မကြာခင်မှာ အားလုံး စောင့်မျှော်နေတဲ့ သင်္ကြန်ချိန်ခါကို ရောက်ပါတော့မယ်။ သင်္ကြန်ရေစိုစိုမှာ အလှမပျက် မြင်သူတိုင်း ငေးနေချင်ရင် ရေစိုခံမိတ်ကပ် ပစ္စည်းတွေနဲ့မှ အဆင်ပြေမှာပေါ့။ ဒါပေမယ့် ရေစိုခံ မိတ်ကပ်တွေဆိုတာ များသောအားဖြင့် နေ့စဉ် သုံးနေကျ မဟုတ်တဲ့ အတွက် စနစ်တကျ မသုံးတတ်ရင် ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။
ရေစိုခံ မိတ်ကပ်တွေနဲ့ အလှပြင်မယ့် ပျိုမေတွေ အတွက် ဆောင်ရန်၊ ရှောင်ရန်တွေကို ပြောပြပေးချင်ပါတယ်။ ရေစိုခံ မိတ်ကပ်ဆိုတာ သင်္ကြန်ပွဲတော်နဲ့ ကမ်းခြေသွားတဲ့ အခါမျိုးတွေမှာပဲ လိမ်းသင့်တာပါ။ နေ့စဉ် ဒါကိုပဲ လိမ်းနေမယ် ဆိုရင် သင့်မျက်နှာ အသားအရေ ထိခိုက်နိုင်ပါတယ်။ ရေစိုခံမိတ်ကပ်မှာ ပါတဲ့ ဓာတ်ပစ္စည်းတွေကြောင့် ပုံမှန် မိတ်ကပ်တွေထက် နေ့တိုင်း လိမ်းရင် ပိုထိခိုက်စေတာပါ။
အလှအပရေးရာ ကျွမ်းကျင်သူတွေကတော့ ရေစိုခံ မိတ်ကပ် လိမ်းမယ်ဆိုရင် မိတ်ကပ်နဲ့ အောက်ခံခရင်မ်တွေ ရောပြီး အဆီပြန် ကွက်မနေဘဲ တာရှည်ခံအောင် အောက်ခံအဖြစ် အဆီ မပါတဲ့ Moisturizer လိမ်းသင့်တယ်လို့ အကြံပေး ပါတယ်။ ဒါမှလည်း အဆီ မပါတဲ့ Moisturizer က မျက်နှာပေါ်မှာ စေးကပ် မနေဘဲ အလျင်အမြန် စိမ့်ဝင်သွားနိုင်လို့ပါ။
ရေစိုခံ မိတ်ကပ် လိမ်းမယ်ဆိုရင် ပုံမှန် မိတ်ကပ်တွေလို Primer သပ်သပ် ထပ်မလိမ်းပါနဲ့တော့။ နဂိုတည်းက ရေစိုခံ မိတ်ကပ်တွေက စိမ့်ဝင်မှု နှေးလို့ မျက်နှာပေါ်မှာ ခရင်မ်တွေ ထူထူထဲထဲကြီး ဖြစ်မနေအောင်ပါ။ ဒီလို အထပ်ထပ် လိမ်းနေတာထက် တခုတည်းနဲ့ အားလုံးပါတဲ့ Multitasking Formula သုံး ခရင်မ်တွေ ရှိနေပါပြီ။
မျက်ကပ်မှန် တပ်သူတွေနဲ့ မျက်မှန်သမားတွေက မျက်လုံးတဝိုက် အထိအခိုက် မခံနိုင်ပါဘူး။ သင်ဟာ မျက်မှန်သမား ဆိုရင် ရေစိုခံ အိုင်းလိုင်နာ၊ မျက်တောင် ကော့ဆေးတွေကို သေချာ ဂရုတစိုက် ရွေးချယ်ဖို့ လိုပါတယ်။ ပြန်ဖျက်တဲ့ အခါမှာလည်း နူးနူးညံ့ညံ့နဲ့ မျက်လုံး တဝိုက်ကို ဂွမ်းဖတ်လေးနဲ့ ပြန်ဖျက်ပါ။
မိတ်ကပ်တွေ လိမ်းပြီး အဆင့်ဆင့် စနစ်တကျ ပြန်ဖျက်ဖို့ ပျင်းတဲ့သူဆိုရင်တော့ ရေစိုခ ံမိတ်ကပ်ပစ္စည်းတွေ မသုံးသင့်ပါဘူး။ ရေစိုခံ မိတ်ကပ်တွေက တခြား ရိုးရိုးမိတ်ကပ်တွေထက် ဖျက်တဲ့အဆင့် ပိုများသလို သာမန်ထုတ် မိတ်ကပ် ဖျက်ဆေးနဲ့လည်း ဖျက်လို့ မရပါဘူး။ စနစ်တကျ မဖျက်ဘူးဆိုရင် ကြာလာတာနဲ့ ကျန်နေတဲ့ မိတ်ကပ် အကြွင်းအကျန်တွေကြောင့် ဝက်ခြံတွေ ထွက်နိုင်သလို အတင်းအားသုံးပြီး ဖျက်ရလို့ မျက်နှာပေါ် အရေးအကြောင်း ပိုဖြစ်စေပါတယ်။
ဆက်စပ် သတင်းလင့်ခ် – အမျိုးသမီးများအတွက် သဘာဝအတိုင်း လှပစေမယ့် မိတ်ကပ်ပြင်နည်း
Ref: Makeup.com