အခုပြောမှာက ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ အမေရိကန်မှာ တိုးတက်မှုလည်း မြန်ဆန်နေတယ်။ အလုပ်လုပ်ချင်သူတွေအတွက်လည်း အလုပ်ပေါတယ်။ စီးပွားရေးလုပ်ချင်သူတွေအတွက်လည်း အခွင့်အလမ်းတွေများများ ရှိနေတဲ့ မြို့တွေအကြောင်းပဲ ဖြစ်ပါတယ်။ ထူးခြားတာကတော့ လူဦးရေများများ ရှိပြီးသား မြို့ကြီးတွေထက် မြို့ငယ်လေးတွေက အခွင့်အလမ်းကောင်းတွေ ပိုရှိနေတာတွေ့ရပါတယ်။
(၁) Provo, Utah
မလီကန်သိပ္ပံကနေ တိုးတက်မှုအမြန်ဆုံးမြို့အဖြစ် မကြာသေးခင်ကမှ သတ်မှတ်ခံထားရတဲ့မြို့ပါ။ နည်းပညာဖွံံ့ဖြိုးမှုလည်း အားကောင်းလာတယ်၊ အလုပ်လည်း ပေါတယ်၊ လုပ်ခလစာလည်း ကောင်းတယ်၊ ၂၀၁၁ ကနေ ၂၀၁၆ ခုနှစ်အတွင်း နည်းပညာပိုင်းမှာ ရာထူးကြီးနေရာ ၅၅၀၀ လောက် ခေါ်ခဲ့တာလည်း တွေ့ရပါတယ်။ ကယ်လီဖိုးနီးယားအခြေစိုက် San Jose နဲ့ Brigham Young လို ကျောင်းတွေလည်း ကောင်းကောင်း ရှိနေပါတယ်။
(၂) Raleigh, North Carolina
စီးပွားရေးလုပ်ဖို့ အရင်းနည်းနည်းနဲ့ လုပ်ငန်းစနိုင်မှုက ဒီမြို့ရဲ့ အဓိကအားသာချက်ပါ။ လေ့လာရေးနဲ့ စမ်းသပ်ချက်တွေလည်း ကောင်းကောင်း လုပ်နိုင်တယ်။ စက်မှုလုပ်ငန်း ထွန်းကားတယ်။ နောက်ထပ် ၁၀ နှစ် အတွင်း အလုပ်အကိုင် အခွင့်အလမ်း ၄၂.၆၆ ရာခိုင်နှုန်း ထပ်တိုးလာဖို့ ရှိနေပါသေးတယ်။ မြေနေရာ လွယ်လွယ်ရနိုင်ခြင်းတွေကလည်း အလုပ်သမားတွေကို မြို့မှာ အခြေချလာစေဖို့ ဖိတ်ခေါ်နေသလို ဖြစ်နေပါတယ်။
(၃) Fort Collins, Colorado
ကော်လိုရာဒိုရဲ့မြောက်ပိုင်း အကျဆုံး မြို့ပါ။ ကော်လိုရာဒိုပြည်နယ် တက္ကသိုလ်လည်း ရှိပါတယ်။ နည်းပညာကဏ္ဍမှာ အလုပ်အကိုင် ပေါများလာမှုနဲ့အတူ တိုးတက်လာပါတယ်။ ပျမ်းမျှ အလုပ်သမား တယောက်ဟာ နည်းပညာ ကုမ္ပဏီမှာ အလုပ်လုပ်မယ်ဆိုရင် ပျမ်းမျှ လစာ ဒေါ်လာ ၈၁၀၅၀ လောက် ရနိုင်နေပါတယ်။ ၂၀၄၀ လောက်မှာ အသစ် အခြေချနေထိုင်လာမယ့် အိမ်ခြေ ၃ သောင်းလောက် ထပ်တိုး လာမယ်လို့ ယူဆထားတဲ့မြို့ပါ။
(၄) Dallas, Texas
Austin နဲ့ Antonio လို မြို့တွေအပါအဝင် တက္ကဆက်မှာ အလုပ်လုပ်လို့ ကောင်းတဲ့မြို့တွေ အများကြီးပါ။ ဒါပေမယ့် ဒဲလက်စ်ကတော့ အလုပ်သမားတွေအတွက်ရော စီးပွားရေးလုပ်ဖို့ပါ အကောင်းဆုံးမြို့ပါ။ကျွမ်းကျင် အလုပ်သမား ၅ သောင်းထက် မနည်းအလုပ်ဝင်နေကြပါတယ်။ ဒါဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ အတွင်း သိပ္ပံနဲ့ နည်းပညာကဏ္ဍမှာ အလုပ်တိုးတက်လာမှု ဖြစ်ပါတယ်။ အိမ်ခြံမြေ ဈေးကွက်လည်း ကောင်းတယ်။ ၂၀၁၈ မှာ အိမ်အဝယ်လိုက်မှု အများဆုံးမြို့ဖြစ်လာနိုင်ပါတယ်။ ပျမ်းမျှမြို့ခံအိမ်တလုံးကို တန်ဖိုး ၃၃၉၉၅၀ လောက် ရှိပါတယ်။
(၅) San Francisco, California
ကယ်လီဖိုးနီးယားရဲ့ရွှေမြို့တော်ပါ။ ပြီးခဲ့တဲ့ ၇ နှစ်အတွင်း စီးပွားရေးတိုးတက်မှု မြင့်တက်လာပါတယ်။ ဒါပေမယ့် နည်းပညာကဏ္ဍနဲ့အတူ မြို့ရဲ့ စည်းကားလာမှုက သိပ်တော့မဆန်းပါဘူး၊ အကြောင်းကတော့ နိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်းလောက်သော နည်းပညာလုပ်ငန်းတွေက မြို့မှာရှိနေလို့ပါ။ အလုပ်သမားတွေလည်း လစာပေးတာမြင့်တယ်၊ အိမ်ခြံမြေ ဈေးနှုန်းတွေလည်းမြင့်ပါတယ်။ ၂၀၁၆ အတွင်းကတင် အလယ်အလတ် တန်း အိမ်တလုံးကို ဒေါ်လာ ၁ သန်းလောက် တန်ပါတယ်။
(၆) Bradenton/Sarasota, Florida
ဖလော်ရီဒါပြည်နယ်ရဲ့ မြောက်ဘက်ဆိပ်ကမ်းမြို့လည်း ဖြစ်တယ်။ သင့်အနေနဲ့ အလုပ်အကိုင် ပေါများတဲ့ မြို့မှာ နေချင်ရင်တော့ ဆာရာဆိုတာမှာနေပါ။ ပြီးခဲ့တဲ့ ၁၂ လ အတွင်း အလုပ်ခေါ်ယူမှု အများဆုံးမြို့ပါ။ အရင်နှစ်က ဖလော်ရီဒါ တပြည်နယ်လုံး အလုပ်ခေါ်ယူမှု ၃.၇ ရာခိုင်နှုန်း ကျသွားခဲ့ပြီး ဆယ်စုနှစ်အတွင်း အလုပ်ခေါ်မှုအနည်းဆုံး နှစ်ဖြစ်ခဲ့တာကလွဲရင် တခြားမြို့တွေထက် အလုပ်ခေါ်နှုန်းများနေဆဲပါ။ အလယ်အလတ်တန်းစားည ဝန်ထမ်းတဦးကို လစာ ၄၀၅၉၂ လောက် ရနိုင်နေပြီး အလတ်တန်းစား အိမ်တစ်လုံးကို ၂၇၉၀၀၀ လောက် တန်ပါတယ်။
(၇) Nashville, Tennessee
ဂီတမြို့တော်အဖြစ် လူသိများတဲ့ အခုမြို့က နောက်ပိုင်းမှာ အနုပညာလုပ်ငန်းအပြင် အခြားအလုပ်အကိုင် အခွင့်အလမ်းတွေပါ ပေါများလာနေပါတယ်။ ၂၀၁၀ ကနေ ၂၀၁၅ အတွင်း အလုပ်သမား လစာပေးနှုန်း ၃၆ ရာခိုင်နှုန်ေးလာက် တက်လာပါတယ်။ ကျွမ်းကျင်ပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေ၊ နည်းပညာ ကျွမ်းကျင်သူ တွေ၊ အုပ်ချုပ်ရေးပိုင်းနဲ့ စက်မှုလုပ်ငန်းတွေအတွက် အလုပ်သမား အများအပြား ၂၀၁၅-၁၆ အတွင်း ခေါ်ယူ လုပ်ကိုင်လာနေပါတယ်။ မြို့မှာ ဝန်ထမ်း ၆ သောင်းလောက်ရှိနေပြီး ပျမ်းမျှလစာ ဒေါ်လာ ၅၀၉၁၃ လောက် ရနေပါတယ်။
(၈) Charlotte, North Carolina
ဒီနယ်မှာလည်း လုပ်ငန်း တည်ထောင်လုပ်ကိုင်မှုအတွက် စရိတ်နည်းနည်းနဲ့ စတင်လည်ပတ်နိုင်လို့ စီးပွားရေး သမားတွေ စိတ်ကြိုက်ဖြစ်နေပါတယ်။ ကျွမ်းကျင်ပညာရှင်၊ သိပ္ပံပညာရှင်၊ နည်းပညာသမားတွေရဲ့ လိုအပ်ချက်က ၂၀၁၅ကထက် ၂၀၁၆မှာ ၉ရာခိုင်နှုန်း တက်လာပြီး အလုပ်နေရာသစ် ၅၈၀၀ လောက် ခေါ်လာပါတယ်။ အိမ်ဈေးလည်း သင့်တင့်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း အိမ်ခြံမြေဈေးကွက် အကျပ်အတည်းဖြစ်ခဲ့ပြီး ဈေးကျသွားသလို အခုဆို အလတ်တန်းစား အိမ်တွေကို ၂၄၅၀၀၀ လောက်နဲ့ ရနိုင်နေပါတယ်။
(၉) Atlanta, Georgia
တောင်ပိုင်းဒေသရဲ့ အင်ပါယာမြို့တော်အဖြစ် လူသိများပါတယ်။ ၂၀၁၆ အတွင်း အလုပ်နေရာသစ် ၄ သောင်းခွဲလောက် အသစ်ခေါ်ခဲ့ပါတယ်။ စက်မှုလုပ်ငန်းအပြင်၊ စားသောက်ဆိုင်၊ ကျန်းမာရေးဝန်ဆောင်မှု၊ ဆောက်လုပ်ရေးနဲ့ ရုပ်သံထုတ်လုပ်မှုလုပ်ငန်းတွေပါ တိုးတက်လာပါတယ်။ ပျမ်းမျှ လစာ ၅၈၈၉၉ ဒေါ်လာလောက်ထိအောင် ရနိုင်နေပြီး အိမ်တလုံးကိုလည်း ၂၁၈၃၅၀ လောက်နဲ့ ရနိုင်နေပါတယ်။ တခြား မြို့ကြီးတွေနဲ့စာရင် သင့်ပါတယ်။
(၁၀) Seattle, Washington
ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားမှုများတဲ့ မြို့လည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်ကထက်စာရင် အလုပ်အကိုင် အခွင့်အလမ်း တိုးတက်လာလို့ စိတ်ဝင်စားသူလည်း များလာနေပါတယ်။ Amazonနဲ့ Microsoft လို ကုမ္ပဏီတွေရဲ့ရုံးချုပ်တွေ ရှိပါတယ်။ ပျမ်းမျှ လစာ ၁၃၂၀၀၀ လောက်ထိအောင် ရနိုင်နေပါတယ်။ ဆန်ဖရန်စစ္စကိုထက်တောင် နည်းပညာပိုင်း လစာပိုကောင်းကောင်း ရနိုင်ပါသေးတယ်။ အိမ်ဈေးနှုန်းလည်း ပျမ်းမျှ ၄၆၈၇၈၅ လောက်ပဲရှိပြီး ဆန်ဖရန်မှာ တလုံးကို ၁၀၅၆၅၆၁ ထက် ထက်ဝက်ဈေးလောက် ချိုသာ ပါတယ်။
www.busniessinsider.com တွင် ဖော်ပြထားတဲ့ The 10 US cities that are growing fast, offering jobs, and presenting business opportunities ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။