ရှေးပဝေသဏီကတည်းက ကမ္ဘာပေါ်မှာ လူသားတို့ အသိချင်ဆုံး မေးခွန်းတခုကို ယနေ့ခေတ် သုတေသီတွေက ဖွင့်ချ ဖြေဆိုလိုက်ပါပြီ။ အဲဒီ မေးခွန်းကတော့ “မိန်းမတွေဟာ ယောက်ျားတွေဆီက ဘာတွေ လိုချင်တာလဲ” ဆိုတာရဲ့ အဖြေပါ။
(1)
မီဒီယာကုမ္ပဏီသစ်တခု ဖြစ်တဲ့ Broad Lit က ဦးစီးပြီး ပြုလုပ်တဲ့ သုတေသနပြု လေ့လာမှု တခုမှာတော့ ချစ်ခြင်းနဲ့ ဆက်နွှယ် ဆက်စပ် နေလေ့ရှိတဲ့ ယနေ့ခေတ် အမျိုးသမီးရော၊ အသက်အရွယ် အတော်အတန်ကြီးနေပြီ ဖြစ်တဲ့ အရင်ခေတ်က အမျိုးသမီးတွေပါပါတဲ့ အမျိုးသမီး အယောက် ၂၀၀ ကျော်ကို တွေ့ဆုံပြီး စစ်တမ်း ကောက်ယူခဲ့ပါတယ်။
(2)
စစ်တမ်းအရ အမျိုးသမီးတွေဟာ သူတို့ရဲ့ သမီးရည်းစား ခင်ပွန်းယောက်ျားတွေဆီက “ရယ်ရွှင်ပျော်ရွှင်တဲ့ ဟာသဉာဏ်ရှိဖို့” လိုလားပါသတဲ့။ ဒါကြောင့် ယောက်ျားတယောက်ဟာ ဟာသဉာဏ်ရှိဖို့က အရေးအကြီးဆုံး ဖြစ်ပါတယ်။ TruLoveStories.com မှာ ဖော်ပြထားတာကတော့ အမျိုးသမီး ၇၅ ရာခိုင်နှုန်းဟာ သူတို့ရဲ့ ခင်ပွန်း ရည်းစား ချစ်သူ သို့မဟုတ် ယောက်ျားက “ရယ်မောအောင် ပြောဆိုလုပ်ဆောင်တာက အမျိုးသမီးရဲ့ နှလုံးသားကို ဆွဲယူဆုပ်ကိုင်ဖို့ တကယ့် သော့ချက်ပဲ ဖြစ်တယ်”လို့ ဆိုပါတယ်။
ဒါကြောင့် ယောက်ျားတဦးဟာ တောင့်တင်းသန်မာ အားကောင်းတာတွေ၊ ငွေကြေး ချမ်းသာ ပြည့်စုံတာတွေ မေ့ထားလိုက်၊ အရေးကြီးတာက သင့်မှာ ဟာသဉာဏ် ရှိဖို့ပဲ လိုပါတယ်။
(3)
မိန်းမတွေ ယောက်ျားတွေဆီက လိုလားတဲ့ ဒုတိယ အချက်လည်း အံ့သြစရာပါ။ သူတို့ရဲ့ ချစ်သူရည်းစား ခင်ပွန်း ယောက်ျားဟာ “တခြား အမျိုးသမီးတွေနဲ့ ပရောပရည် လုပ်၊ မျက်နှာများတာထက် သူတို့ကို မေ့လျှော့တာက ပိုပြီး ခံစားရစေတယ်” လို့ ဆိုပါတယ်။ အမျိုးသမီး ၃၃ ရာခိုင်နှုန်းရဲ့ ဖွင့်ဟ ပြောဆိုတာကတော့ တခြား မိန်းမတွေနဲ့ ဘယ်လိုပဲ နေနေ၊ သူတို့ ပြောခဲ့တဲ့ စကားတွေ မမေ့ရင် မိန်းကလေးတွေက ကျေနပ်ပြီးသား လို့ ဆိုတယ်။
ဒါကြောင့် ယောက်ျားတို့ အနေနဲ့ ကိုယ့်ရဲ့ လက်တွဲဖော်၊ သမီးရည်းစား၊ ဇနီးသည် ပြောတဲ့ စကားတွေ၊ သူတို့နဲ့ ပတ်သက်တဲ့ အကြောင်းအရာ အသေးစိတ်ကစ မှတ်မိနေဖို့ လိုပါတယ်။
(4)
ဒါကြောင့် “မိန်းကလေးတွေဟာ ယောက်ျာတွေဆီက မေ့လျော့တာကို မလိုလား၊ အသိအမှတ်ပြု အလေးထားတာကို လိုလားတယ်” ဆိုတာ သိနိုင်ပါတယ်။
နောက် တတိယ တချက်ကလည်း အမျိုးသားများ သတိပြု ဆင်ခြင်စရာပါ။ ဖိုသီဖတ်သီနေထိုင်တတ်သူတွေကို မိန်းမတွေက သဘောမကျကြ ပါဘူး။ အဲဒီလို လူနဲ့လည်း သူတို့ဟာ တွဲသွားတွဲလာ မလုပ်ချင်ကြပြန်ဘူး လို့ ဆိုပါတယ်။ ဒါကြောင့် သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်တာကို မိန်းမတွေက လိုလားကြပါတယ်။ သန့်ရှင်းသပ်ရပ်မှုက မိန်းကလေးတွေကို ဆွဲဆောင်နိုင် ပါသတဲ့။
စိတ်ဝင်စားစရာ စတုတ္ထ အချက်ကိုလည်း ပြောပါဦးမယ်။ မိန်းမသားတွေဟာ သူတို့ရဲ့ ချစ်သူ၊ လက်တွဲဖော်၊ ခင်ပွန်းတွေရဲ့ လိမ်ညာတာမျိုးကို မနှစ်မြို့ကြဘူး တဲ့။ တခါ လိမ်ညာထားတာ ပေါ်သွားရင်တော့ နောက်တခါ အမှန်ပြောရင်တောင် လိမ်ညာ နေတာလို့ ထင်တတ်ကြသတဲ့။ ဒါကြောင့် မိန်းမသားတွေ လိုလားတာက ယောက်ျားတွေရဲ့ ရိုးသားမှုလို့ ဆိုပါတယ်။ တကယ်တော့ ရိုးသားမှုဆိုတာ ကျား ဖြစ်ဖြစ်၊ မ ဖြစ်ဖြစ် နှစ်သက်တာပါပဲ လေ။
(5)
အနှစ်ချုပ်ပြီး ပြောရရင်တော့ အမျိုးသမီးတွေဟာ ယောက်ျားတွေဆီက အလေးအနက်ထားပြီး တန်ဖိုးထား ဆက်ဆံတာလည်း လိုလားတယ်၊ သူတို့ အပေါ် ရိုးရိုးသားသား ပြောဆိုနေထိုင်တာကိုလည်း လိုလား သလို ဟာသပြော ရယ်မောရတာလည်း လိုလားကြတယ် ဆိုတဲ့ အကြောင်း လေ့လာမျှဝေလိုက်ပါတယ်။
Ref: www.beliefnet.com & www.everydayhealth.com