Lookheed Martin ဆိုတာက အမေရိကန်အခြေစိုက် လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်ပြီး အဓိက အနေနဲ့တော့ စစ်ဖက်သုံး လေယာဉ်တွေ ထုတ်လုပ်မှုနဲ့ နည်းပညာဖန်တီးမှုတွေကို လုပ်ကိုင်နေတဲ့ ကုမ္ပဏီပါ။ သူက SR-71 Blackbird ဆိုတဲ့ မော်ဒယ်လ်ကို ဖန်တီးမှုတွေ လုပ်ဆောင်ခဲ့ဖူးပေမယ့် ၁၉၉၈ ခုနှစ်က ဖန်တီးမှု ရပ်နားခဲ့ပါတယ်။ နောက်တော့ ၂၀၀၇ ခုနှစ်အတွင်း အတည်ပြု ထုတ်ပြန်ချက် မရှိပေမယ့် SR-72 မော်ဒယ်လ် ကို ဖန်တီးနေတယ်လို့ အချို့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေကို တွေ့လာရပါတယ်။
ကုမ္ပဏီကတော့ မော်ဒယ်လ်သစ်နဲ့ ပတ်သက်ပြီး အဆိုပါ အချိန်ကတည်းက တရားဝင် ထုတ်ပြန်ချက် တစုံတရာ မရှိပေမယ့် မကြာသေးခင်ရက်ပိုင်းက ကုမ္ပဏီရဲ့ အုပ်ချုပ်သူ ပြောစကားတွေအရတော့ မော်ဒယ်လ် ဖန်တီးပြီး အနေအထားထိအောင် ရောက်နေနိုင်တဲ့ သဘောရှိမယ်လို့ ယူဆလာရပါတယ်။
ကုမ္ပဏီရဲ့ လက်ထောက် ဥက္ကဌ ဖြစ်တဲ့ Jack O’Banion က အသံထက်မြန်တဲ့ လေယာဉ်တွေ လျှို့ဝှက် ဖန်တီးမှု အကြောင်းအရာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပသွားတဲ့ အမေရိကန် လေကြောင်းပညာနဲ့ SciTech ဖိုရမ်မှာ ပြောကြားချက်ကို Bloomberg သတင်းဌာနက ပြန်လည်ဖော်ပြထားမှုအရ သိရတာပါ။
သူ့ရဲ့ပြောကြားချက်ထဲမှာ ရုန်းအားယူစနစ်ကို ကွန်ပျူတာနဲ့ ထိန်းချုပ်လုပ်ဆောင်နိုင်ပြီဖြစ်သလို Digital ပုံစံနဲ့ သုံးလာနိုင်မယ့် လေယာဉ်ကို ဖန်တီးမယ်ဆိုရင် သူတို့ ကုမ္ပဏီအနေနဲ့ ထုတ်လုပ်နိုင်နေပြီ ဖြစ်ကြောင်းလည်း ပြောဆိုကာ အဆိုပါ ပွဲမှာ SR-72 မော်ဒယ်လ်နဲ့ ပတ်သက်တဲ့ ပုံရိပ်မိတ်ဆက် ပြသမှုတွေကိုပါ ထည့်သွင်း ဖော်ပြသွားတယ်လို့ Bloomberg သတင်းဌာန သတင်းထောက် Justin Bachman ရဲ့ သတင်းဆောင်းပါးအရ သိရပါတယ်။
ပုံရိပ်မိတ်ဆက်မှုအတွင်း SR-72 မှာ တပ်ဆင်မယ့် ဂျက်အင်ဂျင်ကိုလည်း သုံးဖက်မြင် ပုံရိပ်အနေနဲ့ ထည့်သွင်း ပြသသွားသလို အဆိုပါ အင်ဂျင်က လူရဲ့ အဆုတ်လိုပဲ လေကို ရှုသွင်းပြီး ဖိအားရယူ ပေါက်ကွဲကာ စွမ်းအင် ထုတ်လုပ်မယ့် အင်ဂျင် ဖြစ်တယ်လို့ ဆိုပါတယ်။ အင်ဂျင်ကနေ ထွက်ရှိလာမယ့် စွမ်းဆောင်ရည်အနေနဲ့လည်း မော်ဒယ်လ်ကို အသံထက် အဆပေါင်းများစွာ မြန်ဆန်အောင် မောင်းနှင်နိုင်စေမှာပါ။
အိုဘန်နီယွန်ရဲ့ ပြောကြားချက်အရ ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလအထိအောင် ကုမ္ပဏီအနေနဲ့ အခု ဂျက်အင်ဂျင်ကို ဖန်တီးနိုင်မှု မရှိသေးဘဲ အခုတော့ ပုံရိပ်အနေနဲ့ပါ မိတ်ဆက်လာမှုက အင်ဂျင်ကို အချောသပ် ဖန်တီးထားနိုင်ပြီး ဖြစ်သလို မော်ဒယ်လ်ပါ ထုတ်လုပ်ထားပြီး ရှိနေဖို့ ဖြစ်နိုင်နေတာလည်း ဖြစ်ပါတယ်။
တကယ်ပဲ SR-72 ကို ဖန်တီးထားပြီလားဆိုတဲ့ Business Insider ရဲ့ မေးမြန်းချက်ကိုတော့ အိုဘန်နီယွန်က ဖြေကြားမှု မရှိခဲ့ဘဲ Bloomberg ရဲ့ နောက်ဆက်တွဲ မေးခွန်းတွေကို ဖြေကြားဖို့ ငြင်းဆန်သွားခဲ့တာလည်း တွေ့ရပါတယ်။ BI က အမေရိကန် လေတပ်ကို ချိတ်ဆက် မေးမြန်းမှုမှာလည်း လေတပ် တာဝန်ရှိသူတွေက မေးခွန်းကို ဖြေကြားမှုမရှိခဲ့ပါဘူး။
Lookheed ကတော့ မော်ဒယ်လ်ကို ၂၀၁၃ ခုနှစ်အတွင်းက ဖန်တီးမှု စတင်ခဲ့ကြောင်း၊ Son of Blackbird လို့ အမည်ပေးထားကြောင်း၊ အသံထက် ၆ ဆလောက်ထိအောင် ပိုမို မြန်ဆန်တဲ့နှုန်းနဲ့ မောင်းနှင်နိုင်ဖို့ ရှိနေပြီး တနာရီမိုင် ၄၅၀၀ နှုန်းလောက်နဲ့ သွားလာပျံသန်းနိုင်မှာ ဖြစ်သလို ၂၀၃၀ ခုနှစ်မှာ တရားဝင် စတင် အသုံးပြု နိုင်ဖို့ ရှိနေတယ်လို့ပဲ ပြောပါတယ်။
ဒါပေမယ့် အရင်နှစ်ထဲမှာ ကုမ္ပဏီအနေနဲ့ ၂၀၁၈ ခုနှစ် လေကြောင်းပညာ လေ့လာရေး အပိုင်း၊ စမ်းသပ် မောင်းနှင်မှုကဏ္ဍအတွက် ကျွမ်းကျင်လေယာဉ်မောင်းသမားတဦးကို ရှာဖွေနေခဲ့တာ တွေ့ခဲ့ရသလို အဆိုပါ ယာဉ်မောင်းနဲ့အတူ ၂၀၂၀ မှာပဲ စမ်းသပ်ပျံသန်းမှု လုပ်ဆောင်မယ်လို့ သတင်းတွေထွက်ခဲ့သေးတာလည်း ဖြစ်ပါတယ်။
Aviation Week ရဲ့ သတင်းဖော်ပြချက်တွေမှာလည်း အရင်နှစ်ကတည်းက Lookheed အနေနဲ့ သရုပ်ပြ လေယာဉ်မော်ဒယ်လ်တခုကို အားထည့်ဖန်တီးနေမှုနဲ့ စမ်းသပ်မောင်းနှင်နိုင်ဖို့ ပြင်ဆင်နေပြီး အခု မော်ဒယ်လ် SR-72 ဖြစ်နိုင်တယ်လို့ ထင်မြင်ချက်တွေ ပေးထားတာလည်း တွေ့ခဲ့ရပါသေးတယ်။
ပြီးတော့ အမေရိကန်သား Tyler Gluckner ရဲ့ YouTube မှာ တင်ထားတဲ့ ရုပ်သံတခုမှာလည်း ပန်းကန်ပြားပျံ လို့ ယူဆရပြီး UFO လို အာကာသအဖွဲ့အစည်းက Secureteam10 လို့ခေါ်တဲ့ အသံထက် မြန်တဲ့ ယာဉ်တခု ကမ္ဘာ့လေထုအတွင်း သွားလာမောင်းနှင်နေမှုကို GoogleEarth က ပုံရိပ်တွေနဲ့ တိုက်ဆိုင်ဖော်ပြထားတာ တွေ့နိုင်သလို တကယ်တမ်းမှာ အဆိုပါ ပျံသန်းယာဉ်အနေနဲ့ ပန်းကန်ပြားပျံဆိုတာထက် Lookheed ရဲ့ SR-72 စမ်းသပ် ပျံသန်းမှုဖြစ်နိုင်ကြောင်း The Sun နဲ့ Mailonline တွေက ဖော်ပြထားတာလည်း တွေ့ရဖူးပါတယ်။
အခုချိန်ထိအောင်တော့ နာမည်ကျော် လေယာဉ်ထုတ် ကုမ္ပဏီ Boeing အနေနဲ့ အသံထက် ၅ ဆလောက် မြန်တဲ့ လေယာဉ်ကို မိတ်ဆက်ထားမှု ရှိခဲ့ဖူးပြီး SR-71 မော်ဒယ်လ်နဲ့ စွမ်းဆောင်ရည်တူ အနေအထား ဖြစ်ပါတယ်။ အခု SR-72 အနေနဲ့ကတော့ အသံထက် ၆ ဆထိအောင် ပိုမို မြန်ဆန်မှာလည်း ဖြစ်ပါတယ်။ လက်ရှိ အမေရိကန် လေကြောင်းအပိုင်းမှာလည်း Lookheed ရော Boeing တို့ ကုမ္ပဏီ ၂ ခုလုံးက လေယာဉ် ဖန်တီးမှုနည်းပညာ အားအကောင်းဆုံးနဲ့ ဖက်စပ်လုပ်ကိုင်မှုရော လှူဒါန်းမှုတွေပါ လုပ်ဆောင်နေတဲ့ လေယာဉ် ထုတ် ကုမ္ပဏီတွေပဲဖြစ်ပါတယ်။
www.businessinsider.com တွင်ဖော်ပြထားတဲ့ A lookheed Martin executive hinted that the ultra-secret SR-72 Son of Blackbird may already exist ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။