မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ မြန်မာစကားလိုပဲ၊ လူတယောက် အတွက် မျက်နှာအနေအထား တခုဟာ လှနေ၊ ချောနေဖု့ိ ဆိုတာထက် ချစ်ခင်စဖွယ်ဖြစ်နေဖို့တော့ လိုအပ်တာအမှန်ပါ။ လူတယောက်ရဲ့ စိတ်နေသဘောထားဟာ သူ့ရဲ့ မျက်နှာ အနေအထားနဲ့လည်း သက်ဆိုင်မှု ရှိတယ် လို့ လေ့လာချက်တွေ အရ သိရပါတယ်။ ဒီတော့ ဘယ်လိုမျက်နှာ အနေအထား သမားတွေက ဆက်ဆံရေး ဘယ်လို ရှိတယ် ဆိုတာ လေ့လာကြည့်ရအောင်ပါ။
၁။ အသည်းနှလုံးပုံစံမျက်နှာပိုင်ရှင် ။ ။ Archives of Sexual Behavior ဂျယ်နယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါးတပုဒ် အရ အမျိုးသားတွေမှာ ရော၊ အမျိုးသမီးတွေမှာရော မျက်နှာက အထက်၊ အောက် တိုတယ်၊ မျက်နှာပြင်ကတော့ ကျယ်တယ်၊ ဒီလို မျက်နှာရှည်တာထက် မျက်နှာ ပိုကျယ်သူတွေ၊ ခပ်ရေးရေးအသည်းနှလုံးပုံစံ မျက်နှာရှိသူတွေက အချစ်ရေးကို ဦးစားပေးသူတွေ၊ လိင်စိတ်လည်း များသူတွေလို့ ဆိုပါတယ်။
၂။ လေးထောင့်ကျကျ မျက်နှာပိုင်ရှင် ။ ။ အထူးသဖြင့်တော့ အခုလိုမျက်နှာမျိုးက အမျိုးသားတွေမှာ အတွေ့ရ များတယ် လို့ ဆိုပါတယ်။ မျက်နှာက လေ့ထောင့်ကျကျ ဖြစ်နေပါလိမ့်မယ်။ ASB ရဲ့ လေ့လာချက် တခုအရ ဒီလိုမျက်နှာ လေးထောင့်ကျကျ ရှိသူတွေက တက်တက်ကြွကြွနေတတ်သူတွေ၊ သူများရဲ့ အထက်မှာပဲ နေလိုသူတွေ၊ ဦးဆောင်မှု ကောင်းကောင်း ပေးနိုင်သူတွေလို့ ဆိုပါတယ်။
၃။ မျက်နှာဝိုင်းသူတွေ ။ ။ မျက်နှာဝိုင်းသူတွေကတော့ မျက်နှာမြင် ချစ်ခင်ပါစေလို့ ဆုတောင်း ပြည့်သူတွေလို့ ဆိုပါတယ်။ အပြစ်ကင်းတဲ့ မျက်နှာပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အိပ်ချိန်မှာ ဟောက်တတ်သူတွေ ဖြစ်ဖို့ များတယ် လို့လည်း ဆိုပါတယ်။ အသက်အရွယ်၊ ကျား၊ မ ကွဲပြားမှု၊ အဝလွန်ခြင်း စတဲ့ အချက်တွေနဲ့ အတူ Case Western Reserve University ရဲ့ လေ့လာချက် အရ မျက်နှာဝိုင်းသူတွေက တခြား မျက်နှာပိုင်ရှင်တွေထက် အပြစ်ကင်းတဲ့ မျက်နှာကို ပိုင်ဆိုင်ထားကြပေမယ့် အိပ်ရင် ဟောက်သူများတယ် လို့ ဆိုပါတယ်။
၄။ စိန်ပွင့်ပုံစံမျက်နှာပိုင်ရှင် ။ ။ ဆိုလိုတာကတော့ မေးစေ့ချွန်ချွန်၊ နဖူးချွန်ချွန်၊ ပါးတဝိုက်ပဲ ဖောင်းသူတွေပေါ့။ သူတို့ကလည်း ကံကောင်းတဲ့ မျက်နှာပိုင်ရှင်တွေပါပဲ။ တပါးသူတွေက အခုလို စိန်ပွင့်ပုံစံ မျက်နှာပိုင်ရှင်တွေကို မျက်နှာ မြင်တာနဲ့တင် ယုံကြည်မှု ရှိတတ်တယ် လို့ ဆိုပါတယ်။ ချောမောလှပတယ် လို့ ယူဆခံရတယ်၊ စိတ်ဓါတ် ခိုင်မာ ဖြူစင်တယ် လို့ မှတ်ချက်ပေး ရခံသူတွေပါလို့ Psychological Science မှာဖော်ပြထားတာ တွေ့ရပါတယ်။ တပါးသူကို လည်း ကူညီတတ်တဲ့ စိတ်ထားရှိသူတွေပါ။
၅။ ဘဲဥပုံမျက်နှာပိုင်ရှင် ။ ။ မျက်နှာဝိုင်းသူတွေနဲ့ စာရင် မျက်နှာ နည်းနည်း ပိုရှည်သူတွေပါ။ သင့် အနေနဲ့ မင်းသား၊ မင်းသမီး လုပ်မယ် ဆိုရင်တောင် ရနိုင်လောက်တဲ့ အလှမျက်နှာပိုင်ရှင်ပါပဲ။ ဘဲဥပုံမျက်နှာပိုင်ရှင်တွေက အများစုက လှပကြပါတယ်။ ဒါပေမယ့် သူတို့မှာ အားနည်းချက် တခုရှိပါတယ်။ အဲဒါကတော့ ပျင်းတာပါပဲ။ ဒါပေမယ့် မျက်နှာလေးက လှနေတော့ ပျင်းနေတာကို အပြစ်လို့ မပြောနိုင်လောက်အောင် ဖြစ်သွားရပါလိမ့်မယ်။
၆။ ထောင့်မှန်စတုဂံပုံု မျက်နှာပိုင်ရှင် ။ ။ လေးထောင့်ကျကျ မျက်နှာပိုင်ရှင်တွေလို့ အထက်မှာ ပြောခဲ့သူတွေထက် လေးထောင့်ကျ ပေမယ့် မျက်နှာ ပိုရှည်သူတွေပါ။ သူတိ့ုဟာ လေ့လာမိသလောက် ခေါင်းဆောင်တွေ အများစုရဲ့ သွင်ပြင်လို့ ဆိုပါတယ်။ စိတ်ဓာတ်လည်းခိုင်မာကြတယ်၊ တော်ကြတယ် ပေါ့။ တပါးသူကို ပညာ၊ စကား၊ ဦးဆောင်မှုတွေနဲ့ ကောင်းကောင်းထိန်းချုပ် ဦးဆောင်နိုင်သူတွေပါလို့ Psychological Science ရဲ့ ဆောင်းပါးတပုဒ်မှာ ဆိုထားပါတယ်။ တကယ့် လက်တွေ့ဘ၀ ကုမ္ပဏီ၊ လုပ်ငန်းတွေမှာလည်းအခုလို ထောင့်မှန်စတုဂံပုံစံ မျက်နှာရှိသူတွေရဲ့ ကုမ္ပဏီလုပ်ငန်းတွေက ပိုမိုအောင်မြင်မှု ရနေတယ် လို့ ဆိုပါတယ်။
၇။ မျက်လုံးပုံစံမျက်နှာပိုင်ရှင် ။ ။ မျက်နှာက ပုပြီး ဘေးကို မေးရိုးကားကားနဲ့ မျက်လုံးပုံစံ မျက်နှာပိုင်ရှင်တွေ ပေါ့။ တရုတ် အခြေစိုက် လေ့လာချက် တခုကို Psychology Today မှာ ဖော်ပြထားတဲ့ ဆောင်းပါးတပုဒ် အရတော့ ဒီလိုမျက်နှာ ပိုင်ရှင်တွေက လူချစ်လူခင် များသူတွေပါ တဲ့။ တပါးသူနဲ့ စကားအတိုက်အခံပြောတာတွေ မရှိဘူး၊ သဘောကောင်းတယ်၊ ညှိနှိုင်း ပြောဆိုတွဲဖက် လုပ်ကိုင်လို့လည်း ကောင်းတယ်၊ မျက်နှာလည်းရွှင်သူတွေ လို့ ဆိုပါတယ်။
Ref: www.rd.com