တယောက်နဲ့တယောက် တနေရာစီ ဝေးနေကြတဲ့ အနေဝေးချစ်သူတွေအတွက် ချစ်သူများနေ့ကို အတူတူ ရှိမနေဘူး ဆိုရင်တောင် တယောက် တနေရာစီကနေ Valentine’s Day ကို အတူဖြတ်သန်းနေရသလို စိတ်ကူးယဉ်ဆန်ဆန် ဖြတ်သန်းနိုင်မယ့် နည်းလမ်း ၇ ခုကို ရေးသားဖော်ပြလိုက်ပါတယ်။
(၁) FaceTime App ကိုသုံးပြီး ညစာစားဖို့ပြင်ဆင်ပါ
အနေဝေးနေတဲ့ ချစ်သူနှစ်ဦး မျက်နှာချင်းဆိုင်ကြည့်ပြီး စကားပြောနိုင်တဲ့ FaceTime App ကို အသုံးပြုပြီး အတူတူ ဒိတ်ကြည့်လို့ ရပါတယ်။ ချစ်သူနှစ်ဦးလုံးကတော့ အကြိုက်ဆုံးအစားအသောက်တွေကို ချက်ပြုတ်ပြီး ကင်မရာရှေ့မှာ ခင်းကျင်းလို့ ပုံရိပ်ယောင် ညစာသုံးဆောင်ပွဲကို ကျင်းပလိုက်ပါ။
(၂) နှစ်ဦးသား အကြိုက်နှစ်သက်ဆုံး အစားအစာများကို ချက်ပြုတ်ပြီး ပေးပို့လိုက်ပါ
တကယ်လို့ ကင်မရာရှေ့မှာထိုင်ပြီး အနေဝေးနေတဲ့ ချစ်သူနှစ်ဦး ညစာစားဖို့ အဆင်မပြေဘူးဆိုရင်တော့ သူကြိုက်တတ်တဲ့ အစားအစာတွေကို ချက်ပြုတ်ပြီး ပို့ပေးတာ၊ ပြုလုပ်ပေးလို့ရပါတယ်။
(၃) ပျော်စရာ အခိုက်အတန့်များ ပြောပြီး ကြည်နူးပါ
လက်ဆောင်တွေ လူချင်းတွေ့ပြီး ဖလှယ်လို့ မရပေမယ့် မကြာမီမှာ ပျော်ရွှင်စရာအချိန်အခိုက်အတန့်ကို အတူ ဖြတ်သန်းမယ့်အကြောင်း အကြိုလက်ဆောင်ပါးရင်း ကြည်နူးနေပါစေ။ ချစ်သူများနေ့မှာ မတွေ့ရပေမယ့် ပိတ်ရက်တချို့မှာ ချိန်းပြီး ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်ဖို့နဲ့ ကလပ်သွားဖို့အတွက် လက်မှတ်တွေ ဝယ်ထားတဲ့အကြောင်း ပြောပြီး ချစ်သူနှစ်ဦး ကြည်နူးလိုက်ပါ။
(၄) လက်လုပ် အမှတ်တရ ပစ္စည်းလေးတွေ ပို့ပေးလိုက်ပါ
ချစ်သက်လက်ဆောင် ဆိုတာကတော့ ဈေးကြီးဖို့မလိုပါဘူး။ ကောင်းဖို့ပဲ လိုတာပါ၊ နှလုံးသားနဲ့ ရေးထားတဲ့ ကဒ်နဲ့ ဓာတ်ပုံ Album ၊ဒါမှမဟုတ် အချိန်ယူပြီး ကိုယ်တိုင်လုပ်ထားရတဲ့ လက်ဆောင်တခုခု ပေးလိုက်မယ်ဆိုရင် ဘေးနားမှာ ချစ်သူ မရှိနိုင်ပေမယ့် အမှတ်တရတွေက ဝန်းရံပေးနေမှာပါ။
(၅) ချစ်သူများနေ့မတိုင်မီ မေးလ်တွေ၊ စာတွေ ပို့ပေးလိုက်ပါ
ဒါကတော့ အနေဝေးတဲ့ ချစ်သူနှစ်ဦးကြားက အလွယ်ကူဆုံး ဆက်သွယ်ရေး နည်းတမျိုးပဲ ဖြစ်ပါတယ်။ ချစ်သူများနေ့ မတိုင်မီ တပတ်လောက်ကြိုပြီးတော့ ထူးခြားတဲ့ ချစ်သဝဏ်လွှာ ပါးတာမျိုး ချစ်သူနှစ်ဦး အတူ ရိုက်ထားခဲ့ဖူးတဲ့ ဓာတ်ပုံလေးတွေကို ဖလှယ်တာမျိုးလည်း လုပ်လို့ရပါတယ်။
(၆) ချစ်သူကြိုက်တတ်တဲ့ အရာလေးတွေကို ဝယ်ပြီးပို့ပေးလိုက်ပါ
ချစ်သူကြိုက်တတ်တဲ့ ပစ္စည်းတခု နှစ်ခုလောက်ကို ကိုယ့်အနီးနားမှာရှိတဲ့ ဆိုင်တခုကနေ ဝယ်ပြီးတော့ ပို့ပေးလိုက်ပါ။ ဥပမာ – ချစ်သူကြိုက်တတ်တဲ့ အကျႌလေးပေါ်မှာ သူကြိုက်တတ်တဲ့ ရေမွှေးလေးကို ဖြန်းပြီး ပို့လိုက်မယ်ဆိုရင် ကိုယ်ဘယ်လောက် တန်ဖိုးထားတယ်ဆိုတာ ပိုပေါ်လွင်သွားမှာပါ။
(၇) ချစ်သူများနေ့မှ မဟုတ်ဘဲ နောင်တချိန်မှာ ဖတ်လို့ရမယ့် စာတွေ ပို့လိုက်ပါ
အနေဝေးတဲ့ ချစ်သူနှစ်ဦးအတွက် အထူးနေ့ဆိုတာ “ချစ်သူများနေ့” တရက်တည်းရှိတာ မဟုတ်ပါဘူး။ ဒါပေမယ့် ချစ်သူများနေ့မှာ ချစ်သူကို ဘယ်လောက်တောင် လွမ်းဆွတ်သတိရကြောင်း ရေးထားတဲ့ စာတွေကို နောင်တချိန်မှာ ပြန်ဖတ်လို့ရအောင် ပေးပို့ထားခြင်းနဲ့ “လွမ်းဆွတ်၊ သတိရခြင်း”ကို ဖြေသိမ့်လို့ရပါတယ်။
Ref ; cosmopolitan