အခုတလော သတင်းမှာ တွေ့နေရတဲ့ လူသတ်မှုတွေကြောင့် အမျိုးသမီးတွေအနေနဲ့ ကားစီးရမှာတောင် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေကြပါပြီ။ လုံခြုံမှုမရှိ၊ ကိုယ့်ကိုကိုယ်လည်း မကာကွယ်တတ်ရင် “သတိမမူ ဂူမမြင်” ဆိုသလို ကိုယ့်ကို အန္တရာယ်ကျရောက်လာမယ့် ဖြစ်ရပ်မျိုးတွေ ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။
ဒါကြောင့် အမျိုးသမီးတွေ အနေနဲ့ မဖြစ်မနေ ညဘက်လို အချိန်မျိုး တယောက်တည်း ကားငှားစီးရမယ်ဆိုရင်တောင် အန္တရာယ်ကင်းစေဖို့ သိထားသင့်တယ့် အချက်တွေကို ဝေမျှ ရေးသားလိုက်ပါတယ်။
(၁) အပြောအဆို ချိုသာပါစေ
အချို့အမျိုးသမီးတွေ ကားငှားတဲ့အခါ ဈေးကို မတရားစစ်သလို ကားသမားကို မချေမငံ ပြောဆိုတာမျိုး ကြုံဖူးပါတယ်။ တချို့ဆို ကားသမားကို မတူမတန်သလို ပြောဆိုတာမျိုးတောင် တွေ့ဖူးပါတယ်။ ဒီအပြုအမူက ကိုယ့်အပေါ် အမုန်း ပွားအောင် အားပေးသလိုဖြစ်နေတတ်ပါတယ်။
(၂) အရေးကြီးတဲ့ နံပါတ်များကို မှတ်ပါ
ကားစီးရင် ကားနံပါတ်နဲ့ ကားမောင်းသမားရဲ့ ယာဉ်မောင်းလိုင်စင် နံပါတ်များကို မှတ်နိုင်သမျှ မှတ်ထားပါ။ ပြီးရင် တယောက်ယောက်ကို ပို့တာမျိုး လုပ်ပါ။
(၃) ဖုန်းဘေလ် ရှိနေပါစေ
အရေးကြုံလာရင် ဖုန်းဆက်ဖို့ ဖုန်းအား မရှိတာမျိုး၊ ဖုန်းဘေလ်တွေ ကုန်နေလို့ ငွေကြိုချေးပြီး သုံးတာမျိုးတွေ မဖြစ်ပါစေနဲ့။
(၄) စိတ်မသန့်ရင် မစီးပါနဲ့
ဒီကားကို စီးမယ်ဆိုပေမယ့် ကားသမားပုံစံက တမျိုးဖြစ်နေတယ်၊ ကိုယ့်ကိုယ်ကို စိတ်မလုံသလိုမျိုး ဖြစ်နေတယ်ဆိုရင် မစီးပါနဲ့။
(၅) အနောက်မှာ ထိုင်ပါ
ကားစီးရင် အနောက်ခန်းမှာပဲ ထိုင်ပါ။ အရှေ့ခန်းမှာ ယာဉ်မောင်းသူက ထိုင်ခိုင်းရင်လည်း ငြင်းဆန်ပါ။
(၆) တယောက်ယောက်ကို အသိပေးပါ
မိသားစုဝင်၊ သူငယ်ချင်း တယောက်ယောက်ကို ဖုန်းဆက်ပြီး သင်ဘယ်နေရာမှာ ရောက်နေပြီဆိုတာ အသိပေးတာမျိုး လုပ်ပါ။
(၇) ကာကွယ်လို့ရမယ့် ပစ္စည်းဆောင်ပါ
အမျိုးသမီးတွေအတွက် ကားစီးမှ မဟုတ်ပါဘူး။ ဘယ်အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ကာကွယ်နိုင်ဖို့ Pepper Spray, Stun gun, Defender tactical flashlight စတဲ့ ပစ္စည်းတခုခု ဆောင်ထားသင့်ပါတယ်။
(၈) လမ်းကြုံလိုက်မယ့်သူကို သတိထားပါ
ကားသမားက လူထပ် တင်ချင်တယ်ဆိုရင် အချိန်အခါနဲ့ အခြေအနေကို ကြည့်ပြီးမှ လက်ခံပါ။ လူဆိုးဆိုတာ အမျိုးသားတင်မက အမျိုးသမီးလည်း ဖြစ်နိုင်ပါတယ်။ ကားစီးတဲ့အခါ မှန်တံခါးတွေ အလုံပိတ်ထားတာမျိုး လက်မခံပါနဲ့။
(၉) စိတ်ချရတဲ့ အွန်လိုင်းတက်စီ စီးပါ
ကားငှားရမ်းခြင်း ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကနေ ကားကို Booking လုပ်ပြီးမှ စီးတာမျိုးလုပ်ပါ။ နာမည်ပျက် မရှိတဲ့ ကုမ္ပဏီက ကားမျိုးဆို ပိုသင့်တော်ပါလိမ့်မယ်။ ဒါပေမယ့် သတိတော့ပိုသည် မရှိအောင် ထားပါ။
အထက်ပါ အချက်အလက်တွေက စာဖတ်ပရိသတ်တွေအတွက် ကားစီးရင်အဆင်ပြေ လုံခြုံမှုရှိအောင် လက်လှမ်း မှီသမျှ မျှဝေပေးတာပဲ ဖြစ်ပါတယ်။
Ref ; hardtargetselfdefence.com , safeinternational.biz