အလုပ်တခု ဝင်ပြီ၊ လုပ်ပြီ ဆိုရင်တော့ သေချာတာက အချိန်အတိုင်းအတာ တခု၊ ပေးဆပ်မှု တခုနောက်မှာ သင့် ရဲ့ ကြိုးစားမှု ရလဒ် ဖြစ်မယ့် ရာထူးတိုး ဆိုတဲ့ ပန်းတိုင် တခုတော့ ရောက်သင့်၊ ရသင့်တာပေါ့။ ဒါပေမယ့် လုပ်သက်ရှိတိုင်း၊ လူတိုင်း ရာထူးတိုးပါရဲ့လား။ ဘာကြောင့်ပါလဲ။
(၁) အသင်းအဖွဲ့ဝင်စိတ် မရှိခြင်း ။ ။ သေချာတာကတော့ ဝန်ထမ်း တဦးတည်း ခန့်ထားတဲ့ လုပ်ငန်းရယ်လို့ ရှိမှာ မဟုတ်ပါ။ အနည်းဆုံး အစုအဖွဲ့လေးကနေ ဆယ်နဲ့၊ ရာနဲ့ ချီတဲ့ ဝန်ထမ်းတွေ ပေါင်းစည်း လုပ်ကိုင်ရဖို့ ရှိပါတယ်။ ဒီတော့ လုပ်ငန်းသေးသည် ဖြစ်စေ၊ ကြီးသည် ဖြစ်စေ၊ မိမိ အပိုင်း၊ ဌာန၊ အဖွဲ့ အတွင်းမှာ မိမိက စိတ်ရော ကိုယ်ပါ ပါဝင် ဆောင်ရွက်ခြင်း ရှိဖို့ လိုအပ်ပါတယ်။
အချိန်ပို ဆင်းရတာ အတွက် သာတူညီမျှ ဆင်းရမယ်၊ အလုပ်တာဝန် တခုခုကို အနည်းဆုံး မိမိ တာဝန် မိမိ ကျေပွန်ရမယ်၊ ဖြစ်နိုင်ရင် တပါးသူကိုပါ ကူညီပေးနိုင်သူ၊ ကြိုးစားသူ အဖြစ် အထက်အရာရှိ၊ လုပ်ငန်းရှင်က သိစေဖို့ လိုပါတယ်။ အဖွဲ့လိုက် တစုံတခု ဆောင်ရွက်ဖို့ အတွက် ငြင်းဆိုတာတွေ၊ အဆင်မပြေကြောင်း ဆင်ခြေပေးတာတွေက အဖွဲ့ဝင်တွေ အနေနဲ့ရော အထက်လူကြီးကပါ သဘောမကျတာတွေ ဖြစ်စေနိုင်ပါတယ်။ အသင်းအဖွဲ့ စိတ်မွေးပါ၊ စုပေါင်း လုပ်ဆောင်ပါ၊ ကြိုးစားပါ။ ဒါဆိုရင်တော့ သင့် အနေနဲ့ ရာထူးတိုးဖို့ အခွင့်အလမ်း ပိုသာလာပါလိမ့်မယ်။
(၂) ခေါင်းဆောင်စိတ်ဓာတ်မရှိခြင်း ။ ။ သင့် အနေနဲ့ အဖွဲ့အတွင်းက နောက်လိုက် ရာထူးပဲ ရှိနေတဲ့တိုင် ခေါင်းဆောင် စိတ်ဓာတ် အမြဲ ရှိနေဖို့ လိုအပ်ပါတယ်။ မိမိရဲ့ နောက်လိုက်ကိုု အကောင်းဆုံး တွဲခေါ်ခြင်းတွေ၊ အဖွဲ့လိုက် လုပ်ဆောင်မှု အတွက် အနစ်နာခံ ပေးဆပ်ခြင်းတွေ၊ ပိုမို အားစိုက် လုပ်ဆောင်ခြင်းတွေ၊ တာဝန်ယူစိတ်၊ ခေါင်းခံလိုစိတ်တွေနဲ့ အသင်းအဖွဲ့ အတွက် ပေးဆပ်ပါ။
မိမိရဲ့ အနစ်နာခံ ပေးဆပ်စိတ်ကို သိသွားတာနဲ့ မိမိရဲ့ အဖွဲ့ဟာ လုပ်ငန်းခွင် အနေအထားကနေ မိသားစုပုံုစံ ဆက်ဆံရေး ဖြစ်သွားပါလိမ့်မယ်။ သင့်ရဲ့ တွဲဘက်တွေဟာ သင့်ကို အမြဲ သတိရနေပါလိမ့်မယ်။ သင့်ကို သဘောကျကြ ပါလိမ့်မယ်။ ဒီလိုနဲ့ ထောက်ခံမှု ပုံစံတွေ ဖြစ်လာမယ်။ သင့်ရဲ့ လုပ်ဆောင်ချက်နဲ့ ကြိုးစားမှုကို အထက်အရာရှိကလည်း ရိပ်မိလာပါ လိမ့်မယ်။ ဒါဆိုရင်တော့ သင့် အနေနဲ့ ရာထူးတိုးဖို့ အခွင့်အလမ်း ပိုကောင်းလာပါလိမ့်မယ်။
(၃) စိတ်ဓာတ်စစ်ဆင်ရေး လုပ်ဆောင်နိုင်မှု မရှိခြင်း ။ ။ တခါတလေမှာ လုပ်ငန်းခွင် အတွင်း ဝန်ထမ်း အချင်းချင်း အဆင်မပြေတာတွေ၊ လုပ်ငန်း အဆင်မပြေတာတွေ ရှိတတ်ပါတယ်။ ဒါဆိုရင် သေချာတာက ဝန်ထမ်းတွေဟာ အလုပ်က ထွက်ချင်စိတ် ဖြစ်လာပါလိမ့်မယ်။ ဒီလို အဆင်မပြေတိုင်းသာ အလုပ်ပြောင်းမယ် ဆိုရင် ဝန်ထမ်းတွေလည်း အလုပ်မြဲမှာ မဟုတ်သလို ကုမ္ပဏီ အနေနဲ့လည်း အဆင်မပြေမှုကို ရှိရင်းစွဲ ဝန်ထမ်းကောင်းတွေနဲ့ ကျော်ဖြတ် အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။
ဝန်ထမ်း အချင်းချင်း အဆင်မပြေမှု အတွက် အကောင်းဆုံးဖြစ်အောင် ကြားဝင် ဖြေရှင်းပေးတာတွေ၊ လုပ်ငန်းတခုလုံး အဆင်မပြေမှု အတွက် မိမိလစာ လျှော့ယူခြင်း ပုံုစံံ ဖြစ်စေ၊ ဝန်ထမ်း အချင်းချင်း လူမှုရေး ပြဿနာတွေကို ဝင်ရောက် ကူညီပေးခြင်း၊ လုပ်ငန်းခွင် ပျော်ရွှင်အောာင် အတတ်နိုင်ဆုံး ဖန်တီးပေးခြင်း၊ လုပ်ငန်း အတွက် အကျိုးဖြစ်စေမယ့် အကြံကောင်းတွေကို စဉ်းစား၊ ပြောဆိုု၊ ညှိနှိုင်းဆောင်ရွက်ခြင်းတွေ လုပ်ဆောင်ပေးသင့်ပါတယ်။ သင်ကိုယ်တိုင်လည်း ခေါင်းရှောင်ဖို့ မစဉ်းစားသင့်သလို ဝန်ထမ်းတွေလည်း အလုပ်ပြောင်းသွားမယ့့် အခြေအနေကို မဖြစ်စေပဲ စိတ်ဓာတ် စစ်ဆင်ရေးနဲ့ စည်းလုံးရေး၊ ပျော်ရွှင်ရေး၊ လုပ်ငန်းခွင် အောင်မြင်ရေးကို လုပ်ဆောင်မယ် ဆိုရင် သင့် အနေနဲ့ ရာထူးတို့ဖို့ အခွင့်အလမ်း ပိုလာစေပါတယ်။
(၄) လုပ်ငန်းခွင် အာရုံစူးစိုက်မှု နည်းခြင်း ။ ။ လူတိုင်းမှာ မိသားစုရေး၊ လူမှုရေး၊ စတဲ့ ပြဿနာတွေ ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Pro လို့ ခေါ်တဲ့ ကျွမ်းကျင်လုပ်သား တယောက်ဟာ လုပ်ငန်းခွင်၊ အလုပ်ချိန်မှာတော့ အလုပ်အပေါ် အာရုံစိုုက်မှု အပြည့်ရှိနေသင့်ပါတယ်။ အထက်အရာရှိ အနေနဲ့ရော တွဲဖက်တွေ အနေနဲ့ပါ သင့်ကို အချိန်တခုထိ ပေးပြီး နားစေ၊ ပျော်ရွှင်အောာင် နေစေတာတွေ ရှိပါလိမ့်မယ်။
လိုအပ်တာထက် ပိုပြီး အချိန်ကြာအောင် ကိုယ်ပိုင် ခံစားချက်ကို ရှေ့တန်းမတင်ပါနဲ့၊ လုပ်ဆောင်စရာ ရှိတဲ့ အလုပ် တာဝန်ကို အကောင်းဆုံး တာဝန်ယူ လုပ်ဆောင်ပါ။ အာရုံစိုက်မှု အပြည့် ရှိပါစေ။ အားလပ်ရက် ပိတ်ရက်တွေ အတွက် ပိတ်ရက် မတိုင်ခင် ရည်မှန်းချက် ကိုက်ညီအောင် အလုပ်လုပ်ပါ။ ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် လိုအပ်တဲ့ အချိန်ထက် ပိုပြီး အလုပ်ပေါ့လျော့မှု မရှိပါစေနဲ့။ သင်ဟာ တာဝန်ကျေသော ဝန်ထမ်းဆိုတာကို လူတိုင်း သိပါစေ။ ဒါဆိုရင်တော့ သင့် အနေနဲ့ ရာထူးတိုးဖို့ အခွင့်အလမ်းကောင်းကို ပိုင်ဆိုင်ထားနိုင်ပြီ ဖြစ်ပါတယ်။
Ref: www.businessinsider.com