Google ပူးတွဲတည်ထောင်သူ Larry Page ရဲ့ ကျောထောက် နောက်ခံပေးထားတဲ့ ပရောဂျက် တစိတ်တပိုင်း အနေနဲ့ မောင်းနှင်သူ မပါဝင်ဘဲ လေထဲမှာ ပျံသန်းနိုင်ငံတဲ့ အငှားယာဉ် တက္ကစီတွေကို နယူးဇီလန်နိုင်ငံမှာ စတင် စမ်းသပ်နေပြီး ထောက်ခံသူတွေကတော့ တကိုယ်တော်သယ်ယူပို့ဆောင်ရေးကို တခေတ် ပြောင်းနိုင်လိမ့်မယ်လို့ ပြောဆိုနေကြပါတယ်။
မတ်လ ၁၃ ရက်နေ့ နောက်ပိုင်းမှာ နယူးဇီလန်နိုင်ငံက စည်းကမ်းထိန်းသိမ်းသူတွေဟာ မစ္စတာ Page ရဲ့ ကုမ္ပဏီဖြစ်တဲ့ Kitty Hawk ကုမ္ပဏီ ဌာနခွဲ Zephyr Airworks ကို အနာဂတ်အတွက် ဝေဟင်အငှားယာဉ်တွေ စမ်းသပ်ထုတ်လုပ်ဖို့ အစီအစဉ်တွေ ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။
“Cora” လို့ခေါ်တဲ့ အဲဒီလျှပ်စစ်လေယာဉ်ရဲ့ တောင်ပံတွေမှာ တဒါဇင်လောက်ရှိတဲ့ လေရဟတ် အသေးလေးတွေ ပါရှိပြီး အဲဒါလေးတွေကြောင့် ယာဉ်ကို ထောင်လိုက် ပျံတက်နိုင်ဖို့ ရဟတ်ယာဉ်တစင်းလို ဆင်းသက်နိုင်ပါတယ်။ ဒါပေမယ့် ထုတ်လုပ်သူတွေကတော့ အဲဒီယာဉ်ပျံဟာ အသံကျယ်လောင်မှု မရှိဘဲ မြို့ပြဒေသတွေမှာ ဆင်းသက်ရာ နေရာအဖြစ် အိမ်ခေါင်မိုးနဲ့ ကားပါကင်တွေမှာ ခရီးသည်တွေကို သယ်ယူပို့ဆောင်နိုင်ပါတယ်လို့ ဆိုပါတယ်။
Zephyr အဖွဲ့အမှုဆောင်အရာရှိချုပ် Fred Reid က “လေထုညစ်ညမ်းမှုမရှိဘဲ၊ ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လွှတ်မှု မရှိဘဲ စိတ်ချရတဲ့ ပျံသန်းနိုင်တဲ့ ယာဉ်တခုကို ကျနော်တို့ ဆောင်ကျဉ်းပေးမှာပါ၊ သယ်ယူပို့ဆောင်ရေး အဆင့်ဆင့် ပြောင်းလဲမှုမှာ ယေဘုယျဆန်တဲ့ နောက်ထပ် ခြေလှမ်းတခုဖြစ်တယ်လို့ ကျနော် ထင်ပါတယ်” လို့ ပြောပါတယ်။
နယူးဇီလန်နိုင်ငံရဲ့ တောင်ပိုင်းကျွန်းမှာ စမ်းသပ်ခဲ့တဲ့ Cora အမျိုးအစား စမ်းသပ်ပုံစံဟာ ပျံသန်းမယ့် လမ်းကြောင်းကို တွက်ချက်ဖို့ ယာဉ်ပေါ်ပါ ကွန်ပျူတာ ၃ လုံးကို အသုံးပြုထားပြီး ခရီးသည် နှစ်ဦးကို သယ်ဆောင်နိုင်ပါတယ်။ အဲဒီ ကွန်ပျူတာတွေဟာ ဘေးကင်းလုံခြုံတဲ့ လုပ်ဆောင်ချက် အနေနဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပြီး တခုခု မှားယွင်းခဲ့မယ် ဆိုရင်တောင် ယာဉ်ပေါ်ကနေ လေထီးကို ထုတ်နိုင်ပါတယ်။
အရင်တုန်းက “Zee” လို့ သိကြတဲ့ အဲဒီ ယာဉ်ပျံဟာ အတိုင်းအတာ ကီလိုမီတာ ၁၀၀ အတွင်း တနာရီကို ကီလိုမီတာ ၁၅ဝ နှုန်းနဲ့ အမြင့် မီတာ ၉၀၀ အထိ တက်ရောက်နိုင်ပါတယ်။ အဲဒီ “Cora” ပရောဂျက်ကြောင့် လေကြောင်းပျံသန်း ခရီးသွားလာမှုဟာ လူသားတို့ရဲ့ နေ့စဉ်နေထိုင်မှု ဘဝကို ပိုမိုချောမွေ့စေနိုင်မယ့် အငှားယာဉ်ပျံ ဖြစ်လာနိုင်မှာပါ။
Ref ; cairnspost