မကြာခင် ကျရောက်လာတော့မယ့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ Valentine's Day မှာ ချစ်ခင်ရသူတွေကို လက်ဆောင်လေးတွေ ပေးခြင်းအားဖြင့် ချစ်ခြင်းမေတ္တာကို ဖော်ပြလေ့ရှိကြပါတယ်။
“ချစ်သူများနေ့”မှာ ကိုယ်ချစ်ရသူကို အံ့အားသင့်စေမယ့် အမှတ်တရနေ့လေးကို ဖန်တီးလိုသူတွေအတွက် ရိုးရိုးရှင်းရှင်း ပန်းစည်းပေးမယ့်အစား ဒီလို ဆန်းဆန်းပြားပြား အိုင်ဒီယာလေးတွေနဲ့ ထူးထူးခြားခြား လက်ဆောင်လေးတွေ ပေးကြည့်ဖို့ အကြံပြုလိုက်ပါတယ်။
(၁) Makeup Bouquet
ပန်းတွေချည်း ပေးရတာရိုးနေပြီဆိုရင် သင့်ကောင်မလေး သဘောအကျဆုံး ပစ္စည်းတွေထဲက တခုဖြစ်တဲ့ အလှကုန် ပစ္စည်းတွေ ပေးကြည့်ပါ။ Foundation, Highlighter, Lipstick စတဲ့ ပစ္စည်းလေးတွေကို ပန်းတွေနေရာမှာ အစားထိုးပြီး အစဉ်အလာမပျက် Bouquet လေး ပေးကြည့်ပါ။ သူသုံးလေးရှိတဲ့ Brand ကိုတော့ သူငယ်ချင်းတွေဆီက တိတ်တိတ်လေး မေးပြီးဝယ်ပေါ့။
(၂) Chocolate Bouquet
ချောကလက်တွေ၊ သကြားလုံးလေးတွေနဲ့အလှဆင်ထားတဲ့ ပန်းစည်းလေးကလည်း သင့်ကောင်မလေး အမြင်မှာ တစ်မျိုးဆန်းနေမှာပါ။
(၃) Fried Chicken Bouquet
အစားတလိုင်း ကောင်မလေးမျိုးဆို ဒီလိုလက်ဆောင်မျိုးကို သဘောကျမှာအမှန်ပါပဲ။ အပေါ်ယံ ပကာသနတွေ မပါဘဲ သူအကြိုက်ဆုံးအရာကို လက်ဆောင်ပေးတဲ့သင်က ယုံကြည်စိတ်ချခြင်း၊ အထင်ကြီး လေးစားခြင်းတွေ ပြန်ရပါလိမ့်မယ်။
(၄) Teddy Bear Bouquet
ဝက်ဝံရုပ်သေးလေးတွေ အများကြီးကိုမှ ပန်းစည်းနဲ့တွဲပြီး အလှဆင်ပေးတာလည်း သူများနဲ့မတူတဲ့ စတိုင်လ်ကို ဖော်ပြဖို့ အကောင်းဆုံး အခွင့်အရေးပါ။ Key Chain ဝက်ဝံရုပ်လေးတွေကို ချောကလက်နဲ့ အလှဆင်ပြီး လက်ဆောင်ပေးနိုင်ပါတယ်။
(၅) Cupcake Bouquet
သူကြိုက်မယ့် အရသာပါတဲ့ ပန်းနုရောင် ကိတ်မုန့်လေးတွေနဲ့အတူ ပန်းစည်းလက်ဆောင် ပေးကြည့်ပါ။ ခရင်မ်ကို ပန်းပွင့်လေးနဲ့ တူစေမယ့် အရောင်ရွေးချယ်ပြီး အလှဆင်ပါ။
(၆) Fruit Bouquet
ဝိတ်ချနေသူ (သို့မဟုတ်) သစ်သီးကြိုက်တဲ့ သင့်ချစ်သူကို သစ်သီးလေးတွေနဲ့ အလှဆင်ထားတဲ့ ပန်းစည်းလေး လက်ဆောင်ပေးလို့လည်း ရပါတယ်နော်။ ဒါပေမယ့် အရုပ်ကြီးကြီး တခုလောက် တွဲပြီး ပေးပါ။
အထက်ပါ အကြံဉာဏ်လေးတွေကို အကောင်အထည်ဖော်မယ်ဆိုရင် Bouquet ကောင်းကောင်း လုပ်တတ်တဲ့ ပန်းအလှပြင်ဆိုင်မှာ အကူအညီ တောင်းကြည့်ပါ။ နည်းနည်း အလုပ်ရှုပ်တယ် ထင်ရပေမယ့် ဒီလိုသူများနဲ့ မတူတဲ့ လက်ဆောင်မျိုးကို မိန်းကလေးတွေ တကယ်သဘောကျ တတ်ပါတယ်နော်။