မာယာပင်လယ်အော် ကမ်းခြေဟာ ထိုင်းနိုင်ငံရဲ့ အကျော်ကြားဆုံး ကမ်းခြေတခု ဖြစ်ပြီး လီယိုနာဒိုဒီပကာရီရဲ့ ရုပ်ရှင်ဇာတ်ကား တကားထဲက ဇာတ်ဝင်ခန်းတွေ ရိုက်ကူးခဲ့တဲ့ ရာနေရာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ခရီးသွားဧည့်သည်တွေ များပြားလွန်းပြီး သန္တာကျောက်တန်း ပျက်စီးစေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖီဖီ ကျွန်းလေးပေါ်က မာယာပင်လယ်အော်ကို ထိုင်းအာဏာပိုင်များက ယာယီပိတ်ပါလိမ့်မယ်။
ခရီးသွား အလာနည်းတဲ့ ဇွန်လကနေ စက်တင်ဘာအထိ ပိတ်ထားမှာ ဖြစ်ပြီး သန္တာကျောက်တန်းပြန်လည် အခြေအနေ ကောင်းလာမယ့် လုံလာက်တဲ့ ကာလမှာ ပြန်ဖွင့်ပေးနိုင်ဖို့ အာဏာပိုင်တွေက မျှော်လင့်ထားပါတယ်။
ဒီနေရာကို အခြေခံပြီး ရိုက်ကူးခဲ့တဲ့ “The Beach” ဇာတ်ကားဟာ ၂၀၀၀ ပြည့်နှစ်မှာ ရုံတင်ခဲ့ပြီး လီယိုနာဒိုဒီကာပရီယိုက ထိုင်းနိုင်ငံမှာ စွန့်စားစရာ ခရီးလာထွက်တဲ့ အမေရိကန် လူငယ်လေး အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။
မာယာပင်လယ်အော်ဟာ ဝင်ငွေကောင်းတဲ့ ရုပ်ရှင်တွေမှာ ထည့်သွင်း ရိုက်ကူးဖို့ ရှုခင်းကောင်းလှပြီး ကမ္ဘာလှည့် ခရီးသွားတွေ ကိုယ်တိုင် အစုလိုက်အပြုံလိုက် လာချင့်စဖွယ် ဆွဲဆောင်မှုလည်း ကောင်းပါတယ်။
ယခုအခါ အနီးအနားရှိ ဖူးခက်နှင့် ကရာဘီကျွန်းတွေ ကနေ တရက် ခရီးသွား ၅၀၀၀ လောက် လာရောက် နေတယ် လို့ ခန့်မှန်းရပြီး ကမ်းခြေတလျှောက် ရေထဲဆင်းစိမ်လို့ကောင်းပါတယ်။
ဒါပေမယ့် သဘာ၀ ပတ်ဝန်းကျင်ရေးရာ ကျွမ်းကျင်သူတွေ ကတော့ မာယာပင်လယ်အော်ကို ထိန်းသိမ်းရေး အတွက် လုံလောက်တဲ့ ကာလအထိ ပိတ်ထားဖို့ သတိပေးကြပါတယ်။
“ခရီးသွား လုပ်ငန်း ဝင်ငွေအပေါ်မှာ အားမကိုးလို့ ရတဲ့ အတွက် စံနမူနာ ဖြေရှင်းချက်ကတော့ အမြဲတမ်း ပိတ်သိမ်းဖို့ ပါပဲ” လို့ ဘန်ကောက်၊ ကာဆက်ဆာ့ထ် (Kasetsart) တက္ကသိုလ်မှ ရေကြောင်းပညာရှင် သွန်သန်မရောင်နဝါဆရာဝပ် (Thon Thamrongnawasawat) က Traveller.com သို့ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ ခရီးသွား လုပ်ငန်းမှာ မကြာသေးမီ နှစ်များက ဧည့် အဆမတန်များမှု (ပေါက်ကွဲမှု) ဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ဧည့်သည် ဦးရေ ၃၇ ဒသမ ၅ သန်းရှိမယ် လို့ မျှော်လင့်ထားပါတယ်။
သဘာ၀ သန္တာကျောက်တန်းများ ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် ယခင်ကလည်း တခြားကမ်းခြေတွေကို ထိုင်း အာဏာပိုင်တွေက ပိတ်ပစ်ခဲ့ဖူးပါတယ်။
၂၀၁၆ ခုနှစ်က ထိုင်းရေကြောင်းနှင့် ကမ်းရိုးတန်း သဘာ၀ ရင်းမြစ်များဌာနက ခိုခိုင်နော့၊ ခိုခိုင်နူးနဲ့ ခိုခိုင်နိုင်းအမည်ရှိ ကျွန်းတွေကို ပိတ်ထားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။
ဖူးခက်ရဲ့ အရှေ့ဘက် ကမ်းရိုးတန်းမှာ ရှိတဲ့ ကျွန်းသုံးကျွန်း အနီးက သန္တာကျောက်တန်းများ တဝိုက်မှာ ခရီးသွား ဧည့်သည်တွေ သွားလာလှုပ်ရှားမှု အားလုံး တားမြစ်ခဲ့ရပါတယ်။
ဧည့်သည်တွေ အဆင်ပြေအောင် ဆောက်လုပ်ထားတဲ့ တည်းခိုစရာတွေ၊ ကမ်းခြေထိုင်ခုံတွေ၊ နေရောင်ထီးတွေ၊ ကျွန်းတွေပေါ်က ဆိုင်ခန်းနဲ့ စားသောက်ဆိုင်တွေ အစရှိတဲ့ ခရီးသွား လုပ်ငန်း အသုံးအဆောင်တွေ ဖယ်ရှားခံရပါတယ်။
တဆက်တည်းမှာပဲ ဒီလအစောပိုင်းက ခရီးသွားတွေ အကြိုက်တွေ့တဲ့ ကမ်းခြေနေရာ ၂၄ ခုမှာ ဆေးလိပ်သောက်ခြင်း၊ အမှိုက်ပစ်ခြင်းတွေ တားမြစ်ကြောင်း ထိုင်းသဘာဝရေးရာ ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
ကပ္ပလီပင်လယ် ကမ်းရိုးတန်းနဲ့ ထိုင်းပင်လယ်ကွေ့ တလျှောက် ပြည်နယ် ၁၅ ခုမှာ ရှိတဲ့ ကမ်းခြေတွေကို ဥပဒေ ထုတ်ပြန်ပြီး ကာကွယ်စောင့်ရှောက် ထားပါတယ်။
ဘယ်သူမဆို ဥပဒေသစ်နဲ့ ငြိစွန်းရင် တရားစွဲ၊ ရုံးတင်စစ်ဆေးခံရမှာ ဖြစ်ပြီး ပြစ်မှုထင်ရှား စီရင်ခံရပါက ထောင်ဒဏ် ၁ နှစ်၊ ဒဏ်ငွေ ဒေါ်လာ ၃၁၉၀ (၂၃၀၀ ယူရို) (သို့မဟုတ်) ပြစ်ဒဏ် ၂ ခုစလုံး ဖြစ်စေကျခံရမှာ ဖြစ်ပါတယ်။ ။
ကိုးကား ။ ။ Daily Mail