုး ဖြစ်လာပါတယ်။ ပြီးတော့ ပေါင်းစပ် ဖန်တီးမှု အဖြစ် AIM-7 Sparrow စနစ်ပါလာတယ်၊ ဒီစနစ်က ရေဒါနဲ့ လမ်းညွှန်ပေးတဲ့ ပစ်မှတ်ကို ပစ်ခတ်မယ့် ဒုံးကျည်တွေ တပ်ဆင် ပါရှိတဲ့ စနစ်ပါ။
ပြီးတော့ အခု မော်ဒယ်မှာ ချို့ယွင်းချက် ပြင်ဆင် စနစ်က အရမ်းကို လွယ်ကူလာ ပါတယ်။ ပြီးတော့ ထုတ်လုပ်မှု စရိတ်ရော ပြင်ဆင်မှု စရိတ်ပါ ချိုချိုသာသာနဲ့ ပြီးစီးစေမှာပါ။

သိရသလောက်တော့ တိုက်လေယာဉ် တစီး ထုတ်လုပ်မှု စရိတ် ဒေါ်လာ ၁၅ သန်းလောက်နဲ့ ရနိုင်နေတာပါ။ ဒါဟာ ပုံမှန် တိုက်လေယာဉ် တစီး အတွက် ဒေါ်လာ သန်း ရာဂဏန်းလောက် သုံးရမှုကိုလည်း လျှော့ချလိုက်နိုင်တာပါ။
MilitaryFactory.com ကနေ ဖော်ပြချက် အရ အခု မော်ဒယ်သစ် F-20 အနေနဲ့ အမြန်ဆုံး မောင်းနှင်နိုင်မှု နှုန်း အနေနဲ့ တနာရီ မိုင် ၁၅၀၀ နှုန်းလောက်ထိ အမြန်ဆုံး မောင်းနှင်နိုင်မယ့် အပြင် ဆီအပြည့်နဲ့ ဆိုရင် မိုင်ပေါင်း ၁၇၁၅ မိုင်ထိ ရောက်နိုင်တယ် လို့ ဆိုပါတယ်။ လက်ရှိမှာတော့ စမ်းသပ် မောင်းနှင်နိုင်တဲ့ မော်ဒယ် ၃ စီး ထုတ်လုပ်ထားပြီး ဆီစား ပိုနည်းအောင် ဆက်လက် ဖန်တီးမှုတွေ လုပ်ဆောင်နေတယ် လို့လည်း သိရပါတယ်။

ဒါပေမယ့် အခု မော်ဒယ်ကို တိုက်လေယာဉ်ထုတ်လုပ်သူ Notrhrop က အကောင်းဆုံး ဖန်တီးနေပေမယ့် ဝယ်ယူ အသုံးပြုမယ့် အမေရိကန်လေတပ်ရော ရေတပ်ရောက မော်ဒယ်သစ်ကို သိပ် မလိုချင်ဘူး ဖြစ်နေတယ် လို့လည်း သိရပါတယ်။ လေကြောင်းရန် ကာကွယ်ရေးအဖွဲ့ ကလည်း လက်ရှိ သုံးနေတဲ့ F-106 Delta Darts နဲ့ F-4 Phantoms မော်ဒယ်တွေ နေရာမှာ အစားထိုး အသုံးပြုဖို့ ဆိုတဲ့ တင်သွင်းမှုကို ပယ်ချထားတာ တွေ့ရပါတယ်။
သူတို့က အခုလို F-20 ထုတ်လုပ်မယ်၊ အစားထိုး သုံးမယ် ဆိုတာထက် F-16 ရဲ့ နောက်ဆက်တွဲ F-16s ကိုပဲ ဆက်လက် ထုတ်လုပ်စေချင်၊ သုံးချင်နေတာလည်း ဖြစ်ပါတယ်။ အဓိက အနေနဲ့တော့ တိုက်လေယာဉ်မှူးတွေ အနေနဲ့ မောင်းနေကျ၊ အသားကျနေတဲ့ ပုံစံ တိုက်လေယာဉ်တွေကိုပဲ အစိုးရက ပေးမောင်းချင်နေတာ ဖြစ်ပြီး Northrop ကတော့ မော်ဒယ်သစ် F-20 ကို ပြီးပြည့်စုံအောင် ဖန်တီးပြီးရင်တော့ အမေရိကန် စစ်တပ်ရော အခြား မိတ်ဖက် နိုင်ငံတွေကပါ သဘောကျ လက်ခံတဲ့ မော်ဒယ် ဖြစ်လာမယ် လို့ ဆက်လက် ယုံကြည်နေတာလည်း တွေ့ရပါတယ်။

F-20 အကြောင်း ပြောရမယ် ဆိုရင် မော်ဒယ်က ပထမဆုံး စမ်းသပ်ပျံသန်းမှု အဖြစ် ၁၉၈၂ ခုနှစ် သြဂုတ် ၃၀ ရက် ကတည်းက လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပေမယ့် ပြီးပြည့်စုံအောင် ဖန်တီးနိုင်မှု မရှိသေးလို့ F-16 လို မော်ဒယ်တွေကိုပဲ ထုတ်လုပ် အသုံးပြုနေခဲ့တာပါ။ ထုတ်လုပ်သူ Northrop Coporation အနေနဲ့ အဆိုပါ အချိန်ကနေ အခုထိအောင် ဒီမော်ဒယ် အတွက် ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံထိ ရှိနေပါပြီ။ လေယာဉ်မှူးတယောက်တည်း လိုက်ပါနိုင်မယ့် တိုက်လေယာဉ်မျိုးပါ၊ အလျား ၁၄ ဒသမ ၄ မီတာ (၄၇ ပေနဲ့ ၄ လက်မ) ရှိပါတယ်၊

တောင်ပံအကျယ် ၂၇ ပေနဲ့ ၁၁ ဒသမ ၉ လက်မ၊ အမြင့် ၁၃ ပေနဲ့ ၁၀ လက်မ၊ လေယာဉ် သီးသန့် အလေးချိန် ပေါင် ၁၃၁၅၀ ရှိပြီး၊ လက်နက်၊ ဆီတွေ ဖြည့်လိုက်ရင် ပေါင် ၁၅၄၈၀ လေးပါမယ်၊ အသံထက် ၂ ဆ ခန့် မြန်ပါမယ်။ တမိနစ်ကို ပေ ၅၂၈၀၀ နှုန်းနဲ့ ပျံတက်နိုင်ပါတယ်။ ၂၀ မီလီ စက်သေနတ် ၂ လက်၊ ၃၆၀၀ ကီလို ဗုံးတွေ၊ တင့်ဖျက်ဒုံးတွေ၊ ရေဒါနဲ့ ထိန်းချုပ်ပစ်ခတ် ဒုံးကျည်တွေ ပါရှိမယ်။ CRV7 တာဝေးပစ် အမြှောက် ၂ လက်ပါမယ်။ AIM-7 ဆိုရင် ဒုံး ၄ လုံး၊ AIM-9 ဆိုရင် ၂ လုံး တပ်ဆင်နိုင်မယ်၊ Mark 80 တန်းဝင် သံဖောက် ဗုံးတွေ၊ CBU-24 တန်းဝင် အတွဲလိုက် ဆင့်ကဲကွဲ ဗုံးတွေ၊ M129 တန်းဝင် ဗုံးတွေပါ တပ်ဆင်ပါရှိမှာ ဖြစ်ပါတယ်။ ။
Ref: www.businessinsider.com & www.wikipedia.org