အချစ်ဆိုတာ ရယူခြင်း တခုတည်း မဟုတ်ဘူးဆိုရင် သူ့ဘက်က ဝက်ဝံရုပ်ကြီးတွေ၊ နှင်းဆီပန်းတွေ ပေးတာကိုပဲ စောင့်မနေပါနဲ့။ သင်လည်း သင့်ချစ်သူကို သူသဘော ကျလောက်မယ့် အသုံးဝင်မယ့် ပစ္စည်းလေးတွေကို ချစ်သက် လက်ဆောင်အနေနဲ့ ပေးမယ်ဆိုရင် သင်တို့နှစ်ဦးကြားမှာ အမှတ်တရလေးတွေ ပိုဖြစ်နေမှာပါ။
ကဲ ဒါဆိုရင် Valentine’s Day မှာ ချစ်သူကို အမှတ်တရပေးဖို့ လက်ဆောင် ၇ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ကျောပိုးအိတ်
ကြာရှည် အသုံးခံမယ့် ကျောပိုးအိတ်မျိုးကို လက်ဆောင်အဖြစ် ပေးသင့်ပါတယ်။ သင့်ချစ်သူက ဘယ်သွားသွား ကျောပိုးအိတ် တလုံးလောက်သာ သယ်ရတာ သဘောကျတတ်တာမို့ ခရီးပဲထွက်ထွက်၊ အလုပ်ပဲသွားသွား လွယ်လို့ရမဲ့ ကျောပိုးအိတ်တလုံးသာ လက်ဆောင်ပေးလိုက်ပါ။ အမှတ်တရ ဖြစ်နေမှာ အမှန်ပါ။
(၂) နာရီ
နောက်ထပ် ယောကျာ်းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် အများစု သဘောကျတတ်တာက လက်ပတ်နာရီပါ။ အချိန်တိုင်း၊ စက္ကန့်တိုင်းမှာ သင့်ကို သတိရနေအောင် လက်ပတ်နာရီ ကောင်းကောင်းလေးတခု အမှတ်တရ လက်ဆောင်ပေးတာလည်း သင်တို့ နှစ်ဦးအတွက် အမှတ်တရ ဖြစ်စေမှာပါ။
(၃) wallet
အကန့်များများပါတဲ့ ပိုက်ဆံအိတ်မျိုး ပေးသင့်ပါတယ်။ ငွေသားတွေအပြင်၊ ATM ကတ်၊ သော့၊ မှတ်ပုံတင်နဲ့ အခြားသော အရေးကြီးတဲ့ ပစ္စည်းတွေကို အမျိုးသားတွေက တစ်စုတစ်စည်းတည်းနဲ့ ပိုက်ဆံအိတ်ထဲမှာ သိမ်းထားတတ်တာဖြစ်တဲ့အတွက် Brand ကောင်းကောင်းတခုကို ရွေးပြီး လက်ဆောင်ပေးလိုက်ပါ။ ဒါဆို ဈေးဝယ်ဖို့၊ အသုံးလိုလို့ ပိုက်ဆံရှင်းစရာ ကိစ္စကြုံလာတိုင်းမှာ သင့်ချစ်သူက သင့်ကို သတိတရ ရှိနေမှာပေါ့။
(၄) ကော်ဖီခွက်
သူ့ကိုရည်ညွှန်းတဲ့ စာသားပါတဲ့ ကော်ဖီခွက်မျိုးကို လက်ဆောင်ပေးပါ။ ဥပမာ သင်တို့ရဲ့ Anniversary Date မျိုးပေါ့။ မနက် မိုးလင်းတိုင်း သူ့ကို သင်နဲ့ပတ်သက်ပြီး သတိပေးနေမယ့် သတိရအောင် အမြဲဖော်ညွှန်းပေးနိုင်မယ့် စာသားမျိုးပါတဲ့ ကော်ဖီခွက် တခွက်ဖြစ်ဖြစ် လက်ဆောင်ပေးပါ။ ဒါဆို သင့်ကို သူက ကော်ဖီသောက်တိုင်း သတိရနေမှာပါ။
(၅) Album
သင့်ချစ်သူက သီချင်းနားထောင်ရတာ ကြိုက်တဲ့သူဖြစ်နေရင် သူအရမ်း သဘောကျတဲ့ အဆိုတော်တွေရဲ့ သီချင်း Album မျိုးလက်ဆောင်ပေးပါ။ ပြီးရင် ဟိုးတုန်းကထွက်ခဲ့တဲ့ နာမည်ကြီးအဆိုတော်တွေရဲ့ Album ပေးတာမျိုး ကလည်း သူ့ကိုကျေနပ်နေစေ ပါလိမ့်မယ်။ သူ သီချင်းနားထောင်တိုင်း သင့်ကို သတိရနေမှာပေါ့။
(၆) ကင်မရာ
ဓာတ်ပုံ ရိုက်တာသဘောကျတဲ့ သင့်ချစ်သူကို ပေးဖို့ အကောင်းဆုံးက ကင်မရာတလုံးပါပဲ။ ဒါဆိုရင် သူတင် အသုံးတည့်တာ မဟုတ်ဘူးနော်။ သင်ဘယ်သွားသွား သူနဲ့အတူ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကူးနိုင်တာမို့ သင်တို့ နှစ်ယောက်လုံးအတွက် အသုံးဝင်တဲ့ ပစ္စည်းပါပဲ။
(၇) နားကြပ်
သင့်ချစ်သူ အမှန်တကယ် လိုအပ်နေတာက နားကြပ်တခုလည်း ဖြစ်နိုင်ပါတယ်။ အမိုက်စား နားကြပ်လေး လက်ဆောင်ပေးလိုက်ရင် သူစိတ်ဓာတ်ကျတဲ့အချိန်၊ ဝမ်းသာနေတဲ့အချိန် သီချင်းနားထောင်တိုင်း သင့်ကို သတိရနေမှာပါ။
ကဲ Valentine’s Day မှာ သင့်ချစ်သူကို လက်ဆောင်ပေးချင်ပေမယ့် ဘာပေးရင် ကောင်းမလဲဆိုပြီး အကြံအိုက်နေတဲ့ သူတွေ အခုအကြံပေးထားတဲ့ အမှတ်တရ ပစ္စည်းလေးတွေသာ ပေးကြည့်လိုက်နော်။ သင်တို့ ချစ်သူ နှစ်ဦးကြားမှာ အမှတ်တရတွေ ပိုတိုးသွားမှာ အမှန်ပါပဲ။