နှစ်တိုင်း Forbes မဂ္ဂဇင်းကနေ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းကို ထုတ်ပြန်လေ့ရှိပါတယ်။ ဒီနှစ် Forbes ရဲ့ စာရင်း ကနေ အသက် အငယ်ဆုံးနဲ့ အချမ်းသာဆုံး လူငယ် သန်းကြွယ်တွေကို ပြန်လည် ရွေးထုတ်ပြီး သူတို့ အကြောင်း ပြောပြပါမယ်။ ထူးခြားတယ် လို့ ဆိုရမှာက အခု ပြောမယ့် ၅ ယောက်ထဲက ၃ ယောက်ဟာ နော်ဝေနိုင်ငံက ဖြစ်နေတာပါ။
လက်ရှိ ကမ္ဘာ့အသက် အငယ်ဆုံး ဘီလီယံနာက အသက် ၂၁ ပဲ ရှိပါသေးတယ်။ သူ့ အမည်က Alexandra Andresen ပါ၊ သူ့ အစ်မ အသက် ၂၂ နှစ် အရွယ် Katharina ကလည်း ဘီလီယံနာပါပဲ၊ သူတို့ ညီအစ်မ နှစ်ယောက်က လက်ရှိမှာ တယောက်ကို အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံစီ ချမ်းသာကြပါတယ်။ လက်ရှိ ကမ္ဘာ့ အချမ်းသာဆုံးနဲ့ အသက် အငယ်ဆုံး ဘီလီယံနာတွေကို လေ့လာကြည့် ရအောင်ပါ။
(၅) ဂျွန်ကောလီဆင် (John Collison) ။ ။ အသက် ၂၇နှစ်ပဲ ရှိပါသေးတယ်။ သူ့ရဲ့ ချမ်းသာမှု အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ရှိပါတယ်။ ဟားဗက်တက္ကသိုလ် ကနေ ကျောင်းပြီးသူ ဖြစ်ပြီး Stripe ကို ပူးပေါင်း တည်ထောင် လုပ်ကိုင်နေသူပါ။ ဒီလုပ်ငန်းက အွန်လိုင်းကနေ ငွေပေးချေမှု လုပ်ငန်းဖြစ်ပြီး ၂၀၁၁ ခုနှစ်ကတည်းက သူ့ အကို Patrick နဲ့ ပူးပေါင်း တည်ထောင် လုပ်ကိုင်ခဲ့တာပါ။ အိုင်းရစ် လူမျိုး ဖြစ်ပြီး လက်ရှိမှာတော့ ကုမ္ပဏီ တည်ရှိရာ ဆန်ဖရန်စစ္စကိုမှာ နေပါတယ်။ Stripe လုပ်ငန်းဟာ တကယ်တမ်း ဒေါ်လာ သန်း ၁၅၀ လောက်နဲ့ပဲ လည်ပတ်နေတဲ့ လုပ်ငန်း တခု ဖြစ်ပေမယ့် ၂၀၁၆ ခုနှစ် နိုဝင်ဘာ အတွင်းက တန်ဖိုးသတ်မှတ်ချက်တွေ အရ လုပ်ငန်းက ဒေါ်လာ ၉ ဒသမ ၂ ဘီလီယံလောက်ထိ တန်ဖိုး ရှိနေပြီလည်း ဖြစ်ပါတယ်။
(၄) အီဗန်စပီဂယ် (Evan Spiegel) ။ ။ သူလည်း အသက် ၂၇ နှစ်ပဲ ရှိပါသေးတယ်။ ပိုင်ဆိုင်မှု ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံ ရှိပါတယ်။ နာမည်ကျော် ဓာတ်ပုံမျှဝေမှု App တခု ဖြစ်တဲ့ Snapshat ကို ပူးပေါင်း တည်ထောင်ခဲ့သူပါ။ ဒီ App ကို ၂၀၁၁ ခုနှစ်ကတည်းက သူနဲ့ စတန်းဖို့ တက္ကသိုလ် ကျောင်းနေဖက် Bobby Murphy နဲ့ ပူးပေါင်း လုပ်ကိုင်ခဲ့တာပါ။ ၂၀၁၇ ခုနှစ် မတ်လ အတွင်း Snap ကို ကုမ္ပဏီ အဖြစ် တည်ထောင်လိုက်ချိန်မှာတော့ Evan က အသက် အငယ်ဆုံး ကုမ္ပဏီ CEO ဖြစ်လာပြန်ပါတယ်။ လက်ရှိမှာ Snapchat ရဲ့ ရှယ်ယာ ၁၈ ရာခိုင်နှုန်းစီကို အီဗန်နဲ့ မာဖီတို့ အသီးသီး ပိုင်ဆိုင်ထား ပါတယ်။ Forbes ရဲ့ အခြား စာရင်းတွေ အရ Snapchat ဟာ ဒီနေ့ခေတ်မှာ နေ့စဉ် အသုံးပြုသူ သန်း ၁၇၀ လောက် ရှိနေပြီလည်း ဖြစ်ပါတယ်။
(၃) ဂတ်စတက်ဗ် မက်ဂ်နာဝစ်ဇိုး (Gustav Magnar Witzoe) ။ ။ အသက် ၂၄ နှစ်ပဲ ရှိပါသေးတယ်။ အမေရိကန် ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ချမ်းသာပါတယ်။ နော်ေ၀ အခြေစိုက် ငါးဖမ်း ကုမဏီ Salmar ရဲ့ ပိုင်ဆိုင်မှု ထက်ဝက်နီးပါး လောက်ထိအောင် သူပိုင်ထားပါတယ်။ ဒီကုမ္ပဏီက ကမ္ဘာပေါ်မှာ ဆော်လမွန်ငါး အများဆုံး ဖမ်းဆီး ထုတ်လုပ်သူတွေ ထဲက တခုပါ။ အခုထိအောင် Salmar မှာ ဂတ်စတက်ဗ်ရဲ့ ဖခင်က ပိုင်ဆိုင်မှုတွေ ရှိနေ၊ အလုပ်လုပ်နေဆဲ ဖြစ်ပြီး ၂၀၁၃ ခုနှစ် အတွင်းက လက်ရှိ ဂတ်စတက်ဗ်ရဲ့ ပိုင်ဆိုင်မှုတွေက သူ့ဖခင်က လက်ဆောင်ပုံစံ ပေးထားတာပါ။ လက်ရှိမှာ ဂတ်စတက်ဗ်က ငါးဖမ်းလုပ်ငန်းကို ဦးဆောင်နေတဲ့ အပြင် ရရှိတဲ့ အမြတ်အစွန်း တွေနဲ့ အဆင့်မြင့် အိမ်ယာ ဆောက်လုပ် ရေး၊ နည်းပညာ လုပ်ငန်းတွေထဲမှာလည်း ရင်းနှီးမြှပ်နှံမှုတွေ လုပ်ဆောင်ထားတာ တွေ့ရပါသေးတယ်။
(၂) ကက်ထရီးနား အင်ဒါဆင်း (Katharina Andresen) ။ ။ အသက် ၂၂ ပဲ ရှိသေးပြီး ပိုင်ဆိုင်မှု အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံလောက် ချမ်းသာပါတယ်။ ၂၀၁၇ ခုနှစ် နော်ဝေသတင်းလောကမှာ အရက်အလွန်အကျွံ သောက်သုံးပြီး ကားမောင်းနှင်မှုကြောင့် နော်ဝေငွေ ခရိုနာ ၂၅၀၀၀၀ (ဒေါ်လာ ၂၃၀၀၀) ဒဏ်ရိုက်ခံရလို့ နာမည်ကြီးခဲ့သူ ပါ။ လက်ရှိ ကမ္ဘာမှာ ဒုတိယမြောက် အသက် အငယ်ဆုံး ချမ်းသာသူလေးပါ။ Ferd လို့ အမည်ရှိတဲ့ မိဘပိုင် ကုမ္ပဏီရဲ့ ရှယ်ယာ ၄၈ ရာခိုင်နှုန်းကို အမွေရမှာ ဖြစ်ပြီး ဘီလီယံနာ စာရင်း ဝင်နေပါတယ်။ လက်ရှိမှာ သူမရဲ့ ဖခင် ဂျိုဟတ် (Johan) က ကုမ္ပဏီရဲ့ ၇၀ ရာခိုင်နှုန်း လုပ်ပိုင်ခွင့်ကို ကိုင်ထားပြီး ဦးဆောင်နေတာပါါ။
(၁) အလက်ဇန္ဒား အင်ဒါဆင် (Alexandra Andreson) ။ ။ အသက် ၂၁ နှစ်ပဲ ရှိသေးပြီး သူလည်း သူ့ အစ်မလို ပိုင်ဆိုင်မှု ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ရှိပါတယ်။ လက်ရှိ ကမ္ဘာမှာ အသက် အငယ်ဆုံး ဘီလီယံနာ အဖြစ် စာရင်းဝင်နေ ပါတယ်။ သူ အစ်မလိုပဲ Fred ကုမ္ပဏီ ကနေ အမွေ အနေနဲ့ ရှယ်ယာ ၄၈ ရာခိုင်နှုန်းလောက်ထိ ရမှာပါ။ ဒီကုမ္ပဏီက နော်ဝေ စတော့ဈေးကွက်မှာ အဓိက အရေးပါတဲ့ ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီ တခုလည်း ဖြစ်ပါတယ်။
Ref: www.businessinsider.com