မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဖြစ်တဲ့ MPT မှ မြန်မာနိုင်ငံရဲ့ နာမည်ကြီးအနုပညာရှင်များ၊ ထင်ပေါ်ကျော်ကြားသူများ အကြောင်းကို နေ့စဉ်မပြတ်၊ အကန့်အသတ်မရှိ ဖတ်ရှုနိုင်မယ့် Cele Club လို့ အမည်ရတဲ့ Application အသစ်ကို စတင် မိတ်ဆက်လိုက်ပါတယ်။
MPT မှ Contents Hub Services ကုမ္ပဏီ လီမိတက်နဲ့ အတူ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး အဆိုပါ Application မှာ ပြည်တွင်းမှ နာမည်ကြီး အနုပညာရှင်များရဲ့ တနေ့တာလှုပ်ရှားမှုများ၊ Blogs များ၊ ရှိုးပွဲများနဲ့ အနုပညာလှုပ်ရှားမှု သတင်းများကို သတင်းဓာတ်ပုံများ၊ ဗီဒီယိုသတင်းများအဖြစ် ဖတ်ရှုခံစား ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
“Contents Hub ရဲ့ Cele Club ဆိုတာကတော့ ပုံမှန်မြင်တွေ့နေကျ လူမှုကွန်ရက်တွေလို မဟုတ်ဘဲ Celebrity တွေ အတွက် သီးသန့် ရပ်တည်ပေးနေတဲ့ ပရိသတ်တွေအကြား ရောက်လာပေးမယ့် ထူးထူးဆန်းဆန်း Portal Platform လေး ဖြစ်ပါတယ်။ သုံးနေကျ လူမှုကွန်ရက်တွေမှာ တင်မထားတဲ့ ဓာတ်ပုံလေးတွေ၊ ရိုက်ကွင်းပုံလေးတွေ ၊ ခရီးသွား မှတ်တမ်း လေးတွေ တခြား ဗဟုသုတဆိုင်ရာ အကြောင်းအရာတွေကို မြင်တွေ့ရမယ့် အပြင် တခြား Celebrity တွေရဲ့ ထူးခြားတဲ့ Talent တွေကိုပါ ဗီဒီယိုတွေကိုပါ မြင်တွေ့ရမှာ ဖြစ်ပါတယ်” လို့ Contents Hub မှ ဒါရိုက်တာ မချောစုအောင်က ပြောပါတယ်။
Cele Club ဟာ မြန်မာနိုင်ငံမှ ပြည်တွင်း နာမည်ကြီးအနုပညာရှင်များရဲ့ သတင်းများကို ဖော်ပြပေးမယ့် မြန်မာ့ပထမဆုံး လူမှုကွန်ရက် Application တခုလို့လည်း ဆိုပါတယ်။ Cele Club Application ကို အသုံးပြုလိုသူများအနေနဲ့ MPT ဖုန်းနံပါတ်ဖြင့် 8441 သို့ “CELE” လို့ စာတိုရေးကာ ပေးပို့ရမည်ဖြစ်ပြီး MPT မှ အဆိုပါ Application ဒေါင်းလော့ လုပ် ရယူနိုင်မယ့် လင့်ခ်ကို ပြန်လည် ပေးပို့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် Cele Club Application ကို လိုတရဝက်ဘ်ဆိုက် cc.lotayamm.com နဲ့ Google Play Store တို့မှာလည်း အခမဲ့ ရယူနိုင်မယ်လို့ သိရပါတယ်။ အသုံးပြုသူများအနေနဲ့ Celebrity တဦးအတွက် တရက်လျှင် ဝန်ဆောင်ခ ၉၉ ကျပ် ၊ Live Streaming Video တခုအတွက် ငွေကျပ် ၁၅၈ ကျပ် ကျသင့်မယ်လို့ သိရပါတယ်။
အသုံးပြုသူများအနေနဲ့ လက်ရှိ Cele Club Application မှာ မြန်မာနိုင်ငံမှ နိုင်ငံကျော် အနုပညာရှင်များနဲ့ ထင်ရှား ကျော်ကြားသူများ ဖြစ်ကြတဲ့ Celebrity ၁၀ ဦး “နီနီခင်ဇော်၊ ခင်ဝင့်ဝါ၊ အေးဝတ်ရည်သောင်း၊ ထွန်းထွန်း၊ ကျော်ကျော်၊ Kelvin Kate၊ မေရတီဇော်၊ ဖြိုးပပ၊ Tyron နဲ့ Russell” တို့ရဲ့ အနုပညာလှုပ်ရှားမှုများ၊ ဓာတ်ပုံနဲ့ ဗီဒီယိုများကို အဆက် မပြတ် ကြည့်ရှုခွင့် သိခွင့်ရမယ်လို့ ဆိုပါတယ်။
Cele Club Application စတင် မိတ်ဆက်ခြင်း အထိမ်းအမှတ်အနေနဲ့ မတ်လ ၁၆ ရက်နေ့မှ စတင်ကာ မတ်လ ၂၉ ရက် နေ့ အတွင်း Application ကို ရယူ အသုံးပြုသူများအတွက် တပတ်တာ အခမဲ့ အသုံးပြုခွင့် ပေးအပ်သွားမယ်လို့ သိရပါတယ်။