တဖြည်းဖြည်းနဲ့ ပူပြင်းတဲ့ နွေရာသီ အချိန်ကာလကို ရောက်ရှိ လာပါပြီ။ ဒီနှစ် နွေရာသီမှာ ဘယ်လို ဒီဇိုင်းတွေနဲ့ နွေရာသီ ဖက်ရှင်အတွက် ပြင်ဆင်ထားလဲ။ Friday မဂ္ဂဇင်းကနေ ၂၀၁၈ ခုနှစ်၊ နွေရာသီမှာ ခေတ်စားလာမယ့် ဖက်ရှင် ရေစီးကြောင်းကို ချပြလိုက်ပါတယ်။
ပွင့်ရိုက် ဖက်ရှင်တွေနဲ့ နွေရာသီကတော့ ခွဲခြား မရတာ ထင်ရှားပါတယ်။ ပန်းပွင့်တွေ တထည်လုံး ရိုက်ထားတဲ့ အင်္ကျီတွေနဲ့ စကတ်တွေက ဒီနှစ် နွေရာသီမှာ နေရာယူနေဦးမှာပါပဲ။ ကြည့်လိုက်တာနဲ့ ပန်းရောင်စုံ ပွင့်နေတဲ့ ပန်းခြံလေးလို ခံစား မိစေမယ့် ဒီဇိုင်းမျိုးပါ။
နွေရာသီနဲ့ နောက်ထပ် လိုက်ဖက်မယ့် ဖက်ရှင်မျိုးက အရောင်နုနု ဗြောင်အင်္ကျီတွေပါ။ အဲဒီ ဖက်ရှင်ကလည်း နွေရာသီမှာ အပြင်ထွက်တိုင်း သင့်ကို လန်းဆန်းနုပျိုစေပါတယ်။ သကြားလုံးတွေလို၊ ရေခဲမုန့်လေးတွေလို အရောင်နုနု ဗြောင်အင်္ကျီ တထည်တော့ မဖြစ်မနေ ဆောင်ထားသင့်ပါတယ်။
အစင်းကြောင်းတွေ၊ Zips လိုင်းတွေ၊ ရေစုံခံအသားတွေနဲ့ ချုပ်ထားတဲ့ အင်္ကျီမျိုးတွေကလည်း သင့်အတွက် နွေရာသီ ဖက်ရှင်ကို ပိုပြည့်စုံသွားစေပါတယ်။ ဒီလို ဒီဇိုင်းမျိုးကတော့ သင်္ကြန်မှာ ရှိုးထုတ်ချင်တဲ့ လူငယ်တွေနဲ့ အံကိုက်ပါပဲ။
လူအများကြားမှာ ထင်ပေါ်နေစေမယ့် ကိုယ်ပိုင်ဟန်လည်းပါသလို အဲဒီလို ဒီဇိုင်းမျိုးကို ဝတ်မယ် ဆိုရင် နည်းနည်း သတိထားရပါတယ်။ ဒီလို ဒီဇိုင်းမျိုးက အဆင်ပြေရာနဲ့ တွဲဝတ်လိုက်ရင် ဖက်ရှင်မကျဘဲ ကြောင်တောင်တောင် နိုင်စေမယ့် ပုံစံမျိုးပါ။
ဂျင်း (Jeans) ဖက်ရှင်ဆိုတာ ဘယ်တော့မှ ရိုးသွားတယ်ဆိုတာ မရှိပါဘူး။ ဒီနှစ်တော့ ဂျင်းတွေကို အပေါ်၊ အောက် ဝမ်းဆက်ဝတ်မယ့် ဒီဇိုင်းမျိုးတွေ ပြန်ခေတ်စားလာဖို့ရှိပါတယ်။ အရင်လို ခေါင်းလောင်းပုံ ဒီဇိုင်းတွေ၊ ဂျင်းဂျက်ကတ်ကို ဂျင်းဘောင်းဘီနဲ့ တွဲဝတ်တာမျိုးတွေ စတဲ့ ခေါင်းအစ၊ ခြေအဆုံး မြင်တွေ့ရမယ့် ဂျင်းဖက်ရှင် ခေတ်ပါတဲ့။
အပေါ်မှာပြောခဲ့တဲ့ ဗြောင်အင်္ကျီတွေနဲ့ မတူ ကွဲထွက်နေမယ့် အရောင်တောက်တောက် ဒီဇိုင်းတွေလည်း ဖက်ရှင် ရေစီးကြောင်းပေါ် တကျော့ပြန်လာပါပြီ။ ကြည့်လိုက်တာနဲ့ သက်တံ့ ရောင်စဉ်တွေလို ထင်ပေါ်နေမယ့် အရောင် တောက်တောက်တွေကို တွဲစပ်ဝတ်ဆင်မယ့် ဒီဇိုင်းမျိုးတွေ ခေတ်စားလာဖို့ ရှိပါတယ်။
ဆက်စပ် သတင်းလင့်ခ် – အမျိုးသမီးများ နွေရာသီမှာ ဖက်ရှင်ကျကျ ဝတ်နိုင်မယ့် နည်းလမ်း ၇ သွယ်
Ref: Friday Magazine