အမေရိကန်ဟာ သမိုင်းတလျှောက် စစ်ပွဲပေါင်းများစွာ တိုက်ခိုက်နေတဲ့ နိုင်ငံ တခု ဖြစ်ပြီး၊ သူတို့ အနေနဲ့ ရှေ့တန်း စစ်မျက်နှာထွက် စစ်သည်တွေကို ပုံမှန် လစာပဲလား၊ အပိုထောက်ပံ့ကြေးတွေ ဘာတွေ ရပါသေးရဲ့လား၊ သမိုင်း တလျှောက် အမေရိကန် တိုက်လာခဲ့တဲ့ စစ်ပွဲတွေမှာ စစ်သားတွေ ဘယ်လောက်ရခဲ့ပါသလဲ။ ဒီအကြောင်း လေ့လာကြည့်ရအောင်ပါ။
(၁) တော်လှန်ရေးစစ်ပွဲ ။ ။ ၁၇၇၆ ခုနှစ် တုန်းက ဖြစ်ခဲ့တဲ့ ဒီစစ်ပွဲမှာ စစ်သား တယောက်ကို တလ ၆ ဒေါ်လာ ပေးပါတယ်။ စစ်ပြီးသည် အထိပေါ့။ ဒီနေ့ခေတ် ဈေးနဲ့ ဆိုရင် တလကို ၁၅၇ ဒသမ ၅၈ ဒေါ်လာ ရတာပါ။ ဒါပေမယ့် အဆိုပါ အချိန်က အစိုးရရဲ့ တည်မြဲတဲ့ ထောက်ပံ့မှု အားနည်းလို့ တချို့လည်း လစဉ် အဆိုပါ နှုန်းလောက် မရခဲ့ဘူးလို့ ဆိုပါတယ်။
(၂) ၁၈၁၂ ခုနှစ် စစ်ပွဲ ။ ။ အစပိုင်းမှာ စစ်သား တယောက်ကို တလ ၅ ဒေါ်လာ ပေးခဲ့ရာကနေ စစ်ပွဲနောက်ပိုင်းမှာ ၈ ဒေါ်လာ ပေးပါတယ်။ ပြီးတော့ ရာထူးအဆင့် အလိုက် စစ်ပြီးတော့ ၃၁ ဒေါ်လာနဲ့ မြေ ၁၆၀ ဧက ကနေ ၁၂၄ ဒေါ်လာနဲ့ မြေ ၃၂၀ ဧကထိ ပေးအပ်ပါတယ် တဲ့။ အဆိုပါ အချိန်က လစာ ၈ ဒေါ်လာက ၂၀၁၆ ဈေးအရ ၁၃၆ ဒသမ ၂၈ ဒေါ်လာ တန်ဖိုး ရှိပါတယ်။ ၅ နှစ်တာ ကြာခဲ့တဲ့ စစ်ပွဲ အတွင်း အပိုဆုကြေးတွေ၊ မြေဈေးတွေ ထည့်တွက်ရင် တယောက်ကို ၅၂၈ ဒသမ ၁၀ ဒေါ်လာကနေ ၂၁၁၂ ဒသမ ၄၀ ဒေါ်လာလောက်ထိ ရခဲ့ပါတယ် တဲ့။
(၃) မက္ကဆီကန် – အမေရိကန်စစ်ပွဲ ။ ။ အမေရိကန်စစ်သမိုင်း အရ တလကို ၇ ဒေါ်လာနဲ့ စစ်ထဲဝင်ခဲ့ရတဲ့ အချိန်ပါပဲ။ ၂၀၁၆ ငွေဈေး အရတော့ တလကို ၂၁၀ ဒသမ ၁၀ ဒေါ်လာနဲ့ စစ်မှုထမ်းရတာပါ။
(၄) ပြည်တွင်းစစ်။ ။ ၁၈၆၃ ခုနှစ်က ဖြစ်ခဲ့တဲ့ အခု စစ်ပွဲမှာတော့ စစ်သည်တွေဟာ တလကို ၁၃ ဒေါ်လာ ပြန်ပို့ နိုင်ခဲ့ပါတယ်။ ဒီနေ့ဈေးနဲ့ ဆိုရင်တော့ ၂၃၇ ဒသမ ၅၁ ဒေါ်လာပေါ့။ မဟာမိတ်ဘက်က စစ်သည်တွေကတော့ ၁၁ ဒေါ်လာပဲ ရကြတယ်လို့ ဆိုပါတယ်။ အဆိုပါ အချိန်က အမေရိကန် နှစ်ပိုင်း ကွဲနေချိန် မဟာမိတ်အမေရိကန်က သူတို့ ကိုယ်ပိုင်ငွေ ထုတ်လုပ် အသုံးပြုတယ်၊ စစ်ထဲ ဝင်တိုက်ပေမယ့် အခြေအနေ မလှခဲ့ဘူး လို့လည်း သိရပါတယ်။
(၅) စပိန် – အမေရိကန်စစ်ပွဲ ။ ။ မြို့ပြစစ်ပွဲမှာ လိုပဲ အခု စစ်မှာလည်း အမေရိကန်စစ်သားတွေ တလ ၁၃ ဒေါ်လာပဲ ရကြပါတယ်။ ဒါပေမယ့် အဆိုပါ အချိန်က ငွေဈေး မြင့်နေလို့ အခုအချိန်မှာ ဆိုရင် တလကို ၃၅၆ ဒသမ ၂၆ ဒေါ်လာ အထိ ရကြတာပါ။
(၆) ပထမ ကမ္ဘာစစ် ။ ။ ၁၉၁၇ မှာ စစ်ထဲ စဝင်ဝင်ချင်း အခြေခံ စစ်သည်၊ အကြပ်အဆင့်တွေက ပျမ်းမျှ တလကို ဒေါ်လာ ၃၀ လောက် ရပါတယ်။ ဒီနေ့ခေတ် ငွေဈေးနဲ့တော့ ၅၅၈ ဒသမ ၁၂ ဒေါ်လာပါ။ ဒါပေမယ့် ဒီစစ်ပွဲဟာ အမေရိကန် စစ်သားတွေ အတွက် ပထမဆုံး အသက်အာမခံကြေး ရရှိတဲ့ စစ်ပွဲ ဖြစ်လာပါတယ်။ အမေရိကန် အစိုးရ၊ အသက်အာမခံ အဖွဲ့က စစ်ပွဲတွင်း သေဆုံးနဲ့ ဒဏ်ရာရသူတွေ အတွက် အာမခံကြေး ကောင်းကောင်း ပေးခဲ့တယ် လို့လည်း သိရပါတယ်။
(၇) ဒုတိယ ကမ္ဘာစစ် ။ ။ ၁၉၄၄ ခုနှစ် စစ်အတွင်းမှာ စစ်သည်တွေဟာ တလကို ဒေါ်လာ ၅၀ နဲ့ စစ်တိုက်ခဲ့ကြပါတယ်။ ၂၀၁၆ ခုနှစ် ဈေးအရ တလကို ၆၇၆ ဒသမ ၅၁ ဒေါ်လာ ရခဲ့တာပါ။ စစ်အတွင်း ဖက်ဆစ်တွေက သူတို့ရဲ့ စစ်သားတွေကို အခုထက် ပိုတဲ့ လစာတွေ ပေးခဲ့တယ် လို့ သိရပေမယ့် အမေရိကန်စစ်သားတွေ ကတော့ သိပ် မရခဲ့ကြပါဘူး။
(၈) ကိုရီးယားစစ်ပွဲ ။ ။ ၁၉၅၂ ခုနှစ် စစ်အတွင်းမှာ အနိမ့်ဆုံး စစ်သားကိုတောင် တလ ၇၈ ဒေါ်လာ ပေးလာပြီး ၂၀၁၆ ခုနှစ် ဈေးနှုန်း အရ တလ ၇၀၀ ဒသမ ၉၂ ဒေါ်လာ ရပါတယ်။ ရှေ့တန်းထွက်တဲ့ စစ်သားတွေကို နည်းနည်း လစာ ပိုပေးတာ တွေ့ရပြီး တလ ၈၃ ဒသမ ၂၀ ဒေါ်လာ (ယခု ၇၄၇ ဒသမ ၆၄) လောက်ထိ ရပါတယ်။ ပြည်ပ စစ်မြေပြင်စရိတ် အတွက် ဆိုပြီး ၈ ဒေါ်လာလောက် ပိုပေးတာလည်း တွေ့ရပါတယ်။
(၉) ဗီယက်နမ်စစ်ပွဲ ။ ။ ၁၉၅၂ ခုနှစ်ကနေ ၁၉၅၈ ခုနှစ် အတွင်း စစ်သားတွေကို လစာ ပိုမပေးဘဲ ကိုရီးယားစစ်ပွဲမှာ လို အတူတူ တလ ဒေါ်လာ ၇၀ လောက်ပဲ ပေးခဲ့တယ် လို့ သိရပါတယ်။ ရှေ့တန်းထွက်နေတဲ့ စစ်သားသစ်တွေ ဆိုရင် ကိုရီးယားမှာ ဒေါ်လာ ၈၀ ကျော်ရပေမယ့် ဗီယက်နမ်မှာတော့ ၇၈ ဒေါ်လာ (ယခု ၆၄၂ ဒသမ ၇၁)လောက်ပဲ ရတယ် လို့ ဆိုပါတယ်။ ရှေ့တန်းမှာ ၄ လ နေသူတွေကိုမှ တလ ၈၃ ဒသမ ၂၀ (ယခု ၆၈၅ ဒသမ ၅၆) ဒေါ်လာ ထိ ပေးတယ် လို့ ဆိုပါတယ်။
(၁၀) ပါရှန်းပင်လယ်ကွေ့စစ်ပွဲ ။ ။ ဆဒ္ဒမ်ဟူစိန်နဲ့ ရင်ဆိုင်ဖို့ အတွက် စစ်သားတွေကို တလ ၇၅၃ ဒသမ ၉၀ ဒေါ်လာ ထိ ပေးပြီး တိုက်ခိုက်ခဲ့ပါတယ်။ အနည်းဆုံး ရှေ့တန်းမှာ ၄ လ နေရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ၄ လ ပြည့်အောင် ရှေ့တန်းမှာ မနေသူတွေကိုတော့ တလ ၆၉၇ ဒသမ ၂၀ ဒေါ်လာပဲ ရတယ် လို့ ဆိုပါတယ်။ ၂၀၁၆ ခုနှစ် ငွေဈေးနဲ့ တွက်ရင် တလကို ၁၂၁၈ ဒသမ ၉၈ ဒေါ်လာကနေ ၁၃၁၈ ဒသမ ၁၂ ဒေါ်လာလောက်ထိ ရခဲ့တာပါ။
(၁၁) အာဖဂန်/အီရတ်စစ်ပွဲ ။ ။ ၂၀၀၃ ခုနှစ်မှာ အမေရိကန်တပ်တွေ အီရတ်ကို ခြေပြန်ချတယ်၊ အာဖဂန်ကိုရော ပေါ့။ ဒီကာလမှာ စစ်သားတွေ လစာ နည်းနည်း ပိုရလာပြီး ရှေ့တန်း ၄ လ မထွက်သူတွေကို တလ ၁၀၆၄ ဒသမ ၇၀ ဒေါ်လာ ပေးတယ်၊ ၄ လပြည့်အောင် ရှေ့တန်းမှာ နေရင်တော့ ၁၁၅၀ ဒသမ ၈၀ ဒေါ်လာ ပေးတယ် လို့ ဆိုပါတယ်။ ဒါဟာ ၂၀၁၆ ခုနှစ် ခေတ်ဈေးနဲ့ ပြန်တွက်ရင် တလကို အနည်းဆုံး ၁၃၇၇ ဒသမ ၉၃ ဒေါ်လာကနေ ၁၄၈၉ ဒသမ ၃ ဒေါ်လာထိ ရခဲ့တာပါ။
Ref: www.businessinsider.com