သင့် ဝန်းကျင်က လူတွေဟာ အကြောင်းတခုခုကြောင့် သင့်ကို လိမ်ညာမှုတွေ လုပ်လာနိုင်ပါတယ်။ ဒါဆိုရင်တော့ သူတို့ရဲ့ အမူအယာ ပြောင်းလဲမှုတွေ ရှိလာပါလိမ့်မယ်။ ဒီလို အမူအယာတွေ တွေ့လာရင်တော့ သင့်ကို လိမ်ညာတော့မယ် ဆိုတာ သိထားပါ။ အခု ဆောင်းပါးကို ကယ်လီဖိုးနီးယား တက္ကသိုလ်၊ Hass စီးပွားရေးကျောင်းက စိတ်ပညာရှင် ဒေါက်တာ Leanne ten Brinke ရေးသားတဲ့ ဆောင်းပါးကနေ ယူထားတာ ဖြစ်ပါတယ်။
(၁) ဦးခေါင်းအနေအထား ချက်ချင်းပြောင်းသွားလိမ့်မယ် ။ ။ မေးခွန်းတခုခု မေးလိုက်တယ်၊ အဖြေစကား ပြန် မပြောခင် တပါးသူက သူ့ဦးခေါင်းကို လှည့်သွားတာမျိုး၊ မိမိကို မျက်နှာလွှဲသွားတာမျိုးက သင့်ကို လိမ်ညာတော့မယ့် လက္ခဏာ တခုပါ။ သင့်ရဲ့ မေးခွန်း၊ သင့်ကို ပြောမယ့် စကားလုံး အတွက် ရှောင်လွှဲခြင်း ဖြစ်ပါတယ်။
(၂) အသက်ရှုသံပြောင်းသွားလိမ့်မယ် ။ ။ သက်ပြင်းချသွားတာ၊ လေပူတွေ မှုတ်ထုတ်လိုက်တာ၊ စကားသံ လေးသွားတာ၊ အသက်ပြင်းပြင်း ရှုသွင်း၊ ရှုထုတ်လိုက်တာတွေက သင့်ကို လိမ်ညာတော့မယ့့် လူတယောက်ရဲ့ လက္ခဏာတခုပါ။ စကားသံလည်း အနည်းငယ် ပြောင်းလဲ သွားနိုင်ပါတယ်။
(၃) အရုပ်တခုလို ဖြစ်နေမယ် ။ ။ တပါးသူက သင့်နဲ့ စကားပြောနေချိန် အဝေးက အရာတခုခုကို လှမ်းကြည့်နေမယ်။ သင်နဲ့ စကားပြောနေ ပေမယ့် စိတ်မပါသလိုလို၊ သင့်ဆီမှာ သူ့ မျက်လုံးတွေ မရှိနေဘူး၊ နေထိုင်ပုံကလည်း အရုပ်တခုလို ဖြစ်နေမယ် ဆိုရင် သူဟာ သင့်ကို လိမ်ညာဖို့ ကြိုးစားနေတာ ဖြစ်နိုင်ပါတယ်။
(၄) စကားတွေ ထပ်နေမယ် ။ ။ ကတိစကားတွေပဲ ဖြစ်ဖြစ်၊ မလုပ်ပါဘူး၊ မဟုတ်ပါဘူး ဆိုတဲ့ အငြင်းစကားတွေပဲ ဖြစ်ဖြစ် ထပ်ခါထပ်ခါ ပြောနေခြင်းက သင့်ကို လိမ်ညာနေခြင်းရဲ့ လက္ခဏာတခုပါ။ စကား အမှန်ကိုပဲ ပြောသူတွေက အကြောင်းအရာ တခု၊ စကားလုံး တခုကို အကြိမ်ကြိမ် ပြန် မပြောတတ်ဘူး လို့ စိတ်ပညာ သဘောအရ ဆိုပါတယ်။
(၅) လိုတာထက် ပိုပြီး စကားတွေဖောင်ဖွဲ့နေမယ် ။ ။ အကြောင်းအရာ တခုခုကို ဟုတ်တယ်၊ မဟုတ်ဘူး ဆိုတာထက် ဘက်စုံ ထောင့်စုံကနေ စကားတွေ ဖောင်ဖွဲ့ပြီး သူလိုရာ ပန်းတိုင်ကို ရောက်ဖို့ ဆွဲခေါ်နေမယ်၊ ပြောနေမယ် ဆိုရင် သူဟာ သင့်ကို လိမ်ညာတော့မယ် ဆိုတာ သိထားဖို့ လိုပါတယ်။
(၆) ပါးစပ်ကို ဖုံးထားမယ် ။ ။ သင်တွေ့ဖူးပါလိမ့်မယ်၊ စကားပြောနေချိန် တဖက်လူက သူ့ရဲ့ လက်နဲ့ ပါးစပ်ကို ဖုံးထား၊ ကွယ်ထားတာ မျိုးပေါ့။ လက်နဲ့ ထောက်ပြီး မှီနေသလို၊ တီးတိုးစကားမျိုး ပြောနေသလို ဖြစ်ပေမယ့် စိတ်ပညာအရတော့ စကားပြောနေချိန် ပါးစပ်ကို လက်နဲ့ ဖုံးအုပ်ထားခြင်းက လိမ်ညာတတ်သူတွေရဲ့ အမူအကျင့် တခုလို့ ဆိုပါတယ်။
(၇) အားနည်းပျော့ပျောင်းတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အမြဲအလေးထား ဖုံးထားတတ်တယ် ။ ။ ဒါက လူတယောက်ရဲ့ စိတ်နေသဘောထားနဲ့ စိတ်ပညာအရ နေထိုင်တတ်မှု ပုံစံ ဆက်စပ်မှုပါ။ လိမ်ညာတတ်သူတွေဟာ သူတို့ ကိုယ်ခန္ဓာက အားနည်းတဲ့ အပိုင်း၊ ဥပမာ လည်ပင်း၊ ဝမ်းဗိုုက်၊ ဦးခါင်းလို နေရာတွေကို အလေးထား ကာကွယ် ဖုံးအုပ်ထား တတ်ပါတယ်။ လည်ပင်းမှာ ပုံမှန်ထက် မလိုအပ်ပဲ မာဖလာ စည်းထားတာမျိုး၊ ဦးခေါင်းမှာ လိုတာထက် ပိုပြီး ဦးထုပ် ဆောင်း၊ လိုတာထက် ပိုပြီး ဖုံးကွယ်ထားတာမျိုး လုပ်ထားတာမျိုးပါ။ ဒီလို ဖုံးကွယ်ပုံမျိုးကို သင်နဲ့ စကားပြောမယ့် အချိန်၊ သင့့်ကို လိမ်ညာမယ့် အချိန်မှာ ပိုပြီး လုပ်ထားရင် ပိုသိသာပါတယ်။
(၈) ခြေထောက်တွေ ဂနာမငြိမ်ဘူး ။ ။ မတ်တပ်ရပ်ရင်း စကားပြောနေတာပဲ ဖြစ်ဖြစ်၊ ထိုင်လျှက်ပဲ ဖြစ်ဖြစ် စကားပြောနေရင်း ခြေထောက်တွေက ဂနာမငြိမ် ဖြစ်နေမယ်၊ ထ,သွားချင်သလိုလို၊ ခြေထောက် တဖက်နဲ့ တဖက် ပွတ်တိုက် နေတာမျိုး စတဲ့ အငြိမ်မနေဘူး ဆိုရင် ဒီလူရဲ့ စိတ်မှာ သင့်ကို လိမ်ညာဖို့ ပြင်ဆင်နေတာ ဖြစ်နိုင်ပါတယ်။
(၉) ပြောရ၊ ဖြေရခက်မယ့် စကားတွေ ပြောလာမယ် ။ ။ ပုံမှန် စကားပြောနေရာကနေ တဖက်သူက သင့် အနေနဲ့ ဖြေရခက်မယ့်၊ ဆက်ပြောရ ခက်မယ့် စကားလုံးတွေ ပြောလာမယ်၊ စကားလုံး ကျပ်ကျပ်တွေ မေးလာမယ်၊ သူ့ဘက်က ချက်ချင်း အဖြေလိုချင် သလို ပြောလာမယ်၊ သင့့်ကို စကားလုံးနဲ့ ချောင်ပိတ်လာမယ် ဆိုရင်တော့ ဒါဟာ လိမ်ညာမှု အတွက်၊ ဖုံးကွယ်မှု အတွက် အစပျိုး လာခြင်းပဲ ဖြစ်ပါတယ်။
(၁၀) သင့်ကို စိုက်ကြည့်မယ် ။ ။ သင့်ကို လိမ်ညာတဲ့ စကားပြောနေချိန်မှာ သူတို့ရဲ့ မျက်လုံးက ပုံမှန် ရှိနေနိုင် ပေမယ့် တကယ် လိမ်ညာ စကားပြောပြီ ဆိုရင်တော့ မျက်တောင်ခတ်တာ နည်းသွားမယ်၊ စိုက်ကြည့်နေမယ်၊ စိတ် ခံစားချက် အရ သူတို့ကို သူတို့ စိတ်မလုံ သလို ဖြစ်လာပြီး သင့်ကို စိုက်ကြည့်နေတာပဲ ဖြစ်ပါတယ်။
(၁၁) သင့်ရဲ့ အားနည်းချက်ကိုဖိပြောမယ် ။ ။ သင့်ကို လိမ်ညာမယ့် သူတယောက်ဟာ သင့်ရဲ့ အားနည်းချက်ကို ဆက်တိုက် ဖိပြော လာပါလိမ့်မယ်။ သူ့ကို စကားနှုတ်လှန် မထိုးနိုင်လောက်သည် အထိပေါ့။ ပြီးရင်တော့ သူ လိမ်ညာ ချင်တဲ့ စကားကို ပြောပြီး သင့်ကို ညာပါလိမ့်မယ်။ ။
Ref: www.busienssinsider.com