ကမ္ဘာတဝှမ်းမှာ ရှိကြတဲ့ ချစ်သူစုံတွဲအများစုဟာ “ချစ်သူများနေ့”မှာ မိမိရဲ့ချစ်မြတ်နိုးမှုကို ဖော်ပြတဲ့အနေနဲ့ ချောကလက်ဝယ်ပြီး လက်ဆောင်ပေးလေ့ရှိတာ ယနေ့အထိတိုင်ပါပဲ။
ချောကလက်ဟာ ချစ်သူများနေ့ရဲ့ သင်္ကေတလို့တောင် ပြောလို့ရပေမယ့် ချစ်သူများနေ့မှာ ချောကလက် ဘာလို့ လက်ဆောင်ပေးကြသလဲ ဆိုတာရယ်နဲ့ ချောကလက်ရဲ့ သမိုင်းကြောင်းကို သေချာ သိရှိသူကတော့ နည်းပါတယ်။ ဒါကြောင့်မို့လို့ ချောကလက်တွေရဲ့ သမိုင်းကြောင်းကို ဧရာဝတီ စာဖတ်ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
ချောကလက် သမိုင်းကြောင်း
ချောကလက်ကို Cacao ဆိုတဲ့ အပင်ကနေရရှိပြီး ဒီအပင်ရဲ့ မူလအစကတော့ တောင်အမေရိကတိုက်ရဲ့ အမေဇုန်ဒေသပဲ ဖြစ်ပါတယ်။ ၁၉ ရာစု မတိုင်ခင်အထိ ဒီ Cacao စေ့တွေကို ငွေကြေးအဖြစ်နဲ့သုံးစွဲခဲ့ဲပြီး cacao စေ့အစေ့ ၁၀၀ ဟာ အဲဒီခေတ်မှာ ကျွန်တယောက် ဝယ်လို့ရပါတယ်။
မာယာလူမျိုးတွေကတော့ Cacao စေ့ကို ဘာသာရေးအခမ်းအနားနဲ့မင်္ဂလာပွဲတွေမှာ သောက်စရာ အဖြစ်နဲ့ သောက်သုံးခဲ့ကြပြီး Cacao အရည်ဟာ ဘုရားသခင်နဲ့ ဆက်နွယ်တယ်လို့ ယုံကြည်ကြပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ Cacao အရည်သောက်သုံးမှုဟာ ဥရောပအထိ ပျံ့နှံ့သွားပြီး ၁၈၅၀ ခုနှစ်မှာ အင်္ဂလိပ်လူမျိုး Joseph Fry က ချောကလက်ကို အခဲအတောင့်အဖြစ် တီထွင်ဖန်တီးခဲ့ပါတယ်။
၁၈၇၅ ခုနှစ်မှာတော့ Daniel Peter နဲ့ Herri Nestle တို့က နို့နဲ့ ချောကလက်ကို ရောပြီး နို့ချောကလက်ခဲကို ထပ်မံ တီထွင်ခဲ့ပါတယ်။ နည်းပညာတွေ တိုးတက်လာတာနဲ့ အလျောက် ချောကလက်ကို သစ်ကြားသီး၊ မြေပဲ၊ သီဟိုစေ စတာတွေနဲ့ ပုံစံအမျိုးမျိုး ထုတ်လုပ်လာပါတော့တယ်။
ချစ်သူများနေ့ဟာ ရောမကနေ စတင်ခဲ့ပြီး စပိန်ဘုရင်ရဲ့သမီးတော်က နာမကျန်းဖြစ်နေတဲ့ သူမရဲ့ ခင်ပွန်းသည်ကို ချစ်လက်ဆောင်အနေနဲ့ Cacao ဖျော်ရည်ကို တိုက်ကျွေးခဲ့ပြီး အဲဒီဖျော်ရည်သောက်ပြီး နောက်ပိုင်းမှာ နာမကျန်း ဝေဒနာဟာ ပျောက်ကင်းသွားခဲ့ပါတယ်။
ဒါ့ကြောင့်မို့လို့ သူမခင်ပွန်းသည်ဟာ သူမကို နှင်းဆီပန်းတစ်စည်းလက်ဆောင်ပေးခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ ချစ်သက်လက်ဆောင်ကို အစွဲပြုပြီး နောင်လာနောင်သားများဟာ ချောကလက်ကို “ချစ်သူများနေ့”မှာ လက်ဆောင်ပေးကြတာပဲ ဖြစ်ပါတယ်။
ချောကလက်ဟာ အပင်ကနေ ပြုလုပ်ထားတဲ့အတွက် ချောကလက် စားသုံးခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရှိပါတယ်။ ချောကလက်မှာ ကဖင်းဓာတ်ပါဝင်ပြီး ချောကလက်စားခြင်းဟာ လိင်စိတ်ဆန္ဒကို နိုးကြားစေပြီး စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါတယ်။
ရိုမန်တစ်ဆန်ခြင်း၊ ဂရုစိုက်ခြင်း၊ ချစ်ခင်ခြင်းစတဲ့ ခံစားချက်တွေကိုလည်း ချောကလက်က ပေးစွမ်းနိုင်ပါတယ်။ ဒါဆိုရင်တော့ “ချစ်သူများနေ့”မှာ ဘာလို့ ချောကလက် လက်ဆောင်ပေးလဲဆိုတာ သိသွားပြီ ထင်ပါတယ်။ ဒါကြောင့်မို့လို့ ချောကလက်ကျွေးခြင်းဟာ ချစ်သူက ကိုယ့်ကို ပိုချစ်အောင် ကျွေးတယ်လို့ ပြောလို့ရပါတယ်။
Ref ; History of chocolate