ချစ်လို့ နှစ်သက်လို့ အိမ်ထောင်ပြု အတူနေလာခဲ့ပြီးမှ ကွာရှင်းပြတ်စဲဖို့ ဆိုတာတော့ ဘယ်သူမှ လိုချင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် နေ့စဉ်သတင်းစာတွေ၊ လူမှုကွန်ရက်တွေမှာ အိမ်ထောင်ပြိုကွဲတဲ့ သတင်းတွေ ဖတ်နေကြားနေရပါတယ်။ မိမိရဲ့ နေထိုင်မှု၊ အပြုအမူတွေက အိမ်ထောင်ပြတ်စဲ ကွာရှင်းဖို့ကို ဦးတည်စေတာမျိုးတွေ ဖြစ်လာနိုင်စေတဲ့ အကြောင်း အိမ်ထောင်ရေး သုတေသီတွေရဲ့ အကြံပြုချက်တွေ ပြောပြပါမယ်။ အခု ပြောမယ့် အချက်လေးတွေ မိမိတို့ အိမ်ထောင်ရေး မှာ ရှိနေရင်တော့ အကောင်းဆုံး ညှိပါ၊ နေထိုင်ပါ၊ ခရီးဆက်ပါ၊ ပြုပြင်ပါလို့ အကြံပြုထားပါတယ်။
(၁) ခံစားချက် မပါဘဲ ပြောဆို ဆက်ဆံခြင်း ။ ။ ပြောရရင် ဝတ္တရားတခုလိုပဲ မိမိ အိမ်ထောင်ဘက်ကို ပြောဆို ဆက်ဆံ နေပေမယ့် တကယ့် စိတ်ထဲက သူ့ကို မချစ်တာ၊ ပြောဆို ဆက်ဆံလိုစိတ် မရှိတာတွေက အိမ်ထောင်ရေး ပြတ်စဲဖို့ အားပေးသလို ဖြစ်စေပါတယ် လို့ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်က စိတ်ပညာရှင် Marina Feuerman က ပြောပါတယ်။
စကားပြောဆိုရာမှာပဲ ဖြစ်ဖြစ်၊ အချင်းချင်း တွေ့ထိ နေထိုင်မှုမှာပဲ ဖြစ်ဖြစ် မပတ်သက်ချင်ဘူး၊ မတတ်သာ လို့သာ ဆက်ဆံ နေရတယ် ဆိုရင် အိမ်ထောင်ရေးက ရေရှည် အဆင်ပြေဖို့ မလွယ်တော့ပါဘူးလို့ About.com ရဲ့ ပင်တိုင်ဆောင်းပါးရှင် Francesca Di Meglio ကလည်း ပြောပါတယ်။ မိမိအိမ်ထောင်ဘက်ကို ချစ်ပါ၊ ကြင်နာပါ၊ ခံစားချက်နဲ့ ပြောဆိုဆက်ဆံပါ။
(၂) ကလေးမယူချင်ဘူး ။ ။ တချို့ အိမ်ထောင်သည်တွေမှာ အမျိုးသားဘက်က၊ တချို့ကျတော့ အမျိုးသမီးဘက်က၊ ကလေး မယူချင်ကြပါဘူး။ ဒါပေမယ့် သားသမီး ဆိုတာ အိမ်ထောင်ရေးကို တည်မြဲ ခိုင်မာစေတဲ့ အရာ တခုပါ။ ဒီလိုပဲ မိမိရဲ့ အိမ်ထောင်ဘက်က ကလေးယူချင်ပါလျက်နဲ့ မိမိက ငြင်းဆိုထားတယ် ဆိုရင် ရေရှည်မှာ အဆင်မပြေ ဖြစ်နိုင်ပါတယ် လို့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်က အိမ်ထောင်ရေးအကျိုးဆောင် အတိုင်ပင်ခံ Lesli M.W.Doares က ပြောပါတယ်။ သားသမီး ရယူလိုက်ခြင်းဟာ အိမ်ထောင်သည် နှစ်ဦးအကြား ပိုမို ခိုင်မာတဲ့ ကြိုးတချောင်း ချည်နှောင်လိုက်ခြင်းလည်း ဖြစ်တယ် လို့ သူက ဆိုပါတယ်။
(၃) မိသားစုကို အချိန်ပေးမှု နည်းတယ် ။ ။ ဒီနေ့ခေတ်မှာ ဆိုရင် ဖုန်း အသုံးပြုမှု များလာတယ်၊ ဒီလိုနဲ့ မိမိ အိမ်ထောင်ဘက်ကို အချိန်ပေးမှု နည်းလာတတ်ပါတယ်။ တချို့လည်း အလုပ်၊ အဝေးရောက်နေလို့၊ မအားလပ်မှု တွေကြောင့် အိမ်ထောင်ဘက်ကို အချိန်ပေးမှု နည်းတတ်ကြပါတယ်။ ဒါဆိုရင်တော့ မိမိ အိမ်ထောင်ဘက်ကလည်း အနေအေးပြီး သာယာမှု မရှိဘဲ အိမ်ထောင်ရေး အဆင်မပြေ ဖြစ်တတ်သလို ကွာရှင်းသည် အထိ နောက်ဆက်တွဲ ရလဒ်တွေ ဖြစ်လာစေနိုင်ပါတယ်။
(၄) သံယောဇဉ်ရှိအောင် မနေထိုင်ခြင်း ။ ။ ဆိုလိုတာကတော့ အိမ်ထောင်ကျပြီးသည့် အချိန်ထိ ဇနီးသည်ကို သို့မဟုတ် ခင်ပွန်းကို မိမိပိုင် ပစ္စည်းလို သဘောမထားပဲ ချစ်သူ ဘဝက အချိန်ပေးသလို၊ ကြင်နာသလို၊ ဖြစ်နိုင်ရင် အဆိုပါ အချိန်တွေကထက် ပိုပြီးတော့ ကြင်နာသင့်ပါတယ်။ ပိုပြီး ဂရုစိုက်ပါ။ သေချာတာက သင့် အိမ်ထောင်ဘက်ဟာ သင်နဲ့ တသက်တာလုံး ဆိုးတူ ကောင်းဖက် အမြဲနေတော့မယ် သူဆိုတာ နားလည် လက်ခံပါ။ သံယောဇဉ်ကို ပိုမို ခိုင်မာအောင် နေုထိုင်မယ် ဆိုရင် ရေရှည်အတွက် ပိုပြီး အဆင်ပြေပါလိမ့်မယ်။
(၅) အရိုအသေမဲ့လာခြင်း ။ ။ မိမိက အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည် ဖြစ်စေ၊ အမျိုးသားဟာ အိမ်ထောင်ဦးစီး ဆိုတာ၊ ဇနီးသည် ဆိုတာ အိမ်ထောင်ထိန်း ဆိုတာ သူ့ အဆင့်လေးနဲ့ သူ ရှိပါတယ်။ အသက် အရွယ်တွေ၊ စီးပွားရှာနိုင်မှုတွေနဲ့ မဆိုင်ပါဘူး။ အချင်းချင်း အပြန်အလှန် လေးစားပါ။ ရန် မဖြစ်ပါနဲ့၊ မထီမဲ့မြင် မဆက်ဆံပါနဲ့။ ကိုယ်က သူ့ကို မလေးစားရင် ကိုယ့်ကိုလည်း ပြန်ပြီး လေးစားမှာ မဟုတ်ဘူး၊ ကိုယ်က မကြင်နာရင် သူကလည်း ပြန်ကြင်နာမှာ မဟုတ်ဘူး ဆိုတာ သိထားပါ။ မိမိ အိမ်ထောင်ဘက်ကို တန်ဖိုးထားပါ။ ဒါဟာ အချင်းချင်းရော ပတ်ဝန်းကျင်မှာပါ အရမ်းချစ်တဲ့ အိမ်ထောင်သည်တွေ အဖြစ် မြင်စေ၊ ကောင်းမွန်စေပါတယ်။
(၆) အိမ်ထောင်ရေး ဖောက်ပြန်ခြင်း ။ ။ ဒီအချက်ကတော့ အခုခေတ် အိမ်ထောင်ပျက်စီးစေမှု တွေထဲမှာ အဓိက အဖြစ် အများဆုံး အကြောင်းအရာပါ။ အိမ်ထောင်သည် တဦးဦးက ဖောက်ပြန်ပြီ ဆိုတာနဲ့ အချင်းချင်း သာယာမှု၊ အဆင်ပြေမှုပါ မရှိတော့ဘဲ သိသာတဲ့ ပြဿနာတွေပဲ ဖြစ်လာပါတယ်။ ဖောက်ပြန်သူကလည်း ဖောက်ပြန်ဖို့ပဲ တွေးနေတတ် သလို တဖက်သား အိမ်ထောင်ဘက် ကလည်း ဖောက်ပြန်မှုကို သိကတည်းက လက်ခံ ခွင့်လွှတ်ပေးဖို့ ခက်သွားစေပြီး အချင်းချင်း အဆင်မပြေမှုပဲ ပိုမို ကြီးထွားလာပြီး အိမ်ထောင်ရေး ပျက်စီးစေသည် အထိ ဖြစ်တတ်ပါတယ်။ အစကတည်းက အချင်းချင်း ချစ်ခင်ကြင်နာစွာ နေထိုင် ပေါင်းသင်းတာ အကောင်းဆုံးပါ။
(၇) လျှို့ဝှက်ခြင်း ။ ။ ချစ်ခင်နေချိန်ကလို ဘာလုပ်တယ်၊ ဘာဖြစ်တယ်၊ ဘာလိုချင်တယ်၊ ဘယ်လိုနေထိုင် သွားလာချင်တယ် ဆိုတာတွေ အတွင်းကျကျ ပြန်ပြော၊ လုပ်ဆောင်တာတွေ မရှိတော့ဘဲ နေတတ်သလို နေသွားခြင်းပါ။ မိမိရဲ့ အဆင် မပြေမှုကို ဖွင့်မပြောဘဲ ကိုယ်တိုင် ကျိတ်ဖြေရှင်းတယ်၊ အချင်းချင်း နှစ်ဦးကြား အဆင်မပြေမှုကို မရှင်းဘဲ စိတ်ထဲ တေးထားတယ်၊ တနည်းပြောရရင် ပွင့်လင်းမှု မရှိဘဲ လျှို့ဝှက်လာတယ်၊ ဒီလို ပြုမူ နေထိုင်ခြင်းက အိမ်ထောင်ရေး ကို ပျက်စီးစေတယ် လို့ About.com ရဲ့ အိမ်ထောင်ရေး ဆိုင်ရာ ဆောင်းပါးရှင် Cathy W. Meyer က ပြောပါတယ်။ ပွင့်လင်းပါ၊ ဆက်ဆံပါ။ လင်မယား အချင်းချင်း ထိန်ချန်စရာ ဘာမှ မလိုအပ်ပါဘူး။
(၈) အကြောင်းအရာ တခုကို ထပ်ကာထပ်ကာ ပြောဆိုခြင်း ။ ။ ခင်ပွန်းသည်က ဇနီးကို အသုံးကြီးလို့ ဆိုတာမျိုး၊ ဇနီးသည်က ခင်ပွန်းကို အရက်သောက်လို့ ဆိုတာမျိုးပေါ့။ အကြောင်းအရာ တခုကို နေ့တိုင်း မဟုတ်ရင်တောင် အဆိုပါ အကြောင်းနဲ့ပဲ ပတ်သတ်ပြီး စကားများ ရန်ဖြစ်မယ် ဆိုရင်တော့ ရလဒ်က မကောင်းနိုင်ပါဘူး။ အကောင်းဆုံး အဖြေက တော့ ခင်ပွန်း မကြိုက်တာကိုလည်း ဇနီးသည်က ပြင်ဖို့၊ ဇနီးသည် သဘောမကျတာ ကိုလည်း ခင်ပွန်းသည်က ပြင်ဖို့ပါ။ အထက်မှာ ပြောခဲ့သလို ပြဿနာ တခုခု ရှိနေရင် ဇနီးသည်က ဘယ်လောက်နဲ့ လောက်အောင် သုံးမယ် ဆိုတာ ညှိဖို့၊ ခင်ပွန်းသည်ကလည်း ဘယ်လိုပဲ အကန့်အသတ်နဲ့ အရက်သောက်မယ် ဆိုတာမျိုး ညှိပြီး အဆိုပါ ကိစ္စအတွက် နောက်ထပ် စကား မများရအောင် ပြင်ဆင်နေထိုင်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ။
Ref: www.rd.com