ကမ္ဘာပေါ် သက်တမ်းအရင့်ဆုံး အရက်ထုတ်လုပ်တဲ့ ကုမ္ပဏီလည်းဖြစ်၊ ဈေးကွက်တိုင်းမှာ နာမည်ရနေတဲ့ အမှတ် တံဆိပ်လည်း ဖြစ်သလို ပြည်တွင်းမှာပါ ဂျော်နီလမ်းလျှောက်လို့ လူသိများတဲ့ Johnnie Walker အရက် ကုမ္ပဏီက အခုတော့ အမျိုးသမီးတွေ အတွက်ပါ ဂျင်းနီလမ်းလျှောက် (Jane Walker) အမည်နဲ့ စတင် ထုတ်လုပ်ရောင်းချတော့မှာ ဖြစ်တယ် လို့ မိတ်ဆက်လာတာ တွေ့ရပါတယ်။
စကော့တလန်မှာ အခြေစိုက်တဲ့ ဒီကုမ္ပဏီက အခု အရက်ပုံစံသစ်ကို အမျိုးသမီးတွေ သောက်သုံးဖို့ အတွက် အရသာ၊ အရည်အသွေးနဲ့ အနံ့တို့ကိုပါ အထူး ဖန်တီးထုတ်လုပ်ထားတာ ဖြစ်တယ်လို့ ဆိုသလို အထူးထုတ် ပုံစံနဲ့ လာမယ်လို့ ပြောပါတယ်။
Bloomberg သတင်းဌာနကို ပြောကြားချက် အရ ဆိုရင် အမည်ကိုလည်း Jane Walker အနေနဲ့ အသစ် ဖြစ်သလို အရင်က Johnnie Walker ပုလင်းတွေမှာ အမျိုးသားတဦး လမ်းလျှောက်ဟန် ရေးဆွဲ ဖော်ပြထားခြင်းကို အခု Jane Walker မှာ အမျိုးသမီးတဦး လမ်းလျှောက်ဟန် Logo အသစ်နဲ့ လာမှာလည်း ဖြစ်တယ် လို့ ပြောပါတယ်။
စကော့တလန်ထုတ် အရက်တွေဟာ ကမ္ဘာ အနှံ့မှာ အမျိုးသမီးတွေရဲ့ နှစ်သက်မှုကို ရထားပြီး အခုလို သူတို့ အတွက် သီးသန့် ထုတ်လုပ်လာမှုကတော့ ပိုကောင်းတဲ့ အရသာကို ခံံစား သောက်သုံးနိုင်မှာပါ လို့ Johnnie Walker ရဲ့ လက်ထောက် ဥက္ကဌ Stephanie Jacoby က Bloomberg ကို ပြောပါတယ်။
Johnnie Walker ကတော့ အခု အသစ် ထွက်ရှိလာတဲ့ Jane Walker Edition ကို တပုလင်း ၃၅ ဒေါ်လာနဲ့ ရောင်းချမှာ ဖြစ်ပြီး တပုလင်း ရောင်းချရတိုင်း ၁ ဒေါ်လာကို အမျိးသမီး အားကစားဆိုင်ရာ ထောက်ပံ့ရေး လိုအပ်ချက်တွေ အတွက် လှူဒါန်းသွားဦးမှာ ဖြစ်တယ် လို့ သတင်း ထုတ်ပြန်ထားတာလည်း တွေ့ရပါတယ်။
ကုမ္ပဏီကတော့ အလှူငွေ ဒေါ်လာ ၂ ဒသမ ၅ သိန်းနဲ့ အထက် ရမယ်လို့ ခန့်မှန်းထားလို့ အရက်ပုလင်း ၂ ဒသမ ၅ သိန်း အနည်းဆုံး ရောင်းချရမယ် လို့ ယူဆရပါတယ်။ ဒါဆိုရင်တော့ အရက်သောက်ရင်း အလှူငွေ ထည့်ဝင်ရသလို သဘောတော့ ဖြစ်လာစေသလိုပါ။
ပြည်တွင်းမှာ ဂျော်နီလမ်းလျှောက်ဆိုပြီး နာမည်ပြောင်ခေါ်တဲ့ Johnnie Walker အကြောင်း နည်းနည်း ပြောပြပါဦး မယ်။ စကော့တလန် အခြေစိုက် ဝီစကီ ကုမ္ပဏီ ဖြစ်ပြီး အခုတော့ စီးပွားရေး လုပ်ငန်းစုု Diageo က ပိုင်ဆိုင်ထားပါတယ်။ ကမ္ဘာမှာ ရောင်းအား အများဆုံး စကော့တလန် ဝီစကီ အဖြစ် ရပ်တည်နေပြီး ၂၀၁၆ ခုနှစ် အတွင်းက စာရင်းတွေ အရ တနှစ်ကို ကုမ္ပဏီထုတ် အရက် လီတာပေါင်း ၁၅၆ ဒသမ ၆ သန်းထိ ရောင်းချနေရပါတယ်။
White Label နဲ့ Platinum Label တွေကတော့ ဆက်လက် ထုတ်လုပ်ခြင်း မရှိတော့ပေမယ့် လက်ရှိမှာ ကုမ္ပဏီက Red Label, Black Label, Double Black Label, Swing, Swing Superior Label, Pure Malt Label, Green Label, Island Green Label, Gold Label, Gold Label Reserve, Johnnie Walker Aged 18 Years, XR 21, Oldest, Blue Label, Blue Label King George V, The John Walker, Odyssey Triple Malt စတဲ့ အမည်တွေနဲ့ အရက်ထုတ်လုပ် ရောင်းချ နေသူ ဖြစ်ပြီး အသစ် ထွက်လာမယ့် Jane Walker ပါ အရောင်းစာရင်း ဝင်လာမှာ ဖြစ်ပါတယ်။
ဒီအထဲမှာ Red Labelဆိုရင် ၁၉၄၅ ကနေ နောက်ပိုင်း စကော့တလန်ရဲ့ ရောင်းအား အကောင်းဆုံး ဝီစကီ ဖြစ်နေခဲ့တာပါ။ Black Label ဆိုရင် အနည်းဆုံး သက်တမ်း ၁၂ နှစ်ရှိ ဝီစကီကောင်းတွေ ပါ။ Double Black Label ဆိုရင် ၂၀၁၁ ဝန်းကျင်ကမှ ထွက်ရှိလာတာ ဖြစ်ပြီး Black Label ချက်လုပ်နည်း အတိုုင်း မုယောပိုထည့်ပြီး ထုတ်လုပ်ထားတာပါ။
Green Label က ၁၉၉၇ မှာ စတင် မိတ်ဆက် ရောင်းချတယ်၊ မူလ အမည်က Johnnie Walker Pure Malt 15 Year Old ပါ၊ ၂၀၀၄ ရောက်တော့ Green Label ဖြစ်လာပါတယ်။ အနည်းဆုံး သက်တမ်း ၁၅ နှစ်ရှိ ဝီစကီတွေပါ။ Gold Label ဆိုရင် အစပိုင်းမှာ အနည်းဆုံး သက်တမ်း ၁၈ နှစ်ရှိ ဝီစကီတွေ ဖြစ်ပြီး အခုတော့ ၁၅ နှစ်လောက်နဲ့ ထုတ်လုပ်ရောင်းချနေတာပါ။ Aged 18 Years ဆိုရင် မူလ အမည်က Platinum Label ပါ၊ အာရှ ဈေးကွက်မှာ Gold Label အစား ရောင်းချဖို့ ထုတ်လုပ် လာခြင်းပါ။
၂၀၁၇ နှစ်ဝက်ပိုင်းမှာ Platinum ထုတ်လုပ်မှု ရပ်နားလိုက်ပြီး လက်ရှိမှာ Aged 18 Years အမည်နဲ့ ရောင်းချနေတာပါ။ Blue Label ကတော့ ၁၉ ရာစုရဲ့ ဝီစကီ ချက်လုပ်နည်းနဲ့ အရသာကို ရအောင် ချက်လုပ် ရောင်းချတဲ့ ပုံစံပါ။ Blue Label ကို Limited အနေနဲ့ ၂၅ ကြိမ်လောက် ထုတ်လုပ်ရောင်းချဖူးတာ တွေ့ရသလို ဈေးကလည်း ဒေါ်လာ ၁၇၄ ကနေ ၄၅၀ အထိ ရှိပါတယ်။ ဒါက Johnnie Walker အကြောင်း နည်းနည်းလောက် သိထားရအောင် ပြောပြတာပါ။
ဘယ်လိုပဲ ဖြစ်ဖြစ် အမျိုးသမီးတွေ အတွက် အသစ် ထွက်လာတဲ့ Jane Walker ကတော့ ဈေးလည်း ချိုသလို အလှူလည်း ပါဝင်ရာ ရောက်မှာမို့ သဘောတော့ ကျစရာပါပဲ။
Ref: www.maxim.com