“ချစ်သူများနေ့”လို့ ဆိုလိုက်တာနဲ့ ပန်းစည်းတွေ ၊ ချောကလက်တွေနဲ့ အနီရောင်အသည်းပုံတွေကိုသာ လူအများစုက ပြေးမြင်တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီပစ္စည်းလေးတွေရဲ့ နောက်ကွယ်မှာ သူတို့နဲ့ ပတ်သက်တဲ့ ခိုင်မာတဲ့ သမိုင်းကြောင်းတွေ ရှိနေတာ စိတ်ဝင်စားစရာပါပဲ။
“ချစ်သူများနေ့” အကြောင်း ပြောရမယ်ဆိုရင် St.Valentine ဆိုတဲ့ ဘုန်းတော်ကြီးတဦး အကြောင်းကနေ စတင် ပြောဖို့ဆိုတာ မဖြစ်မနေပါ။ Claudias အင်ပါယာခေတ်မှာ အိမ်ထောင်မရှိတဲ့ လူပျိုလူလွတ်တွေအတွက် မဖြစ်မနေ စစ်တိုက်ရမယ့် အမိန့်တခုဟာ ရှိနေခဲ့ပြီး သူတို့ဟာ အိမ်ထောင်ရှိတဲ့ အမျိုးသားတွေထက် အနှောင်အဖွဲ့ကင်းတယ်လို့ ယူဆတဲ့အတွက် အခုလို အမိန့်ကို ထုတ်ပြန်လိုက်ရခြင်းလည်းဖြစ်ပါတယ်။
ဘုန်းတော်ကြီး St.Valentine နေထိုင်တဲ့ ခေတ်ကာလဟာ သူကိုယ်တိုင်နဲ့ ဆန့်ကျင်ဘက် အကြမ်းဖက်မှုတွေသာ ကြီးစိုးလို့ နေခဲ့ပါတယ်။ ကက်သလစ်ဘာသာအရ မိန်းမတယောက်နဲ့ ယောကျ်ားတယောက်တို့ရဲ့ လက်ထပ် ထိမ်းမြားခြင်းဟာ သူတို့နှစ်ဦးလုံးရဲ့ ဘဝတသက်တာအတွက် ကြီးကျယ် မြင့်မြတ်တယ်လို့ နက်နဲတဲ့ အယူအဆ အဖြစ် တည်ရှိခဲ့ပါတယ်။
ကက်သလစ်ဘာသာရဲ့ ဒီလိုအယူအဆကြောင့် ဘုန်းတော်ကြီး St.Valentine ဟာ စစ်ထွက်ရမယ့် လူပျိုလူလွတ် အမျိုးသားငယ်တွေကို သူတို့ရဲ့ ချစ်သူတွေနဲ့ ဘုရားကျောင်းမှာ တိတ်တဆိတ် လက်ထပ်ထိမ်းမြားခြင်းကို ပြုလုပ်ပေး ခဲ့ပါတယ်။ အခုလို လက်ထပ်ထိမ်းမြားမှုတွေ ပြုလုပ်ပေးခဲ့တဲ့ အတွက်ကြောင့် ဘုန်းတော်ကြီး St.Valentine ကို အင်ပါယာရဲ့ ဧကရာဇ်မှ ဖမ်းဆီး ချုပ်နှောင်ခဲ့ပါတယ်။ ဒါ့အပြင် ညှင်းပန်း နှိပ်စက်ခြင်းတွေကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။
အေဒီ ၂၆၉ ခုနှစ်မှာတော့ ဘုန်းတော်ကြီး St.Valentine ကို ရိုက်နှက်ခြင်း ၊ ကျောက်ခဲနှင့် ပစ်ပေါက်ခြင်းတွေ အပြင် ခေါင်းဖြတ်သတ်ဖို့ အမိန့်အထိ ပြင်းပြင်းထန်ထန် ချမှတ်ခံခဲ့ရပါတယ်။ ဘုန်းတော်ကြီး St.Valentine အကျဉ်းချ ခံနေရစဉ် အတွင်း ထောင်မှူးရဲ့ သမီးဖြစ်သူနဲ့ စုံမက်ခဲ့ပြီး နောက်ဆုံးအချိန်မှာတော့ သူမအတွက် ဝမ်းနည်းဖွယ် “From Your Valentine”ဆိုတဲ့ စာတစောင်ကို နှုတ်ဆက်စကားအဖြစ် ချန်ထားရစ်ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ St.Valentine ရဲ့ အရိုးပြာကို ထားရှိထားတဲ့ ဘုရားကျောင်း ၃ ခုအနက် Whitefriars ဘုရားကျောင်းမှာ လူအများစုဟာ သူတော်စင်ကို အမှတ်ရတဲ့အနေနဲ့ “ချစ်သူများနေ့” (Valentine’s Day) ရောက်တိုင်း သွားရောက်ဂုဏ်ပြု ဦးတိုက်လေ့ရှိကြပါတယ်။
Ref ; St.Valentine-the real story