ကမ္ဘာပေါ်က နိုင်ငံ အလိုက် အခွန်ကောက်ခံမှု ပုံစံ အမျိုးမျိုး ရှိကြသလို ကောက်ခံပုံနှုန်းလည်း မတူကြပါဘူး။ အဓိက အနေနဲ့တော့ အစိုုးရ ဘဏ္ဍာငွေ ရရှိမှု အတွက် အဓိက အရင်းအမြစ် ဖြစ်တဲ့ အခွန်ကို နှုန်းထားနဲ့ ပုံစံ မျိုးစုံ သတ်မှတ် ကောက်ခံနေတာ တွေ့နိုင်ပါတယ်။ အခု ပြောမှာကတော့ ဝင်ငွေ ရရှိမှု အပေါ်ကို အခြေခံပြီး အခွန်ကောက်ခံမှု အများဆုံး သတ်မှတ်ကောက်ခံနေတဲ့ နိုင်ငံ ၄ ခု အကြောင်းပဲ ဖြစ်ပါတယ်။
(၁) ဘယ်ဂျီယမ် (၄၂ ရာခိုုင်နှုန်း) ။ ။ ဘယ်ဂျီယမ်ရဲ့ နိုင်ငံ့စီးပွားရေးဟာ အခွန်ကောက်ခံမှု စနစ် ကျခြင်းနဲ့ အတူ အလျင်အမြန် တိုးတက်လာနေပါတယ်။ တဦးချင်း ဝင်ငွေ များများရလေလေ အခွန်ပေးဆောင်ရနှုန်း မြင့်မားလေလေ ဖြစ်ပါတယ်။ တချို့ဆိုရင် ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ထိ အခွန်ပေးဆောင်နေရပါတယ်။ ဒါတောင် Social Security ဆိုတဲ့ ပြည်သူ့လုံခြုံရေး အပိုင်း အတွက် အခွန်ပေးဆောင်ရမှု မပါရှိသေး ပါဘူး။
အဆိုပါ ပြည်သူ့ လုံုခြုံရေး အပိုင်းအတွက် အခွန် သီးသန့် ၁၃ ဒသမ ၀၇ ရာခိုင်နှုန်း ပေးဆောင်ရပါသေးတယ်။ ဒါပေမယ့် ဘယ်ဂျီယမ်သားတွေ အနေနဲ့ ဝင်ငွေထဲ ကနေ အများအကျိုးပြု အသုံးစရိတ်နဲ့ လုပ်ငန်း အတွက် စိုက်ထုတ်မှု စရိတ်တွေကို ဝင်ငွေထဲကနေ ပြန်လည် ဖယ်ထုတ်ပြီး အသားတင် ကျန်ရှိ ဝင်ငွေထဲကမှ အခွန်ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လက်ရှိမှာတော့ ဘယ်ဂျီယမ်က ဝင်ငွေ ရရှိမှု အပေါ် မူတည်ပြီး အခွန်ပေးဆောင်ရမှု အများဆုံး နိုင်ငံ အဖြစ် ရှိနေတာပါ။
(၂) ဂျာမနီ (၃၉ ဒသမ ၇ ရာခိုင်နှုန်း) ။ ။ ဂျာမနီလည်း ဝင်ငွေရနှုန်း များလေလေ အခွန်ပေးဆောင်ရနှုန်း များလေလေ ဖြစ်ပြီး အမြင့်ဆုံး ၃၉ ဒသမ ၇ ရာခိုင်နှုန်းထိ အခွန်ပေးဆောင်ရပါတယ်။ အရင်းအနှီးငွေ၊ ဝန်ထမ်းလစာ အသုံးစရိတ်၊ ထည့်ဝင် စိုက်ထုတ်ငွေ၊ လုပ်ငန်းပိုင်းဆိုင်မှု စတဲ့ အပိုင်းတွေ အတွက်ကိုပါ ထည့်သွင်းတွက်ချက်ပြီး အခွန်ကို စုပေါင်း ကောက်ခံတာ ဖြစ်ပါတယ်။
ထူးခြားမှု အနေနဲ့ ဂျာမနီမှာ Church Tax ဆိုတဲ့ ဘာသာရေး အခွန် ကောက်ခံမှု ရှိနေသေးပြီး သူ့ အတွက် ၈ ရာခိုင်နှုန်း ကနေ ၉ ရာခိုင်နှုန်းထိ ပေးသွင်းရပါတယ်။ ဒါပေမယ့် ကံကောင်းသွားတာက အရင်းအနှီးနဲ့ အသုံးစရိတ်တွေ အတွက် ဖယ်ထုတ်ခွင့် ရှိပြီး အသားတင် ကျန်ရှိ ဝင်ငွေ အပေါ်ကနေပဲ ကောက်ခံတာ ဖြစ်ပါတယ်။ အခွန်နှုန်းထား မြင့်ပေမယ့့် ဂျာမနီမှာ ကောင်းတာ တခုက ပညာရေးသင်ကြားမှု အပိုင်းမှာ အခမဲ့ ဖြစ်ပါတယ်။ ကျန်းမာရေး ကဏ္ဍမှာ ဆိုရင်လည်း အခွန်ပေးဆောင်သူတွေက ကျန်းမာရေး စရိတ်အတွက် အခွန်ပေးဆောင်ထားခြင်းက ပိုမို ကောင်းမွန်ပြီး သက်သာတဲ့ စောင့်ရှောက်မှုတွေ ရရှိတာလည်း တွေ့ရပါတယ်။
(၃) ဒိန်းမတ် (၃၆ ဒသမ ၁ ရာခိုင်နှုန်း) ။ ။ တကယ်တမ်း တဦးချင်း ပျမ်းမျှ အခွန်ပေးဆောင်ရမှုက ၄၅ ရာခိုင်နှုန်း ထိ ရှိပါတယ်။ ဝင်ငွေပိုကောင်းသူတွေ ဆိုရင် အများဆုံုး ၅၅ ဒသမ ၈ ရာခိုင်နှုန်းထိ အခွန် ပေးဆောင်ရတာတွေ ရှိပါတယ်။ ပြည်သူ့လုံခြုံရေး အသုံးစရိတ် အတွက် အခွန် ၂၇ ရာခိုင်နှုန်း၊ အသားတင် အမြတ်ကျန်ရှိမှု အတွက် ၄၂ ရာခိုင်နှုန်း၊ လုပ်ငန်းပိုုင်ဆိုင်မှု အစု အပေါ်က ရရှိတဲ့ အမြတ် အတွက် ၂၇ ရာခိုင်နှုန်း၊ ကျန်းမာရေး စောင့်ရှောက်မှု အပိုင်း အတွက် ၅ ရာခိုင်နှုန်း၊ စည်ပင်သာယာရေး အသုံးစရိတ် အတွက် အခွန် ၂၂ ဒသမ ၅ ကနေ ၂၇ ဒသမ ၈ ရာခိုုင်နှုန်း စသဖြင့် ခွဲခြား ကောက်ခံတာ တွေ့ရပါတယ်။
ဘာသာရေး အသုံးစရိတ် အတွက် ကောက်ခံမှု ရှိပေမယ့် ဂျာမနီလို မမြင့်မားပဲ ၁ ဒသမ ၄ ရာခိုုင်နှုန်းလောက်ပဲ ကောက်ခံပါတယ်။ အဆိုပါ ဘာသာရေး အခွန်ကတော့ အလှူအတန်းပုံစံ ဖြစ်ပါတယ်။ အခြားနိုင်ငံတွေက အခွန်တွေလို စရိတ်တွေ ဖယ်ထုတ်ပြီး အသားတင် ကျန်ရှိ ဝင်ငွေ အပေါ်ကနေပဲ ကောက်ခံခြင်း ဖြစ်ပါတယ်။
(၄) သြစတီးယား (၃၄ ဒသမ ၉ ရာခိုင်နှုန်း) ။ ။ ပျမ်းမျှ အခွန်ပေးဆောင်ရမှု မြင့်မားတဲ့ နိုင်ငံတခုပါပဲ။ ဒါပေမယ့် ဝင်ငွေ အပေါ် ပေးဆောင်ရခွန်တင် မဟုတ်ပဲ အခွန်မျိုးစုံ ပေါင်းလိုက်ရင်တော့ စုစုပေါင်း ၅၅ ရာခိုင်နှုန်းလောက် ပေးဆောင်နေရ ပါတယ်။ ရင်းနှီးမြှပ်နှံမှု အပေါ် မူတည်လို့ ၂၇ ဒသမ ၅ ရာခိုင်နှုန်း၊ ပြည်သူ့လုံုခြုံရေး အပိုုင်း အတွက် ၁၈ ရာခိုုင်နှုန်း၊ စသဖြင့် ခွဲခြား ပေးဆောင်ရတာတွေ ရှိပါတယ်။
အခွန်ပေးဆောင်ရမယ့် အထဲက လုပ်ငန်း အတွက် စိုက်ထုတ်ငွေတွေ၊ လုပ်ငန်းတိုးချဲ့စရိတ်တွေ၊ ကလေးအသုံးစရိတ်လို အပိုင်း အတွက် ကုန်ကျငွေတွေကို ပြန်လည် ဖယ်ထုတ်ပြီး အသားတင် ကျန်ငွေ အတွက် အခွန်ပေးဆောင်ရတာပါ။ အခွန် ပေးဆောင်သူတွေ အနေနဲ့ ကလေးစရိတ်၊ အလုပ်အကိုင်နဲ့ ဝင်ငွေရရှိမှု အပိုင်းတွေ အတွက် ပိုမို ကောင်းမွန်တဲ့ အစိုးရ ဆီက ခံစားခွင့်တွေ ရရှိတာလည်း တွေ့ရပါတယ်။
Ref: www.boredarticles.com