ဂျပန်နိုင်ငံက လက်ရှိထက် အမြန်ဆုံးနဲ့ စွမ်းဆောင်မှု စွမ်းရည်အမြင့်ဆုံး ကျည်ဆန်ရထားအသစ်အကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ “Shinkansen N700s or Shinkansen Supreme” လို့ နာမည်ပေးထားတဲ့ ကျည်ဆန်ရထား အသစ် စမ်းသပ်မှုတွေကို မတ်လကုန်မှာ လုပ်သွားမယ်လို့ သိရပါတယ်။
ကျည်ဆန်ရထား အသစ်ကို ဂျပန်နိုင်ငံ မီးရထားဗဟို (JR Tokai) က ထိန်းချုပ်စီမံမှာ ဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ တိုကျိုနဲ့ အိုဆာကာမြို့ကို ကျည်ဆန်ရထားလိုင်းအသစ်အနေနဲ့ ပြေးဆွဲသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ရထားရဲ့ အလျင်က လက်ရှိ ကျည်ဆန်ရထားတွေထက် မြန်လွန်းလို့ ညွှန်းဆိုစရာတောင် မရှိဘူးလို့ ဆိုပါတယ်။
အတွင်းပိုင်း အပြင်အဆင်ကိုလည်း ပုံမှန်မြင်တွေ့ နေကျထက် ပိုကောင်းအောင် ပြင်ဆင်ထားပြီး နေရာထိုင်ခင်းနဲ့ သုံးမယ့် ပစ္စည်းတွေကအစ သူမတူအောင် လုပ်ဆောင်သွားမှာပါလို့ JR Tokai ရဲ့ တာဝန်ရှိသူ တဦးက အဆာဟိရှင်ဘွန်း သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပြသွားပါတယ်။ “Shinkansen N700s” ကျည်ဆန်ရထားဟာ ဂျပန်ကျည်ဆန် ရထားတွေရဲ့ ခေတ်သစ် မျက်နှာစာကို ဖွင့်လှစ်ဖို့ ရည်ရွယ်ပြီး ထုတ်လုပ်နေတာပါလို့ ဆိုပါတယ်။
“N700s” စီးရီးအသစ်ဟာ အရင်ရထား ဟောင်းတွေထက် ခေါင်းပိုကွေး ညွတ်ထားပြီး ရွှေရောင် Supreme Logo တပ်ဆင် ပေးထားပါတယ်။ ပိုချွန်သွားတဲ့ ခေါင်းထိပ်ကြောင့် ပုံမှန်ထက် လေခွင်းအားကို ၂ ဆ ခံနိုင်ရည်ရှိပြီး လိုဏ်ခေါင်းထဲ ဖြတ်တဲ့အခါ အရင်ထက် ဆူညံသ ံပိုနည်းသွားလိမ့်မယ်လို့ သိရပါတယ်။
အတွင်းပိုင်းကို အဓိက ပြင်ဆင်လိုက်တဲ့ အချက် ၂ ချက်ကတော့ ခရီးသည်တွေ ထိုင်မယ့်ခုံတွေ အားလုံးမှာ လျှပ်စစ် ပစ္စည်းတွေ အားသွင်းနိုင်အောင် ပါဝါမီး ပလက်ပေါက်တွေ ထည့်ပေးထားတာပါ။ နောက်တချက်ကတော့ ရှေ့တိုး နောက်ဆုတ် လုပ်တဲ့အခါ ပိုညင်သာသွားပြီး ပထမတန်းစား ခုံတွေဆိုရင် ရှေ့ခြေထောက် ချဖို့နေရာ ၁၅ ရာခိုင်နှုန်းအထိ ကျယ်ဝန်းလာပါတယ်။
တွဲအသစ်တွေဟာ အရင် အဟောင်းတွေထက် အလေးချိန် ၁၁ တန်လောက် ပိုပေါ့လာသလို ပြင်ပကနေ သဘာဝလေ ရအောင် ပြင်ဆင်ထားလို့ စွမ်းအင်အသုံးပြုမှု ပိုနည်းသွားတယ်လို့ သိရပါတယ်။ ဆင်းခါနီးမှာလည်း ခရီးသည်တွေ သယ်ဆောင်လာတဲ့ ပစ္စည်းတွေ မေ့မကျန်အောင် သတိပေးတဲ့ စနစ်တွေကိုပါ ရထားတွဲတိုင်းမှာ ထားရှိသွားမှာလို့ သိရပါတယ်။
Ref: Know Files