၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းအတွက် ကမ္ဘာပေါ်ရှိ နယ်ပယ်အသီးသီးက ကုမ္ပဏီတွေရဲ့ အမှတ်တံဆိပ်တွေထဲက တန်ဖိုးအကြီးဆုံး တံဆိပ်တွေအကြောင်းကို ပြောပြချင်ပါတယ်။ နည်းပညာခေတ်မှာ နည်းပညာကုမ္ပဏီ တွေရဲ့လွှမ်းမိုးထားမှုက ဒီစာရင်းကို ကြည့်တာနဲ့တင် အလွယ်သိနိုင်လောက်ပါတယ်။ ဒီ စာရင်းကို Brand Finance ကနေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထုတ်ပြန်လာတာပါ။
(၁၀) ICBC
အမှတ်တံဆိပ် တန်ဖိုးတင် ဒေါ်လာ ၅၉.၂ ဘီလီယံ ရှိပါတယ်။ အရင်နှစ်ကထက် တန်ဖိုး ၂၄ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ပေမယ့် အဆင့်တော့ တက်လာခြင်းမရှိဘဲ အရင်နှစ်ကလို အဆင့် ၁ဝ မှာပဲ ရှိနေပါတယ်။ ၂၀၀၈ ခုနှစ်ကနေ စတင်ပြီး နှစ်စဉ် တန်ဖိုး ၃ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းထိအောင် မြင့်တက်လာနေတဲ့ ဘဏ်လုပ်ငန်းကြီးပါ။ Industrial and Commercial Banl of China ကို အတိုကောက်ခေါ်ဆိုမှုဖြစ်ပါတယ်။
(၉) Walmart
အမှတ်တံဆိပ်က တန်ဖိုး ဒေါ်လာ ၆၁.၅ ဘီလီယံ ရှိပါတယ်။ တနှစ်အတွင်း တန်ဖိုး -၁ ရာခိုင်နှုန်း လျော့ကျသွားပါတယ်။ အရင်နှစ်က အဆင့် ၈ ထိအောင် ချိတ်ခဲ့ပေမယ့် အခုနှစ် ၁ ဆင့် ကျသွားတာလည်း ဖြစ်ပါတယ်။ အဓိကအနေနဲ့တော့ အခုနှစ်အတွင်း Sam’s Club လို ဆိုင်ပေါင်း ၆ဝ လောက် ပိတ်သိမ်းလိုက်လို့ တန်ဖိုး လျော့ကျသွားတာလည်း ဖြစ်ပါတယ်။
(၈) Verizon
သူလည်း တန်ဖိုး ဒေါ်လာ ၆၂.၈ ဘီလီယံထိအောင်ရှိတဲ့ အမှတ်တံဆိပ်ပါ။ အရင်နှစ်ကထက် တန်ဖိုး -၅ ရာခိုင်နှုန်း လျော့ကျသွားပါတယ်။ T-Mobile လို ပြိုင်ဖက် ကုမ္ပဏီကောင်းကောင်း ထွက်ပေါ်လာမှုက ဈေးကွက်မှာ လုပ်ငန်းတွင်ကျယ်မှု အားနည်းသွားပြီး တန်ဖိုးလည်း ကျသွားတာပါ။ အရင်နှစ်က အဆင့် ၇ ချိတ်ခဲ့ပေမယ့် အခုနှစ် ၁ ဆင့် ကျသွားပါတယ်။
(၇) Microsoft
နည်းပညာ ကုမ္ပဏီကြီးက တန်ဖိုး ဒေါ်လာ ၈၁.၂ ဘီလီယံလောက် ရှိပါတယ်။ Apple လောက် စီးပွား မဖြစ်တော့ဘူး ဆိုပေမယ့် အရင်နှစ်ကထက် တန်ဖိုး ၆ ရာခိုင်နှုန်းလောက် မြင့်တက်ပြီး ပိုတန်လာပါတယ်။ အရင်နှစ်က အဆင့် ၅ ချိတ်ခဲ့ပေမယ့် သူ့ထက်အောင်မြင်သူတွေရှိလို့ အဆင့် ၇ ဖြစ်သွားပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ Cloud ဝန်ဆောင်မှုလုပ်ငန်းတွေ စတင်လာပြီး လာမယ့်နှစ်မှာ ပိုပြီး အောင်မြင်မှုရဖို့ ရှိနေပါတယ်။
(၆) AT&T
အမှတ်တံဆိပ်က တန်ဖိုး ဒေါ်လာ ၈၂.၄ ဘီလီယံ တန်ပါတယ်။ အရင်နှစ်ကထက်စာရင် အောင်မြင်မှုနှုန်း -၅ ရာခိုင်နှုန်းကျသွားလို့ အရင်နှစ်က အဆင့် ၄ ချိတ်ခဲ့ရာကနေ အခုတော့ ၁ ဆင့် ကျသွားပါတယ်။ Verizon လိုပဲ သူလည်း ဆိုင်တချို့ ပိတ်သိမ်းလိုက်လို့ အောင်မြင်မှု လျော့နည်းသွားတာပါ။ ဖျော်ဖြေရေး ပစ္စည်းပိုင်းကို ပိုပြီး အားစိုက်လာခြင်းကလည်း အမြတ်ထက် အရင်းပိုများနေစေပါတယ်။
(၅) Facebook
လူမှုကွန်ယက်စနစ် Facebook ရဲ့ တန်ဖိုးက ဒေါ်လာ ၈၉.၇ ဘီလီယံလောက် ရှိနေပါတယ်။ အရင်နှစ်ကထက် တန်ဖိုး ၄၅ ရာခိုင်နှုန်းထိအောင် တက်လာပြီး နည်းပညာ ကုမ္ပဏီတွေထဲမှာတော့ လိုက်မီဖို့ ခက်တဲ့ အောင်မြင်မှု ဖြစ်လာပါတယ်။ အရင်နှစ်က အဆင့် ၉ ချိတ်ခဲ့ရာကနေ အခု အဆင့် ၅ ဖြစ်လာပါတယ်။ Facebook အသုံးပြုသူ တိုးတက်လာမှုက ကုမ္ပဏီကို အဓိက အောင်မြင်မှု ရရှိနေစေတာပါ။
(၄) Samsung
တောင်ကိုရီးယား အခြေစိုက် လက်ရှိ ကမ္ဘာမှာ ဖုန်းအများဆုံး ရောင်းချနေရတဲ့ အမှတ်တံဆိပ်က တန်ဖိုး ဒေါ်လာ ၉၂.၃ ဘီလီယံ တန်နေပါပြီ။ အရင်နှစ်ကထက် သူလည်း တန်ဖိုး ၃၉ ရာခိုင်နှုန်းထိအောင် မြင့်တက် အောင်မြင်လာပါတယ်။ အရင်နှစ်က အဆင့် ၆ ချိတ်ခဲ့ရာကနေ အခုတော့ ၄ ဖြစ်လာပါပြီ။ Galaxy တန်းဝင် ဖုန်းတွေရဲ့ အောင်မြင်မှုအပြင် Tablet, TV, အိမ်သုံးလျှပ်စစ်ပစ္စည်းတွေနဲ့ လုံခြုံရေးစနစ်တွေ ရောင်းအား ကောင်းမှုကြောင့် ဖြစ်ပါတယ်။
(၃) Google
အမှတ်တံဆိပ် တန်ဖိုး ဒေါ်လာ ၁၂၀.၉ ဘီလီယံ ရှိပါတယ်။ အဆင့် ၄ နေရာက Samsung နဲ့ တန်ဖိုးပမာဏ ပြတ်သွားပါတယ်။ အရင်နှစ်က အဆင့် ၁၊ ကမ္ဘာ့တန်ဖိုးအရှိဆုံး အမှတ်တံဆိပ် ဖြစ်ခဲ့ပေမယ့် အခုတော့ ၃ ဖြစ်သွားပါတယ်။ ဒါတောင် ၁ နှစ်အတွင်း တိုးတက်လာမှု တန်ဖိုး ၁ ရာခိုင်နှုန်း ရှိပါသေးတယ်။ ဒါပေမယ့် သူ့ရဲ့ Cloud ဝန်ဆောင်မှုလုပ်ငန်းမှာ ပြိုင်ဖက်တွေများလာလို့ အခုလို တန်ဖိုး ကျသွားတာလည်း ဖြစ်ပါတယ်။
(၂) Apple
ဈေးကွက်ထဲမှာ လူကြိုက်အများဆုံး iPhone တွေ ထုတ်လုပ်နေတဲ့ကုမ္ပဏီက တန်ဖိုး ၁၄၆.၃ ဘီလီယံ တန်နေပါပြီ။ အရင်နှစ်ကထက် တန်ဖိုး ၃၉ ရာခိုင်နှုန်း ထိအောင် မြင့်တက်လာလို့ အခုလို အဆင့် ၂ ဖြစ်လာတာပါ။ အရင်နှစ်ကနဲ့ အဆင့်အတူတူပါပဲ။ ၂၀၁၇ ခုနှှစ်အတွင်း တန်ဖိုး ၂၇ ရာခိုင်နှုန်း လျော့ကျခဲ့ပေမယ့် ၁ နှစ် အတွင်း ဈေးကွက်အောင်မြင်မှုရအောင် ကြိုးစားနိုင်ခဲ့တာ တွေ့ရပါတယ်။ သိရသလောက် နောက်နှစ်မှာလည်း အဆင့် ၂ နေရာကို ဆက်ထိန်းထားဖို့ Apple က ကြိုးစားနေတယ်လို့ ဆိုပါတယ်။
(၁) Amazon
ကျနော်တို့ဆီမှာ နည်းနည်းစိမ်းချင်ပေမယ့် ဒီအမှတ်တံဆိပ်က တန်ဖိုး ဒေါ်လာ ၁၅၀.၈ ဘီလီယံထိအောင် တန်ပြီး လက်ရှိကမ္ဘာမှာ တန်ဖိုးအကြီးဆုံး တံဆိပ်ပါ။ Facebook လောက် တိုးတက်မှုမရှိပေမယ့် ၁ နှစ်အတွင်း ၄၂ ရာခိုင်နှုန်း တိုးတက်အောင်မြင်လာသလို အရင်နှစ် အဆင့် ၃ ကနေ အခု အဆင့် ၁ ဖြစ်လာတာပါ။ ၂၀၁၇ အတွင်းကတည်း ၄၇ ရာခိုင်နှုန်းထိအောင် တန်ဖိုးမြင့်တက်ခဲ့ပြီး ၂၀၁၇-၁၈ ဆိုတဲ့ အခု ၂ နှစ် ကတော့ Amazon ရဲ့ အတောက်ပဆုံးကာလတွေ ဖြစ်နေပါတယ်။ အွန်လိုင်းကနေ ဈေးရောင်းတယ်။ ပြီးတော့ လျှစ်စစ် ပစ္စည်းတွေလည်း ထုတ်လုပ်ရောင်းချတယ်။ ဖျော်ဖြေရေးသုံး ပစ္စည်းတွေရော၊ အစားအစာလုပ်ငန်းဘက်ပါ လက်ရှိ ခြေဆန့်နေတာ တွေ့ရပြီး အောင်မြင်မှုကို ဆက်ထိန်းဖိ့ု ပြင်ဆင်နေတာ တွေ့ရပါတယ်။
www.businessinsider.com တွင်ဖော်ပြထားတဲ့ the 10 most valuable brands in the world ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။