ကမ္ဘာပေါ်မှာ အခုချိန်ထိ ရှာဖွေ တွေ့ရှိထားပြီးတဲ့ သက်ရှိ မျိုးစိတ်ပေါင်း ၈ ဒသမ ၇ သန်းလောက်ထိ ရှိပါတယ်။ သက်ရှိတို့ သဘော အတိုင်း ရှင်သန်မယ်၊ ကြီးထွားမယ်၊ နောက်ဆုံးမှာ သေဆုံးမယ် ပေါ့။ ဒီအထဲမှာ ဘယ် သက်ရှိတွေက သက်တမ်း အကြာဆုံး နေထိုင်နိုင်ပါသလဲ ဆိုတာ လေ့လာကြည့်ရအောင်ပါ။
(၁၀) အမေရိကန်တောင်ပိုင်း ကြက်တူရွေး (Macaws) ။ ။ ရောင်စုံကြက်တူရွေးလို့လည်း ခေါ်ပါတယ်။ မျိုးကွဲပေါင်း ၁၉ မျိုး ရှိပါတယ်။ အဓိက အနေနဲ့တော့ မျိုးကွဲ ၃ ခုက အကောင်ရေ အများဆုံး တွေ့ရပါတယ်။ ကြက်တူရွေးတွေက အမြီး အရှည် လက်မ ၂၀ ကနေ ၄၂ လက်မလောက်ထိ ရှည်လျား ကြီးထွားနိုင်ပါတယ်။ သူတို့ဟာ အသက် နှစ် ၆၀ ကနေ နှစ် ၈၀ အထိ နေထိုင် ရှင်သန်နိုင်ပါတယ်။ အသက် ၃၀ ကနေ ၃၅ နှစ် အတွင်း သားပေါက်ပါတယ်။
(၉) အာဖရိကဆင် (African Elephants) ။ ။ အဓိက အနေနဲ့တော့ မျိုးကွဲ ၂ ခု ရှိပါတယ်။ L. Africana နဲ့ L. cyclotis မျိုးတွေ ဖြစ်ပါတယ်။ ဒီထဲမှာ L.Africana မျိုးတွေက ကိုယ်ထည် အကြီးမားဆုံး သက်ရှိတွေ အဖြစ် မှတ်တမ်းဝင် နေပါတယ်။ နားရွက် အရွယ်အစား ကြီးမားပြီး ခန္ဓာကိုယ် အပူချိန်ကို ထိန်းထားပေးနိုင်တဲ့ အဓိက အစိတ်အပိုင်း တခု အဖြစ် ပါရှိနေပါတယ်။ အာဖရိက ဆင်တွေဟာ ပျမ်းမျှ အသက် နှစ် ၇၀ လောက်ထိ နေထိုင်နိုင်ပါတယ်။
(၈) ဂါလာပါဂိုလိပ်ကြီး (Galapagos Giant Tortoise) ။ ။ ကမ္ဘာပေါ်က အကြီးဆုံး လိပ်မျိုးဖြစ်ပါတယ်။ ကမ္ဘာပေါ်က အပျင်းဆုံး သက်ရှိစာရင်းဝင် ဖြစ်ပြီး တစ်ရက်ကို ပျမ်းမျှ ၁၆နာရီလောက်ထိအောင် မှေးနေ၊ ငိုက်နေတတ်တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ အစာချေစနစ်နဲ့ ခန္ဒာကိုယ်ဖွဲ့စည်းမှု အရ အစာမစား၊ ရေမသောက်ရပဲ တစ်နှစ်လောက်ထိအောင် ရှင်သန်နိုင်တယ်လို့ ဆိုပါတယ်။ ပျမ်းမျှ အနေနဲ့ နှစ် ၁၀၀လောက် အသက်ရှင်နိုင်ပြီး စံချိန်တင် အနေနဲ့တော့ ၁၅၂နှစ်ထိအောင် ရှင်သန်နိုင်ခဲ့တဲ့ လိပ်ကြီးရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။
(၇) ပင်လယ်ငါးမွေထိုး (Eels) ။ ။ Anguilliformes နွယ်ဝင် ရေနေ သတ္တဝါ ဖြစ်ပြီး အဓိက မျိုးကွဲ ၄ ခု၊ အနွယ်ဝင် ၂၀၊ မျိုးစပ် ၁၁၁ မျိုးနဲ့ မျိုးစိတ်ပေါင်း ၈၀၀ လောက်ထိ ရှိပါတယ်။ မျိုးစိတ်အပေါ် မူတည်ပြီး အရွယ် ၅ စင်တီမီတာ ကနေ အကြီးဆုံး ၄ မီတာလောက်ထိ ရှည်တဲ့ ငါးမွေထိုးတွေ ရှိပါတယ်။ အလေးချိန် အနေနဲ့လည်း မျိုးစိတ်အပေါ် မူတည်ပြီး ၃၀ ဂရမ်ကနေ ၂၅ ကီလိုဂရမ်လောက်ထိ ရှင်သန် ကြီးထွားနိုင်ပါတယ်။ သူတို့ဟာ နှစ်ပေါင်း ၁၅၀ လောက်ထိ ရှင်သန်နိုင်ပြီး ထူးခြားချက် တခုက သူတို့ရဲ့ ဘဝတလျှောက် အမ တကောင်ဟာ ဥပေါင်း ၄ သန်းကျော် ဥချခဲ့တယ် ဆိုတာပါပဲ။
(၆) ပုတ်သင်ကြီး (Tuataras) ။ ။ ပုတ်သင်ကြီးတွေမှာ ကမ္ဘာပေါ်မှာ ရှိလာခဲ့တာ နှစ်သန်း ၂၀၀ လောက် ရှိနေပြီ လို့ ခန့်မှန်းရပါတယ်။ အိမ်မြှောင်နဲ့ မြွေတွေရဲ့ ဆွေမျိုးရင်း ဖြစ်နိုင်တယ် လို့ သတ်မှတ် ခန့်မှန်းခံထားရပါတယ်။ ခေါင်းကနေ အမြီးထိ ၈၀ စင်တီမီတာ (၃၁ လက်မ) လောက် ရှည်ပါတယ်။ ၁ ဒသမ ၃ ကီလိုဂရမ်လောက် လေးပါတယ်။ တွားသွား သတ္တဝါတွေထဲမှာ ကြီးထွားမှု အနှေးဆုံး စာရင်းဝင်ပါတယ်။ အသက် ၃၅ နှစ်လောက် ရှိမှ အရွယ်ရောက်တာပါ။ နှစ်ပေါင်း ၁၅၀ လောက် ပျမ်းမျှ ရှင်သန်နိုင်ပြီး နှစ် ၂၀၀ လောက်ထိ ရှင်သန်နိုင်မယ် လို့ ခန့်မှန်းရပါတယ်။
(၅) အလှမွေးငါးတမျိုး (Koi) ။ ။ ပုံစံ၊ အရောင်အဆင်းနဲ့ လှပမှုတွေကြောင့် လူသိများ၊ လူမွေးများ ပါတယ်။ ဂျပန်မျိုးရင်းလို့ ဆိုကြပါတယ်။ မျိုးကွဲ အများအပြား ရှိပါတယ်။ အဖြူ၊ အနက်၊ အနီ၊ အဝါ၊ အပြာနဲ့ ပန်းရောင်လို အရောင်စုံ အကြေးခွံတွေနဲ့ပါ။ အစပိုင်းမှာ ဗဟိုဥရောပနဲ့ အာရှမှာ စတင်တွေ့ခဲ့တာပါ။ လေနဲ့ ရေထု အမျိုးမျိုးမှာ ရှင်သန်နိုင်စွမ်း ရှိပါတယ်။ ဆိုလိုတာကတော့ ပတ်ဝန်းကျင်၊ ရာသီဥတု၊ အပူချိန်နဲ့ ရေသိပ် မရွေးပါဘူး။ နှစ်ပေါင်း ၂၀၀ လောက်ထိ ရှင်သန်နိုင်တယ် လို့ ဆိုပါတယ်။
(၄) ဝေလငါးကြီးတမျိုး (Bowhead Whale) ။ ။ ၁၄ မီတာကနေ ၁၈ မီတာထိ ရှည်လျားကြီးထွားနိုင်တဲ့ ဝေလငါး တမျိုးပါ။ ၇၅ တန်ကနေ တန် ၁၀၀ လောက်ထိ အလေးချိန်ရှိပါတယ်။ မြောက်ဝင်ရိုးစွန်းနဲ့ ဆက်စပ် ရေစီးကြောင်းတွေ ထဲမှာပဲ နေထိုင်ပါတယ်။ အာတိတ်ဝေလငါး၊ ဂရင်းလန်းဝေလငါးတွေလို့ပါ ခေါ်ပါတယ်။ အမေရိကန်တွေက ပိုလာဝေလငါး၊ ရုရှဝေလငါးလို့လည်း ခေါ်ကြပါတယ်။ ပါးစပ်အကြီးဆုံး ငါးအဖြစ် မှတ်တမ်းဝင်နေပါတယ်။ နှစ် ၂၀၀ လောက်ထိ ပျမ်းမျှ နေထိုင်နိုင်ကြပြီး အဆိုပါ သက်တမ်းထက် ပိုပြီးလည်း ရှင်သန်နေနိုင်ဖို့ ရှိပါသေးတယ်။
(၃) ဂရင်းလန်းငါးမန်း (Greenland Shark) ။ ။ Somniosidae အနွယ်ဝင် ငါးမန်းနက်လို့ ခေါ်တဲ့ ငါးမန်းတမျိုးပါ။ ပစိတ်ဖိတ် ပင်လယ်နဲ့ ပင်လယ်တောင်ပိုင်းရေနယ်တွေမှာ ကျက်စားပါတယ်။ ငါးမန်းတွေထဲမှာ အသက် အရှည်ဆုံး နေနိုင်တဲ့ မျိုးစိတ်ပါ။ စာရင်းတွေ အရ ၂၇၄ နှစ်ထိ စံချိန်တင် အသက်ရှင်နိုင်ပါတယ်။ သူတို့ နေထိုင်တဲ့ ရေ အတိမ်၊ အနက် အပေါ် မူတည်ပြီး N-oxide တစ်ရှုးတွေ ဖြစ်နေပြီး အသားတွေက အဆိပ်သင့်စေတတ်ပါတယ်။ စားဖို့ မသင့်ဘူး လို့ ဆိုပါတယ်။
(၂) အာတိတ်ခရု (Arctica Islandica) ။ ။ မြောက်ဝင်ရိုးစွန်းမှာ တွေ့ရတဲ့ အခွံမာ ရေနေ ခရုတမျိုးပါ။ Articidae နွယ်ဝင် ဖြစ်ပါတယ်။ မြောက်အတ္တလန်တိတ် ပင်လယ် မျိုးရင်းပါ။ ဒေသအလိုက် အမည်ကွဲ ခေါ်ဆိုမှုတွေလည်း ရှိပါသေးတယ်။ အခွံက ဝိုင်းပြီး အနက်ရောင် ဆန်ပါတယ်။ အခွံပါ အရွယ်အစား ၅၀ မီလီမီတာလောက်ထိ အကြီးဆုံး ဖြစ်နိုင်ပါတယ်။ လေ့လာချက် တခု အရ စမ်းသပ် အာတိတ်ခရု တကောင်ဟာ သက်တမ်း နှစ်ပေါင်း ၅၀၇ နှစ်ထိ အကြာဆုံး နေထိုင်သွားခဲ့တာ တွေ့ထားရတယ် လို့ ဆိုပါတယ်။
(၁) မသေသော ငါးဖန်ခွက် (The Immortal Jellyfish) ။ ။ ဂျပန်ပင်လယ်ပြင်နဲ့ မြေထဲပင်လယ်အတွင်းမှာ တွေ့ရတဲ့ အခု ငါးဖန်ခွက်တွေက Godlike (နတ်ဘုရားအလား) လို့တောင် တင်စားခံရပါတယ်။ လေ့လာချက်တွေ အရ ထာဝရ အသက်ရှင်နိုင်မယ် လို့တောင် ယူဆကြပါတယ်။ ဆဲလ်ကွဲထွက်ခြင်းကနေ နောက်ထပ် သက်ရှိ ဖြစ်လာပြီး ရင့်သန်နေတဲ့ ဘဝကနေ ပြန်လည် ငယ်ရွယ်သွားကြတယ် လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ အကြီးဆုံး ဆဲလ်တွေကနေ ဆဲလ်ကွဲထွက်ပြီး အသက်ပြန်ငယ်သွားသလို ဆဲလ်ကွဲထွက်ခြင်း သံသရာလည် နေလို့ ဘယ်တော့မှ မသေနိုင်တာ လို့ ဆိုတာပါ။
Ref: www.wonderslist.com