SEAL Team 6 ကိုတော့ လူသိနည်းမယ် ထင်ပါတယ်။ တကယ်က ဒီအဖွဲ့ကို လူသိများတာက အမေရိကန် ရေတပ်ဆိုင်ရာ အထူး စစ်ဆင်ရေးအဖွဲ့ (United States Naval Special Warfare Development Group – DEVGRU) ဖြစ်ပြီး၊ Delta Force လို့ အလွယ်ခေါ်တဲ့ ဒယ်လ်တာအဖွဲ့ ကိုတော့ ကမ်းတပ် အထူးအဖွဲ့ လို့ ဆိုနိုင်ပါတယ်။ အမည် အပြည့်အစုံက 1st Special Forces Operational Detachment-Delta (1st SFOD-D) ဖြစ်ပါတယ်။
ဒီတော့ ရေတပ်နဲ့ပဲ ဆိုင်တဲ့ အခု အမေရိကန်တပ်ဖွဲ့ နှစ်ခုက အတူတူလား ဆိုတော့ မဟုတ်ပါ၊ ဒီအဖွဲ့ ၂ ခု အကြားမှာ မတူညီတာတွေ ရှိပါတယ်။ ဒီအဖွဲ့ ၂ ဖွဲ့လုံးကို အထူးတာဝန်တွေ ပေးအပ် အမိန့်ပေးနေတာက အမေရိကန် အထူး စစ်ဆင်ရေး ကွပ်ကွဲမှု ဌာနချုပ် (Joint Special Operations Command) က ဖြစ်ပါတယ်။ ကမ္ဘာ့ အကောင်းဆုံး အထူးအဖွဲ့ ၂ ဖွဲ့ရဲ့ ကွာခြားချက်ကို ပြောပြပါမယ်။
ရွေးချယ်မှု ။ ။ ဒယ်လ်တာအဖွဲ့ က စစ်သားပုံစံ တိတိကျကျ ဝတ်ဆင်တယ်၊ အဖွဲ့သားတွေကို သူတို့ ရေတပ်ထဲက ထက်မြက် သူတွေကို သင်တန်းပေးပြီး ရွေးချယ်တယ်။ ဒါပေမယ့် တခါတလေမှာတော့ National Guard လို့ ဆိုတဲ့ နိုင်ငံတော် ကာကွယ်ရေး တပ်ထဲကရော Coast Guard လို့ ဆိုတဲ့ ကမ်းခြေစောင့်တပ်ထဲက လူတော်တွေကိုပါ ခေါ်ယူ အားဖြည့်လေ့ ရှိတာ တွေ့ရပါတယ်။
Seal Team 6 ကတော့ ရေတပ်ထဲက လူတော်တွေကိုပဲ ရွေးချယ်ခေါ်ယူထားတာပါ။ တကယ်လို့ သင်တန်းခေါ်ပေးပြီး အဖွဲ့ အတွက် လူသစ်စုထားမှုမှာ သတ်မှတ်ချက်နဲ့ မကိုက်ရင်တောင် အဖွဲ့ထဲမှာတော့ ဆက်လက်ထားရှိပြီး အဆင်ပြေရာ တာဝန် ပေးအပ်ထားတတ်တာလည်း တွေ့ရပါတယ်။
လေ့ကျင့်မှု ။ ။ အဖွဲ့ ၂ ဖွဲ့လုံးကို Close Quarters Combat လို့ ဆိုတဲ့ ပြင်းထန်တဲ့ စခန်းသွင်း လေ့ကျင့်မှု ပေးထား ပါတယ်။ ကယ်ဆယ်ရေး၊ ပစ်ခတ်မှု သေချာ ကျွမ်းကျင်ရေး၊ နည်းပညာနဲ့ အထူး စစ်ဆင်ရေး ဆိုင်ရာ တာဝန်ထမ်းဆောင် နိုင်အောင် လေ့ကျင့် ပေးထား ပါတယ်။ အဲဒီကနေမှ နည်းနည်း ပြန်လည် ကွဲပြားသွားတာက ဒယ်လ်တာက ကုန်းကြောင်း စစ်ဆင်ရေး ပိုကောင်းအောင် လေ့ကျင့်ပေးထားပြီး Seal Team 6 က ရေကြောင်း စစ်ဆင်ရေး ပိုကောင်းအောင် လေ့ကျင့် ထားလေ့ရှိပါတယ်။
သင်ကြားမှု ။ ။ ဒယ်လ်တာ အဖွဲ့က အထက်မှာ ပြောခဲ့သလို တပ်စုံက လူတော်တွေကို ခေါ်ထားလို့ တဦးချင်းစီမှာ ကျွမ်းကျင်မှု တခုစီ တွေ့ရတတ်ပါတယ်။ ဒယ်လ်တာ အဖွဲ့ဝင် ဖြစ်ဖို့ လေ့ကျင့်နေချိန်မှာလည်း သက်ဆိုင်ရာ နယ်ပယ် အလိုက် ထူးချွန်မှု အတွက် ဆုတံဆိပ် ပေးအပ်တာတွေ ရှိပါတယ်။ စစ်ဘက်ရေးရာ အဓိက ခေါင်းစဉ် တခုတည်းကို ဦးတည် သင်ကြားပေးတာမျိုး မရှိပဲ ပညာစုံအောင် သင်ပေးလေ့ရှိပါတယ်။
Seal Team 6 ကတော့ ရေတပ်က လူကောင်းတွေပဲ စုထားသလို ရေလမ်းနဲ့ ဆက်စပ်တဲ့ စစ်ဆင်ရေး ပညာတွေကိုပဲ သင်ပေးပါတယ်။ ယခင် ရေတပ်ကထက် ပိုကောင်းတဲ့ လက်နက်၊ ဝတ်စုံ၊ နည်းပညာတွေ သုံးပြီး ပိုကောင်းအောင် သင်ပေးတယ် လို့ ဆိုပါတယ်။
တာဝန် ။ ။ အလွယ်တမ်း ပြောရရင်တော့ အထူးအဖွဲ့ ၂ ခုလုံးရဲ့ တာဝန်ထမ်းဆောင်နိုင်မှုက အထူးစစ်ဆင်ရေး အားလုံးနဲ့ အံဝင်ပါတယ်။ ဒါပေမယ့် Captain Phillips ရုပ်ရှင်ထဲကလို ကယ်ဆယ်ရေး လုပ်ငန်းတွေကို Seal Team 6 က ပိုပြီး တိကျအောင်မြင် အောင် လုုပ်ဆောင်ထားနိုင်တာ တွေ့ရပြီး ဒယ်လ်တာကတော့ Saddam Hussein နဲ့ Abu Musab Al-Zarqawi လို အလိုရှိသူ တွေကို ရှာဖွေ ဖော်ထုတ်ရေး လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ထားနိုင်တာ တွေ့ရပါတယ်။ ဒီတော့ Seal Team 6 က ကယ်ဆယ်ရေးပိုင်းမှာ ပိုကောင်းတယ်၊ ဒယ်လ်တာကတော့ ဖော်ထုတ် ရှင်းလင်းရေး အပိုင်းမှာ ပိုကောင်းတယ် လို့ ဆိုုရမှာပါ။
လူသိများမှု ။ ။ ကမ္ဘာ့ မီဒီယာထက်မှာတော့ ဒီအဖွဲ့ ၂ ဖွဲ့လုံးက ဆရာကျသူတွေ၊ ကျွမ်းကျင်သူတွေပဲ စုစည်းထားသူ တွေ အဖြစ် သိကြပါတယ်။ အဖွဲ့ဝင်တွေ ဘယ်သူ ဘယ်ဝါဆိုတာ သေချာသိဖို့လည်း နည်းနည်း ခက်ပါတယ်။ ဒီနေ့လူမှု ကွန်ရက်တွေ အဆင့်မြင့်လာ၊ အသုံးများလာတာက အဖွဲ့ဝင်တွေ အနေနဲ့ လူသိနည်းအောင် ကြိုးစားနေရသလို တာဝန်တွေ ကိုလည်း အရင်ကထက် ပိုပြီး လျှို့ဝှက်သိုသိပ် စွာ ထမ်းဆောင်တယ် လို့ သိရပါတယ်။
ဒီအဖွဲ့ ၂ ဖွဲ့မှာ ဒယ်လ်တာက နည်းနည်း လူသိခံတယ်၊ မီဒီယာနဲ့ နီးစပ်ပေမယ့် Seal Team 6 ကတော့ ပိုပြီး လျှို့ဝှက်တယ် လို့ ဆိုပါတယ်။ တာဝန်၊ အဖွဲ့နဲ့ ပတ်သတ်တဲ့ လူသိမခံချင်တဲ့ အကြောင်းအရာတွေကို ပြောမိ၊ ပေါက်ကြားစေမိရင် အဖွဲ့ ကနေ ထုတ်ပယ်ခြင်း ခံရတယ် လို့လည်း ဒယ်လ်တာ အဖွဲ့က တာဝန်ရှိသူ တယောက်ရဲ့ အဆိုအရ သိရပါတယ်။
Ref: www.businessinsider.com